လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်များက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ သေဆုံးခဲ့သည့်အပြင် ဆေးရုံတက်ကုသမှု ခံယူနေရသည့် စစ်အရာရှိကြီးတချို့ပါ တစ်ပါတည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဆေးရုံစောင့်တပ်နဲ့ မြောက်ပိုင်းတပ်တွေ ထိတွေ့မှုဖြစ်တော့ Drop bomb တွေ ဒရုန်းနဲ့ ချတယ်။ ကုတင် ၁၀၀ ဆေးရုံမှာ ဒဏ်ရာရ စစ်အရာရှိတွေနဲ့ စစ်သည်တွေ ရှိတယ်။ အခု ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲဖြစ်ပြီးတော့ ရင်ခွဲရုံမှာ အလောင်းတွေပုံ ပုပ်စော်တွေနံနေတယ်။ မီးပျက်၊ အအေးခန်းမရှိ၊ ဆေးကုသမှု ဆိုင်ရာ ဆေးဝါးတွေလည်း မရှိတော့ဘူး။ မြေမြှုပ်သဂြိုလ်ပေးမည့်သူမရှိဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အခြားသော စစ်ရေးသတင်းရင်းမြစ်တစ်ခုကမူ လားရှိုးစစ်ဆေးရုံ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် စစ်အရာရှိကြီးတချို့ ပါဝင်နေကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ ဗဟိုကင်းထဲအထိ မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး များမကြာမီ စစ်ကောင်စီတပ်စခန်းနှင့် တိုင်းစစ် ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်နိုင်ရန်ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်အတွင်း လားရှိုးမြို့နယ်စစ်ဆေးရုံကို သွားရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။