တရုတ်အစိုးရကို စမ်းသပ်လိုက်သော မင်းအောင်လှိုင်၏ အကြမ်းဖက်အုပ်စု ကြေညာချက်

စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာလိုက်ခြင်းကြောင့် တရုတ်အစိုးရအပေါ် သက်ရောက်မှု ၆ ခု ရှိကြောင်း ဆောင်းပါးရှင်က သုံးသပ်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်အပြီး ရက်သတ္တပတ် သုံးပတ်ခန့်အကြာ စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ဖြစ်သော ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် ရခိုင် (AA) တို့ကို “အကြမ်းဖက်အုပ်စု” များအဖြစ် ကြေညာလိုက်သည်။

ဩဂုတ်လကုန်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျင်းနှင့် KIO ဒု-ဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင် ဦးဆောင်သောအဖွဲ့တို့ ယူနန်ပြည်နယ် ထိန်းချုံးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ TNLA, MNDAA နှင့် ‘ဝ’ တပ်ဖွဲ့ (UWSA) တို့ကိုပါ အထူးကိုယ်စားလှယ်က တွေ့ဆုံခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာချိန်နှင့် မရှေးမနှောင်း စစ်ကောင်စီ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုကို RFA မြန်မာဌာနသို့ အတည်ပြုသော်လည်း၊ တွေ့ဆုံခဲ့သည့်ရက် အတိအကျကို ဖော်ပြခြင်းမရှိခဲ့ပါ။ ကျန်အဖွဲ့များနှင့် တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံသည့် နေ့ရက်နှင့်နေရာကိုလည်း အတည်မပြုနိုင်သေးပါ။

ထူးခြားချက်မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နည်းတူ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီစစ်စခန်းများနှင့် မြို့များကို အဆက်မပြတ် တိုက်ခိုက်သိမ်းပိုက်နေသော ကချင်လွတ်မြောက်ရေး အဖွဲ့/တပ်မတော် (KIO/KIA) ကိုမူ စစ်ကောင်စီက အကြမ်းဖက်အုပ်စု အဖြစ် မကြေညာဘဲ ချန်လှပ်ထားခဲ့သည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် တရုတ်စစ်တပ်သည် နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ဝေဟင်နှင့်မြေပြင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု တစ်ခုကို ရွှေလီမြို့၌ ပြုလုပ်ခဲ့ပြီး၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် “ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီ” က ထုတ်ပြန်သည့်၊ တရုတ်ဘာသာဖြင့် ရေးထားသည့် တိုက်ပွဲမရပ်ပါက ကြောက်ရွံ့အောင်ဆုံးမမည်ဟူသော ခြိမ်းခြောက်စာ တစ်စောင် ဆိုရှယ်မီဒီယာတွင် ပြန်နှံ့ခဲ့သည်။

TNLA က ထိုစာကို လက်ခံရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုခဲ့ခြင်းရှိမရှိ ဆိုသည့် စာပါအကြောင်းအရာကို ရည်ညွှန်းမေးမြန်းခဲ့သည်။ စာပေးပို့ခဲ့ခြင်းရှိမရှိ မေးမြန်းခြင်း မဟုတ်သည့်အတွက် ပြောခွင့် ရပုဂ္ဂိုလ် Mr. Lin Jian က လည်း ထိုစာအကြောင်း ဖြေဆိုခြင်း မရှိပေ။ ထို့ကြောင့် တရုတ်အစိုးရက ထိုစာကို TNLA ထံ အမှန်တကယ်ပေးပို့ခဲ့ခြင်း ရှိမရှိ ကွဲကွဲပြားပြား မသိရသေးပေ။

ဩဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဝမ်ယိ-မင်းအောင်လှိုင် ဆွေးနွေးပွဲ အတွင်း မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်အေးချမ်းရေး နှစ်နိုင်ငံပူးပေါင်း ကြိုးပမ်းမည်ဟု အပြန်အလှန်ကတိကဝတ် ပြုခဲ့ကြပြီးနောက်၊ အဆိုပါ ရှုပ်ထွေးသောအခြေအနေများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နယ်စပ်ဒေသ တည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် တရုတ်ဘက်က မြန်မာ့ပြည်တွင်းရေးကို ခြေလှမ်းခပ်စိတ်စိတ်ဖြင့် ပိုမိုဝင်ရောက်စွက်ဖက်မည့် အရိပ်လက္ခဏာများ ပြသလာချိန်တွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ဆွေးနွေးပွဲအတွင်း ညီနောင်မဟာမိတ်၃ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမည့် ကိစ္စ ဝမ်ယိကို မင်းအောင်လှိုင် ကြိုတင်အသိပေးခဲ့ပြီး၊ တရုတ်အစိုးရ၏ထောက်ခံမှု ရယူခဲ့သလား၊ သို့မဟုတ် ဝမ်ယိ ကြိုတင်မသိလိုက်ဘဲ အငိုက်မိပြန်ပြီလား ဆိုသည့် မေးခွန်းများ ရှိလာပါသည်။

ဝမ်ယိနှင့် မင်းအောင်လှိုင်အကြား သံသယဖြစ်ဖွယ် အရေးကြီးသဘောတူညီချက်များ

စင်စစ် ဩဂုတ်လဆန်းပိုင်းက တရုတ်အစိုးရသည် ရန်ကုန်အခြေစိုက် တရုတ်သံအမတ်နှင့် မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံး၏ ကောင်စစ်ဝန်ချုပ်ရာထူးများအတွက် အမျိုးသမီး သံတမန် အသစ် နှစ်ဦးကို နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ နေပြည်တော်ခရီးစဥ်မတိုင်မီ အချိန်မီ ခန့်အပ်စေလွှတ်ခဲ့သည်။

တရုတ်သံအမတ်အသစ် ဖြစ်လာသူ မစ္စမာကျား (Ms. Ma Jia) သည် ဝမ်ယိနှင့် မင်းအောင်လှိုင် ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ပြီး၊ ဝန်ကြီးဝမ်ယိခရီးစဥ်နောက်ပိုင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းကို ဩဂုတ်လ ၃၀ ရက်နေ့ တွင်လည်းကောင်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

တရုတ် သံအမတ်အသစ် မာကျားနှင့် သန်းဆွေ တွေ့ဆုံမှု ကို တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာ တွင် ဖော်ပြချက်အရ မာကျား က “နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဥ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး၊ မြန်မာနိုင်ငံမှ တရုတ်-မြန်မာဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့် အဝ ပေါ်လွင်စေခဲ့ကြောင်း” ပြောဆိုခဲ့ပြီး၊ သန်းဆွေ က “နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ခရီးစဥ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ကြောင်း” ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သန်းဆွေပြောသော “အရေးကြီးသဘောတူညီချက်များ” ဆိုသည်က မည်သည့်အရာများနည်း။ မင်းအောင်လှိုင် က ညီနောင်မဟာမိတ် ၃ဖွဲ့ ကို အကြမ်းဖက်အုပ်စုများအဖြစ် ရဲရဲတင်းတင်း ကြေညာခဲ့ခြင်းက ထိုသဘောတူညီ ချက်များ၏ အစိတ်အပိုင်း ဖြစ်နေမည်လား။ တရုတ်ကိုယ်တိုင်က စေ့စပ်ညှိနှိုင်းမှုလမ်းကြောင်း မအောင်မြင်နိုင်တော့ခြင်းကို လက်ခံသွားခြင်းလား။

ယခုအခါ တရုတ်ဘက်မှ TNLA ကို ခြိမ်းခြောက်စာ ပို့ခဲ့သလို၊ နယ်စပ်ဂိတ်များကိုပိတ်ပြီး နယ်စပ်နေပြည်သူများ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ် လိုအပ်သော ဆေးဝါးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကိုပါ မြန်မာဘက်တင်သွင်းမှုကို ပိတ်ပင်နေခြင်းသည် ဟု ကိုးကန့်ဒေသခံများထံမှ သိရှိရသည်။ ထိုအခြေအနေသည် မှန်ကန်ပါက မြန်မာစစ်တပ်ကျင့်သုံးနေကျ “ဖြတ် လေးဖြတ်” နည်းလမ်းအတိုင်း ပြုလုပ်နေသကဲ့သို့ ရှိသည်။

ထို့အတူ သံအမတ်ကြီး မာကျားနှင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်း တို့ တွေ့ဆုံဆွေးနွေးမှု ကို တရုတ်သံရုံးထုတ်ပြန်ချက်၌ မာကျား က “နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ ချစ်ကြည်ရေး၏ အရေးကြီးဖွဲ့စည်းပုံအစိတ်အပိုင်း ဖြစ်ကြောင်း” ပြောဆိုခဲ့ပြီး၊ တင်အောင်စန်း၏ “တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို ထပ်ဆင့်မြှင့်တင်သွားရန် ကြိုးပမ်းလိုကြောင်း” ပြောဆိုချက်များကို ထုတ်ပြန်ခဲ့သည်။

စင်စစ် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံစစ်တပ်များ ပူးပေါင်းဆောင်ရွက်ရေး အပေါ်မှာ အဓိကထားကြောင်း သံအမတ် မာကျား၏ ပြောဆိုချက်သည် တရုတ်အစိုးရ အစဥ်အဆက် ကျင့်သုံးလာသည့် မူဝါဒဖြစ်ပြီး၊ ဝန်ကြီး ဝမ်ယိ ပြောဆိုခဲ့သော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ချစ်ကြည်ရေးမူဝါဒသည် “ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း” ဆိုသည့် သံတမန်ရေး လှည့်စားချက်သက်သက်မျှသာ ဖြစ်သည်။

အကြမ်းဖက်အုပ်စု ကြေညာချက်က တရုတ်၏ နယ်စပ်တည်ငြိမ်ရေးကြိုးပမ်းမှုအပေါ် သက်ရောက်နိုင်မှုများ

ညီနောင်မဟာမိတ်၃ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာချက်ကြောင့် တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ် ရေးကြိုးပမ်းမှုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါသည်။

ပထမ သက်ရောက်မှု – ထိုကြေညာချက်ဖြင့် စစ်ကောင်စီသည် တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးနေသော ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုနည်းလမ်းကို လုံးဝ စွန့်လွှတ်လိုက်ပြီဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ တနည်းအားဖြင့် “ဟိုက်ဂင်” ဆွေးနွေးပွဲဖြစ်စဥ် လုံးဝ နိဂုံးချုပ်သွားပြီလို့ ဆိုနိုင်ပါသည်။ ထို့ကြောင့် မြန်မာ-တရုတ် နယ်စပ်အခြေအနေ ပိုမိုရှုပ်ထွေးလာနိုင်ပြီး၊ တရုတ်လိုလားသော တည်ငြိမ်မှုရရှိရန် အလှမ်းဝေး သွားပါလိမ့်မည်။

ဒုတိယ သက်ရောက်မှု – စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရသဖွယ် အသိအမှတ်ပြုဆက်ဆံနေ သော တရုတ်အစိုးရသည် စစ်ကောင်စီ၏ အကြမ်းဖက်အုပ်စု ကြေညာချက်ကို အလေးထားရမည့် အခြေအနေ ရောက်ရှိသွားပြီး၊ ယခင်ကဲ့သို့ ညီနောင်မဟာမိတ် ၃ဖွဲ့ကို ယူနန်ပြည်နယ် ကူမင်းမြို့ သို့မဟုတ် တရုတ်နယ်စပ်မြို့ တစ်ခုတွင် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခွင့်မရှိတော့ပါ။ တနည်းအားဖြင့် ထိုကြေညာချက်သည် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း အကြမ်းဖက်မှုသဘောတူညီချက်များအရ တရုတ်အစိုးရကို ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် ပြတ်ပြတ်သားသား ရွေးချယ် ခိုင်းသော သဘောသက်ရောက်ပါသည်။

တတိယ သက်ရောက်မှု – ညီနောင်မဟာမိတ် ၃ဖွဲ့ ခေါင်းဆောင်ပိုင်းကို အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီး ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီက တောင်းဆိုနိုင်ပါသည်။ သို့သော် ယခင်က အကြမ်းဖက် အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာထားခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ NUG နှင့် PDFs များကို အမေရိကန်နှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက အကြမ်းဖက်များအဖြစ် အသိအမှတ် ပြုမထားပါ။

သို့သော် တရုတ်ပိုက်နက်နယ်မြေအတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ ခေါင်းဆောင်ပိုင်းကို တွေ့ရှိပါက တရုတ် အစိုးရက ဖမ်းဆီးလွှဲပြောင်းပေးအပ်ရန် စစ်ကောင်စီ တောင်းဆိုပါလိမ့်မည်။ သာဓကအားဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဥ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီအဖွဲ့ဝင် (လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင်) မန်းငြိမ်းမောင်သည် ယူနန်ပြည်နယ် ကူမင်းမြို့သို့ သွားရောက်စဥ် လမ်းခရီး၌ ပျောက်ဆုံးခဲ့ပြီး၊ လ အတော်ကြာမှ အင်းစိန်ထောင်တွင် ရောက်ရှိနေကြောင်း သိရှိခဲ့ရသည်။ ထိုစဥ် က KNU ကို မတရားအသင်းဟု သတ်မှတ်ထားသဖြင့် တရုတ်အစိုးရသည် မန်းငြိမ်းမောင်ကို ဖမ်းဆီးပြီး၊ မြန်မာအစိုးရလက်ထဲ လွှဲပြောင်းပေး အပ်ခဲ့ဖူးသော ဖြစ်စဥ် ရှိခဲ့ဖူးသည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ပေါ်ပေါက်လာသော တရုတ်အစိုးရ၏ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းမှုအတွင်း ကျားဖြန့်ဂိုဏ်း၏ အဓိကခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပြီး၊ စစ်ကောင်စီကို ဖမ်းဆီးပေးရန် ဖိအားပေးခဲ့သဖြင့်၊ အဆိုပါ တရားခံများကို မြန်မာနိုင်ငံဘက်တွင် ဖမ်းဆီးပြီး လွှဲပြောင်းပေးခဲ့သော ပူးပေါင်း ဆောင်ရွက်ခဲ့မှုအား ထောက်ပြပြီး၊ အပြန်အလှန်အားဖြင့် စစ်ကောင်စီ အလိုရှိသော ညီနောင်မဟာမိတ် ၃ဖွဲ့ ခေါင်းဆောင်များကို တရုတ်အစိုးရဘက်က ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီက တောင်းဆိုနိုင်ပါသည်။

စတုတ္ထ သက်ရောက်မှု – ညီနောင်မဟာမိတ် ၃ဖွဲ့သည် ယခင်ကကဲ့သို့ တရုတ်အစိုးရက တွေ့ဆုံရန်ခေါ်တိုင်း တရုတ်နိုင်ငံပိုင်နက်ထဲ လုံခြုံစိတ်ချစွာ သွားရောက်ရန် မဖြစ်နိုင်တော့ပါ။ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ် ကို လူသိရှင်ကြားထောက်ခံခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မင်းအောင်လှိုင်နှင့်အတူ ရပ်တည်သော တရုတ်အစိုးရသဘောထားကို လူသိရှင်ကြားပြသခဲ့ပြီ ဖြစ်၍၊ တရုတ်အစိုးရက အချိန်မရွေးဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲ အပ်နှံနိုင်ပါသည်။

ပဥ္စမ သက်ရောက်မှု – အကယ်၍ ညီနောင်မဟာမိတ် ၃ဖွဲ့သည် ၎င်းတို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော စစ်ကောင်စီကို တရုတ်အစိုးရ၏ဖိအားကြောင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဆိုလျှင် ၎င်းတို့၏ လူမျိုးဂုဏ်သိက္ခာနှင့် နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းနိုင်ပြီး၊ ပြည်သူများ၏ လေးစားထောက်ခံမှုပါ ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် တရုတ်အကူညီဖြင့် စစ်ကောင်စီ၏ ထပ်တိုးဖိအားများကို ရင်ဆိုင်တုံ့ပြန်ရန် ညီနောင်မဟာ မိတ် ၃ဖွဲ့သည် ပြည်သူနှင့်အတူရပ်တည်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိဘဲ၊ NUG-PDF များနှင့် ပူးပေါင်းကာ စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော မေမြို့နှင့် နိုင်ငံရေးနှင့်စီးပွားရေးအရ အရေးပါသော မန္တလေးမြို့တို့ကို ခန့်မှန်းထားသည်ထက် ပိုမိုမြန်မြန်ဆန်ဆန် စစ်ဆင်လာနိုင်ပါသည်။

ဆဋ္ဌမ သက်ရောက်မှု – စစ်ကောင်စီ၏ အကြမ်းဖက်အုပ်စု ကြေညာချက်ကို ညီနောင်မဟာမိတ် ၃ဖွဲ့အနေဖြင့် အခွင့်အလမ်းအဖြစ် အသုံးချပြီး၊ မြန်မာပြည်သူများ၏ မြင်တွေ့လိုသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (K3C) တို့နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်မည့် အချိန်အခါ ရောက်ရှိလာပြီ ဖြစ်သည်။

လွန်ခဲ့သော ၃နှစ်ကျော်လုံးလုံး ကမ္ဘာကြီးက မယုံကြည်နိုင်အောင်ပင် လက်နက်အင်အား မနှိုင်းယှဥ်သာအောင် ကြီးမားသည့် စစ်တပ်ကို ချိနဲ့ယိုင်လဲသွားသည်အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းသည် ပြည်သူများ၏စုပေါင်းအင်အား၊ ကမ္ဘာတစ်ဝှမ်းမှ မြန်မာနိုင်ငံသားများ၏ စုပေါင်းငွေကြေးလှူဒါန်းမှုအင်အား၊ စိတ်ဓာတ်နှင့်ညီညွတ်မှုအင်အား များကြောင့် ဖြစ်သည်ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီးသီး သံသယမရှိ ယုံကြည်ထားပြီး ဖြစ်ပါ လိမ့်မည်။

စင်စစ် တရုတ်အပါအဝင် အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံများ၏ မြန်မာ့အရေးစိုးရိမ်မှုသည် ၎င်းတို့၏ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံထားသော အကျိုးစီးပွားများအပေါ်တွင်သာ အခြေခံပြီး၊ မြန်မာပြည်သူတို့ ဆယ်စုနှစ်များ စွာ စစ်အာဏာရှင်အဆက်ဆက် ဆင်းရဲဒုက္ခခံစားနေရမှုအပေါ် စာနာခြင်း အလျင်းမရှိကြပါ။

လက်ရှိအခြေအနေအပေါ် ခြုံငုံသုံးသပ်ရလျှင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်ရေး လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နေသည်မှာ ပြည်သူများ၏ စုပေါင်းအင်အားနှင့် ထောက်ခံရပ်တည်မှုကသာ တစ်ခုတည်းသော နည်းလမ်းနှင့် လိုအပ်ချက်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ စစ်ကောင်စီနှင့် ပူးပေါင်းနေခြင်းမှာ ပြည်သူဆန္ဒနှင့် ဆန့်ကျင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် နယ်စပ်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်စပ်ဂိတ်များကို တစ်ဖက်သတ်ပိတ်ထားပြီး၊ နယ်စပ်နေပြည်သူများ၏ အသက်ရှင်သန်ရပ်တည်ရေးအတွက် အခက်အခဲဖြစ်ရန် လုပ်ဆောင်နေခြင်းသည် ဝန်ကြီးဝမ်ယိ ပြောသော “တရုတ်အစိုးရ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူအားလုံးအပေါ် မျက်နှာမူသည်” ဟူသော ထို “မူ” နှင့် လက်တွေ့လုပ်ဆောင်ချက် ကွဲလွဲနေသည်။ ထို့ကြောင့် လုပ်ဆောင်ချက်ကို ပြင်ဆင်ပြောင်းလဲသည့်နည်းဖြင့် မြန်မာပြည်သူအားလုံးအပေါ် မျက်နှာမူကြောင်း လက်တွေ့သက်သေပြရန် လိုအပ်နေပါသည်။

✒ သုတဇော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *