စစ်ကောင်စီရဲ့ ဂျမ်မာတွေကို ကျော်ဖြတ်ပျံသန်းနိုင်တဲ့ ဒရုန်းနည်းပညာကို ကရင်နီအခြေစိုက် ဝရဇိန် ဒရုန်းတပ်ဖွဲ့က တီထွင်ထားနိုင်ပြီး ရန်သူတွေ ကူးယူတုပလို့မရတဲ့ နည်းပညာတွေ ထည့်သွင်းထားတယ်လို့ ဝိရဇိန် ဒရုန်းတပ်ဖွဲ့က သိရပါတယ်။
ဝရဇိန်တပ်ဖွဲ့ရဲ့ တီထွင်ထားတဲ့ ဒရုန်းတွေဟာ စစ်ကောင်စီရဲ့ ဂျမ်မာတွေကို ကျော်ပြီး ပျံသန်းနိုင်ကြောင်းကိုလဲ ဇူလိုင်လ ၂၇ ရက်နေ့က မဲခေါင်သတင်းဌာနမှာ မိတ်ဆက်ခဲ့တာကြောင့် ပြည်သူတွေနေနဲ့လည်း ရန်သူဖက်က ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
“ကျနော်တို့ဖက်က ဒရုန်းမှာ ဘယ်လို မော်ကျူးတွေ သုံးတယ်ဆိုတာ ချပြထားတာမျိုး မရှိပါဘူး။ ကျနော်တို့ ဒရုန်းတွေက အခြေအနေတစ်ခုခုမှာ အကြောင်းအမျိုးမျိုးကြောင့် ရန်သူလက်ထဲ ရောက်သွားနိုင်တယ်ပေါ့။ အဲလို အခြေအနေမှာ ရန်သူဘက်က အသုံးပြုဖို့ခက်အောင်၊ ဘာပစ္စည်းသုံးလဲ မသိနိုင်အောင်၊ နောက်တစ်ခုက အဲလိုမျိုး ပုံစံတူနောက်ထပ် ပွားပြီး သုံးလို့မရအောင် ပြုလုပ်ထားပါတယ်” လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။
ဝရဇိန်တပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက တီထွင်ထားခဲ့ပေမယ့် လုံခြုံရေးပိုင်း မပေါက်ကြားစေဖို့၊ ရန်သူက နောက်ထပ်အသုံးမပြုနိုင်ဖို့အတွက် ထပ်မံဆန်းသစ် တီထွင်နေတာကြောင့် ၇ လခန့် ထပ်ကြာပြီးမှ မိတ်ဆက်ရတာလို့ သိရပါတယ်။
“စိုးရိမ်ပေးကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားပါတယ်၊ ကျေးဇူးလည်း တင်တယ်။ ပြည်သူက တော်လှန်ရေးကို နိုင်စေချင်တယ်။ အဲတာကြောင့် ကျနော်တို့ဘက်က အလစ်ငိုက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေကို သူတို့က တိတ်တဆိတ် လုပ်စေချင်တယ်ပေါ့နော်။ ကျနော်တို့ကလည်း ခြေသံလုံလုံနဲ့သွားဖို့ ပြင်ဆင်ပြီးသားပါ” ဝရဇိန်တပ်ဖွဲ့ တာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်း အစောပိုင်းကာလကတည်းက ကရင်နီပြည်ကို ရောက်ရှိနေတဲ့ ဝရဇိန်တပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပေမယ့် လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ ထုတ်ပြန်တာ၊ မီဒီယာတွေကို ဖြေကြားတာမမျိုး မရှိခဲ့တာကြောင့် ဝရဇိန် အမည်နဲ့ တခြားပေချ့်တွေ ဆင်တူယိုးမှား ပေါ်ပေါက်နေတာကို သတိမပြုမိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ဝရဇိန်တပ်ဖွဲ့ဟာ မြေပြင်မှာ တကယ်လှုပ်ရှားနေတာကြောင့် ပြည်သူတွေဖက်က ယုံမှားသံသယ မဖြစ်ဖို့နဲ့ ပေ့ချ်ဆင်တူရိုးမှားတွေကို သတိပြုကြဖို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။