ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က ဝင်ရောက်တိုက်ခိုက်နေပြီး ဩဂုတ်လ ၂ ရက်နေ့ မနက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာချုပ်ကို ကိုးကန့်တပ် (MNDAA) က ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တိုင်းရုံးအနီး လေယာဉ်ကွင်း အနောက်ဘက်အခြမ်းအထိ ကိုးကန့်တပ်က ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဒီအပြင် စစ်တိုင်းရုံးနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ စစ်ဆေးရုံအနီးမှာလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။
“လေယာဉ်ကွင်းနဲ့ စစ်တိုင်းက ကပ်နေတာပဲ။ စစ်ဆေးရုံ၊ ထပရ (၆၂၆)၊ အမြောက်တပ်ဆိုတာ တိုင်းနဲ့ ကပ်နေတာ။ ကိုးကန့်တပ်တွေက လေယာဉ်ကွင်း အနောက်ရော၊ စစ်ဆေးရုံဘက်ကရော အဲဒီကနေ ရမခ ကို ဝင်တိုက်နေတာ။ ကျန်တဲ့နေရာတွေထက် အဲဒီနေရာတွေမှာ တိုက်ပွဲပိုဖြစ်နေတယ်”
ကိုးကန့်တပ်က အရှေ့မြောက်တိုင်း စစ်ဌာချုပ် လက်အောက်ခံတပ်ရင်းတချို့ကို သိမ်းပိုက်ထားသလို မြို့ပေါ်ရပ်ကွက်အများစုကိုလည်း သိမ်းပိုက်ထားတာကြောင့် စစ်တိုင်းရုံးနေရာတစ်ခုသာ ကျန်နေတော့တာပါ။
စစ်ကောင်စီဘက်က တိုင်းစစ်ဌာနချုပ် မကျရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းကနေ စစ်ကူတွေ ဆက်လွှတ်နေပြီး စစ်ကြောင်းတချို့ လားရှိုးမြို့ထဲကို ဝင်ရောက်လာနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးအခြေအနေ သိသူတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့အတွင်းမှာ တိုက်ပွဲဖြစ်နေတာ တစ်လကျော်ရှိလာခဲ့ပြီးနောက် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၇၀ ကျော် ရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် မြို့ပေါ် ရပ်ကွက်က နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ ၁၀၅ လုံး ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။