ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း အရေ အတွက် ၁ သန်းခွဲအတွက် လစဉ် လစာ ငွေကျပ် သုံးသောင်းစီ စတိုး

ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း အရေ အတွက် ၁ သန်းခွဲအတွက် လစဉ် လစာ ငွေကျပ် သုံးသောင်းစီ စတိုးပြီး တစ်လလျှင် ငွေကျပ်ဘီလီယံ ၄၅၀ ထပ်တိုးသုံးစွဲ

အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ယနေ့ ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ လစဉ် လစာ ငွေကျပ် သုံးသောင်းစီ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်သည်။

၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီကို စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိ ဝန်ထမ်းအရေအတွက်မှာ ၁ ဒသမ ၃ သန်းကျော်ရှိပြီး အငြိမ်းစားဝန်ထမ်းအရေအတွက်မှာလည်း ၃ သိန်းအထက်တွင်ရှိသဖြင့် ဝန်ထမ်း စုစုပေါင်း ၁ သန်းခွဲကျော်အတွက် လစဉ် ငွေကျပ် ဘီလီယံ ၄၅၀ ကျော် တိုးမြှင့်သုံးစွဲပြီဖြစ်ပြီး တစ်နှစ်လျှင် ငွေကျပ် ဘီလီယံ ၅၄၀၀ ကျော်မှ ငွေကျပ်ဘီလီယံ ၆၀၀၀ နီးပါး စစ်ကောင်စီက တိုးမြှင့် သုံးစွဲရမည်ဖြစ်သည်။

မူလကပင် မြန်မာနိုင်ငံ၏ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ တော်၏ ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ်ဘီလီယံ ၁ သောင်းအထက်တွင်ရှိနေရာ ယခု ဝန်ထမ်းနှင့်အငြိမ်းစားများ၏ လစာကို ထပ်မံတိုးမြှင့်လိုက်သဖြင့် ဘတ်ဂျက်လိုငွေပြမှုသည် ငွေကျပ်ဘီလီယံ ၂ သောင်းနီးပါးရှိလာမည်ဖြစ် ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကပင် စစ်အသုံးစရိတ်သည် ယမန်နှစ်ထက် ဆတိုးဖြစ်သွားပြီး ပြည် ထောင်စု၏ ကောက် ခံ ရရှိမည့် ဘဏ္ဍာငွေမှာမူ နယ်စပ်ကုန်သွယ်ရေးများအားလုံး ရပ်ဆိုင်းသွားခြင်း၊ အခွန် အကောက် ရရှိမှု လျော့နည်းလာခြင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှု အလွန် လျော့နည်းလာခြင်းတို့ကြောင့် ယမန်နှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေ ရရှိမှုထက် ထက်ဝက်ကျော် လျော့နည်းလျက်ရှိကြောင်း၊ သို့ရာတွင် ပြည်ထောင်စုတစ်ခုလုံး၏ အသုံးစရိတ်တွင်မူ စစ်အသုံးစရိတ် ၂ ဆနီးပါး မြင့်တက်သွားခြင်း၊ အရေး​ပေါ် အသုံးစရိတ်ကို ကိန်းရှင်ထား၍ သုံးစွဲနေခြင်းတို့ကြောင့် ယမန်နှစ် နိုင်ငံ့အသုံးစရိတ် အနည်းဆုံး၂ ဆ နီးပါး မြင့်တက်လာကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်တွင် ဝန်ထမ်းလစာတိုးမြှင့်မှု၊ စစ်အသုံးစရိတ် တိုးမြှင့်သုံးစွဲမှု အပါအဝင် စစ်ကောင်စီ၏ သုံးစွဲမှုများအတွက် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ဘီလီယံ ၂ သောင်းနီးပါး တိုးမြှင့်လာခြင်းလည်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top