ရခိုင်ပြည်နယ်တွင် တကျော့ပြန်စစ်ပွဲ စခဲ့သည်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ဆိုလျှင် တနှစ်ပြည့်တော့မည် ဖြစ်၏။ အာရက္ခတပ်တော် (AA) သည် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် ဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်နှစ်ဖွဲ့နှင့် မတူသည့်အချက်မှာ ရခိုင်စစ်မျက်နှာ၌ AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် စစ်ဆင်ရေး စကတည်းက ယခု တနှစ်နီးပါးကြာသည်အထိ စစ်ရှိန်ကို လျှော့ချခြင်း၊ အပစ်ရပ်ခြင်း မရှိဘဲ ရခိုင်ရှိ စစ်ကောင်စီတပ် အားလုံးကို ချေမှုန်းမည်ဆိုသည့် ရည်မှန်းချက်အတိုင်း တောက်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည်ကို တွေ့မြင်ရ၏။
လောလောဆယ် ရခိုင်စစ်မျက်နှာတွင် မောင်တော၊ အမ်းနှင့် ဂွမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တောင်ကုတ်အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။ စစ်တွေနှင့် ကျောက်ဖြူကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး လောလောဆယ် AA ၏ လက်နက်ကိုင် လှုပ်ရှားမှု မတွေ့ရသေးသည်မှာ မာန်အောင်ကျွန်းသာ ရှိတော့၏။
မောင်တော
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရသည်မှာ နှိုင်းယှဉ်ကြည့်လျှင် မြန်ဆန်ခဲ့သော်လည်း မောင်တောမြို့၊ ယင်းမြို့နှင့်ဆက်နေသော မြို့သူကြီး အခြေစိုက် နခခ ၅ ကို ခက်ခက်ခဲခဲ တိုက်နေရသည်ကို တွေ့ရ၏။
အကြောင်းမှာ မောင်တောမြို့နှင့် ပတ်လည်ရှိ ရွာများတွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ အာရကန်ရိုဟင်ဂျာ တပ်မတော် (ARA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) စသည့်အဖွဲ့များမှ မွတ်စလင် ပျူစောထီးများသည် အရပ်သားများအား ဓားစာခံပြု၍ စစ်တပ်အား ကာကွယ်ခုခံနေကြ၍ အရပ်သားများကို ကယ်ထုတ်နေရသဖြင့် အချိန်ယူနေရ၏။
တဖန် တိုက်ပွဲအတွင်း မွတ်စလင်အရပ်သားများ သေဆုံးပါက မွတ်စလင် ပျူစောထီးများအား ပြစ်တင်ဝေဖန်ခြင်း မရှိဘဲ AA ကို ထိုးနှက်ရန် ကြံရွယ်နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ရှိနေသည့်အပြင် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာတရပ်ဖြစ်၍ အထူးဂရုစိုက် ကိုင်တွယ်နေရ၍ ဖြစ်၏။
ဘူးသီးတောင်ကျပြီး မောင်တောမြို့နယ်ရှိ စခန်းများအား ဆက်လက် တိုက်ခိုက်ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ဌာနချုပ် ခုနစ်ခုနှင့် အခြား စခန်းငယ်များအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
မောင်တောမြို့တွင်းနှင့် ပတ်လည်ကျေးရွာများရှိ အရပ်သားများအား လူသားတံတိုင်း ပြုလုပ်ခုခံနေသည့် မွတ်စလင် ပျူစောထီများကို ဆက်လက် ရှင်းလင်းခဲ့ပြီး တလကျော်ခန့်အကြာမှ မောင်တောနှင့် ပတ်လည်ရွာများကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့၏။
ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် မောင်တောမြို့ပြင်၌ တခုတည်း ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ နခခ ၅ စခန်းအား အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက် အရှိန်အဟုန် မြှင့်တင်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး မြို့သူကြီး နခခ ၅ အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့၏။
မြို့သူကြီးစခန်းတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ ၏ စကခ မှူးအပါအဝင် ဒုတပ်မမှူး တဦး ဦးစီးနေပြီး စကခ ၁၅၊ တပ်မ ၂၂၊ တပ်မ ၇၇၊ နယ်ခြားစောင့်ရဲနှင့် မွတ်စလင် ပျူစောထီး စုစုပေါင်း အင်အား ၆၀၀ ကျော်ခန့် ခုခံနေသဖြင့် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေ၏။
မြို့သူကြီးစခန်းရှိ ရန်သူအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသည့် တချိန်တည်းတွင် ARSA, RSO, ARA စသည့် မွတ်စလင် အကြမ်းဖက်အဖွဲ့များသည် မောင်တောနှင့် ဘူးသီးတောင်ကြားရှိ မယူတောင်တန်းတွင် ခိုအောင်းပြီး AA အား ချောင်းမြောင်းပစ်ခတ်ခြင်း၊ အဓိက အသက်မွေးဝမ်းကြောင်းအတွက် သွားလာလှုပ်ရှားနေသော ရခိုင်တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ပြီး နောက်ကျောကို ဓားနှင့်ထိုးသည့်လုပ်ရပ် ပြုလုပ်နေသဖြင့် ထိုအကြမ်းဖက်အဖွဲ့များကို တဖက်က လိုက်လံရှင်းလင်းနေရ၏။
မောင်တောတိုက်ပွဲသည် စစ်တပ်နှင့် ရင်ဆိုင်ရသကဲ့သို့ မွတ်စလင် ပျူစောထီးများနှင့်လည်း တဖက်က ရင်ဆိုင်ရ၏။ ထို့အတူ နိုင်ငံရေးအရလည်း နိုင်ငံတကာနှင့် ရင်ဆိုင်ဖြေရှင်းနေရသည်ဖြစ်ရာ ခက်ခဲသည့်တိုက်ပွဲတပွဲ ဖြစ်ခဲ့သည်။
လက်ရှိ မြို့သူကြီးတိုက်ပွဲမှာ ၂၀ ရက်ခန့် ရှိပြီဖြစ်ပြီး တနေ့ထက်တနေ့ ပိုမို ပြင်းထန်နေသည်။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အများအပြား စေလွှတ်ပြီး အသည်းအသန် ခုခံနေ၏။ သို့သော် ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်နေသဖြင့် ကျဆုံးမည်မှာ အနှေးနှင့်အမြန်သာ ဖြစ်၏။
အမ်းတိုက်ပွဲ
အမ်းစစ်မျက်နှာရှိ တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကာ အမ်းစစ်မျက်နှာတွင် တိုက်ပွဲများ ခေတ္တငြိမ်သက်ခဲ့၏။ ဆိုးဝါးသည့် မိုးရာသီကြောင့် ဖြစ်နိုင်သကဲ့သို့ နောက်တကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေခဲ့သည်လည်း ဖြစ်နိုင်၏။
တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်ပြီး မဲတောင်ဗျူဟာစခန်းကုန်း၊ ၎င်းနှင့် ဆက်စပ်စခန်းကုန်းများအား AA က ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာတွင် စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်း၏ စခန်းများအား တခုပြီးတခု ဆက်တိုက် သိမ်းပိုက်ခဲ့ပြီး အမ်းတိုက်ပွဲကို ပြန်လည် စတင်ခဲ့သည်။
မဲတောင်ဗျူဟာကုန်းတွင် တောင်ကုတ်အခြေစိုက် စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများ အခြေပြုပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းများ၊ အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းအချို့ ထပ်မံ အင်အားဖြည့်ထား၏။ တောဟိန်းတောင်ဗျူဟာကုန်း ကျပြီးနောက် အမ်း နပခ တိုင်းစစ်ဌာနချုပ်၏ နောက်ဆုံး ခံတပ်ဖြစ်၏။
မဲတောင်ဗျူဟာစခန်းတခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ အောက်တိုဘာ ၈ ရက်တွင် နပခ ဌာနချုပ်မှ အိမ်ထောင်သည် မိသားစုဝင်များအား မင်းဘူး၊ မကွေးသို့ ပို့ဆောင်သည်ကို တွေ့ရ၏။
မဲတောင်ဗျူဟာသိမ်းပြီး ဆက်လက် ထိုးစစ်ဆင်ရာ ကမ်းဒိတ်တောင် လက်နက်ကြီး အထိုင်စခန်းကိုလည်း အောက်တိုဘာ ၁၁ ရက်နေ့လယ် ၂ နာရီကျော်ကတည်းက AA သိမ်းပိုက်နိုင်ခဲ့၏။ AA က မဲတောင်ဗျူဟာကုန်းကို သိမ်းပြီးနောက် တချိန်တည်းတွင် ခမရ ၃၇၃ အား အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာ ၁၁ ရက်နေ့ ညနေတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရ၏။
ခမရ ၃၇၃ နှင့် ကမ်းဒိတ်တောင်သည် အမ်းမှ ၅ မိုင်အကွာတွင်ရှိပြီး ထိုနေရာရှိ စစ်တပ်သည် အမ်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်နှင့် စရဖ တပ်များသို့ ဆုတ်ခွာသွား၏။ ယခုအခါ AA သည် အမ်းစစ်ဌာနချုပ်အနီးရှိ တပ်များအား ဆက်လက် တိုက်ခိုက်နေပြီး နပခ တိုင်းစစ်ဌာနချုပ်အတွင်း AA မှ ပစ်သည့် အမြောက်ဆံများ ကျရောက်ပေါက်ကွဲနေပြီ ဖြစ်၏။
အမ်းမြို့အခြေစိုက်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးအခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ အမှတ် ၃၆၂ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၅ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းများပါ ထပ်မံဖြည့်တင်းထားရာ အချိန်တခုယူ၍ တိုက်ခိုက်ရနိုင်ဖွယ်ရှိသည်။
သို့သော်လည်း ယခုအခါ နပခ ဌာနချုပ်သို့ တိုက်ပွဲများ ရောက်လာပြီးနောက် ကုန်းကြောင်းမဆိုထားနှင့် လေယာဉ်ပင် အမ်းသို့ မဆင်းသက်နိုင်တော့ရာ အမ်းမြို့သို့ ရိက္ခာနှင့် ခဲယမ်းကို လေထီးဖြင့် ချပေးနေရ၏။ အမ်းမြို့တွင် အခြေစိုက်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သည် စစ်တပ်အဖို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် ကျဆုံးမည့် စစ်တိုင်းအဖြစ် စာရင်းဝင်တော့မည် ဖြစ်၏။
ဂွတိုက်ပွဲ
AA သည် သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (Central Naval Diving And Salvage Deport (Myanmar Navy) – CNDSD) စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့် ခုခံကြသော ရန်သူ့စစ်ကြောင်းများအား AA က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ နေ့တွင် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းရွာအကြား၌ တည်ရှိသော ဤရေတပ်စခန်းအား တလနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၆ နာရီတွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့၏။
ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ စစ်တပ် စုစုပေါင်းအင်အား ၁,၂၀၀ ကျော်ရှိခဲ့သည်။ စစ်ကောင်စီသည် ဤစခန်း မကျစေရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတခုဖြစ်သည်။
ထိုရေတပ်စခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်တပ်၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်။
သံတွဲမြို့နယ်မှ ဆုတ်ခွာသော စစ်တပ်သည် သံတွဲနှင့် ကျိန္တလီကြားရှိ တံတားများအား မိုင်းခွဲဖျက်ဆီးပြီး ဆုတ်ခွာသော်လည်း AA က ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ခဲ့၏။ ဂွမြို့နယ်သို့ တဆင့်ချင်း ထိုးစစ်ဆင် တိုက်ခိုက်လာရာမှာ သံတွဲမြို့နှင့် ဂွမြို့အကြားရှိ စစ်ရေးအရ အရေးပါသည့် ကျိန္တလီမြို့အား စက်တင်ဘာလ တတိယပတ်တွင် သိမ်းပိုက်ရရှိခဲ့သည်။
ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိခဲ့ပြီး စစ်ကောင်စီသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရ များစွာရှုံးနိမ့်နေသည့်အပြင် AA က ကုလားပြင် တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်) ၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလလ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ကျိန္တလီချောင်းအား ဖြတ်သန်း တည်ဆောက်ထားသည့် ကုလားပြင်တံတားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် တံတားအလယ်အား စစ်ကောင်စီတပ်များက ဖောက်ခွဲဖျက်ဆီးပြီး ဂွမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့၏။
ကျိန္တလီမြို့ကို ထိန်းချုပ်ပြီးနောက် AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင်၊ ဘဝင်၊ ကုလားပြင် (ရတနာမြိုင်)၊ ဘဲအင်း၊ ဒယ်ဘုတ်၊ ကူးတို့လေး စသည့် ကျေးရွာများမှနေ၍ တရွာပြီးတရွာ အဆင့်ဆင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း AA ထိုးစစ်ကို မတားဆီးနိုင်ဘဲ လက်ရှိ ကြွေချိုင်၊ တိုင်ကြိုးနှင့် ဆပ်သွားအနီးအထိ တပ်ဆုတ်လာခဲ့ရပြီဖြစ်ပြီး ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးကာ ဂွမြို့ဘက်သို့ ဆုတ်ရန် ပြင်ဆင်နေသည်ဟု သိရ၏။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာပြီးနောက် စစ်ကောင်စီက ဂွမြို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကွပ်ကဲမှုအောက် ထည့်သွင်းခဲ့သည်ဟု သိရ၏။ နတခ သည် ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်တွင် စစ်အင်အားတိုးချခြင်း၊ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်လာသည်ဟု သိရသည်။
AA ထိုးစစ်မှာ ဂွမြို့နှင့် ၁၀ မိုင်ကျော် အကွာအဝေးအထိ ရောက်ရှိလာ၍ စစ်ကောင်စီသည် ဂွမြို့နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းမှ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ချောင်းသာနှင့် ငွေဆောင်တွင် စစ်ကြောင်းထိုးခြင်း၊ အင်အားတိုးချဲ့ခြင်းများကို ပြုလုပ်နေသည်ဟု သိရ၏။
ရခိုင်စစ်မျက်နှာတွင် အရေးပါသောအချက်များ
၁။ မြောက်ပိုင်းသုံးဖွဲ့တွင် ပါဝင်သော်လည်း AA သည် တရုတ်နယ်စပ်မှ ဝေးကွာသော ရခိုင်ပြည်နယ်တွင် လှုပ်ရှားသည်ဖြစ်ရာ တရုတ်တို့ ဖိအားပေး၍ မရနိုင်သောကြောင့် အပစ်ရပ်ရန် မလိုအပ်ဘဲ ရခိုင်ပြည်နယ်တွင်း တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့၏။
၂။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မီဇိုရမ်ပြည်နယ်တို့ကလည်း AA အား အပြုသဘောဖြင့် ဆက်ဆံပြီး ရခိုင်လူထုနှင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့ဖြတ်တောက်ခြင်း မပြုခဲ့ပေ။ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်အတွင်း ရခိုင်လူထုသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ အထူးသဖြင့် လက်ရှိအချိန်တွင် အိန္ဒိယမှ ရိက္ခာ၊ ဆေးဝါး၊ စားသုံးဆီ၊ လောင်စာဆီ စသည်တို့ တင်သွင်းခွင့်ရ၍ စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ပိတ်ဆို့ထားသော်လည်း ရခိုင်လူထု ပြတ်တောက်ခြင်း မရှိပေ။ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်အပြင် တရုတ်ပြည်၏ ဖြတ်ငါးဖြတ်ပါ ခံနေရသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ လူထုထက် AA နှင့် ရခိုင်လူထုက ပို၍ ကံကောင်းသည်ဟု ဆိုရမည်။
၃။ အမ်းကို သိမ်းပိုက်ပြီးပါက မင်းဘူး၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ စလင်း စသည့် ဧရာဝတီအနောက်ခြမ်းနှင့် ရခိုင်ရိုးမကြားရှိ စစ်ကောင်စီ၏ စစ်လက်နက်စက်ရုံများကို ကောင်းစွာ ခြိမ်းခြောက်နိုင်တော့မည် ဖြစ်၏။
၄။ ဂွမြို့ကို သိမ်းပြီးပါက ဧရာဝတီတိုင်းကို ကောင်းစွာ ခြိမ်းခြောက်တော့မည်ကို သံသယဖြစ်စရာ မလိုပေ။ နတခ တိုင်းစစ်ဌာနချုပ်၏ စိုးရိမ်တကြီး ပြင်ဆင်မှုများကို ကြည့်ပါက သိနိုင်၏။
၅။ မောင်တော-မြို့သူကြီးစခန်းကို သိမ်းပိုက်ပြီးပါက ရခိုင်မြောက်ပိုင်းတွင် စစ်တွေတမြို့သာ ကျန်တော့မည် ဖြစ်၏။ ဘင်္ဂလားဒေ့ရှ်နယ်စပ်အား အပြည့်အဝ ချုပ်ကိုင်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်အဖို့ AA နှင့် ဆက်ဆံရေး တိုးချဲ့ရတော့မည်ဖြစ်၏။ ထို့ပြင် မယူတောင်တန်းအား အခြေပြုနေသည့် မွတ်စလင် ပျူစောထီးများကိုလည်း ကောင်းစွာ ရင်ဆိုင်နိုင်ပြီဖြစ်၏။
၆။ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်များမှာလည်း မြို့ပတ်လည်ရှိ ကျေးရွာများအား ဖျက်ဆီးပြီး ခံစစ်ပြင်နေ၏။ မင်းဂံဘက်မှထွက်၍ လှုပ်ရှားစစ်ကြောင်းတခု လှုပ်ရှားသေးသော်လည်း AA ၏ တိုက်ခိုက်မှုကြောင့် အထိနာသွားပြီးနောက် စစ်တွေမြို့တွင်း၌သာ ခံစစ်သေဖြင့် ရင်ဆိုင်နေ၏။
၇။ တောင်ကုတ်ကိုလည်း AA တိုက်ခိုက်ရန် ပြင်ဆင်နေပြီး တောင်ကုတ်သို့ ချီလာနိုင်သည့် လမ်းကြောင်းများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည်ကို တွေ့ရ၏။ ရခိုင်တောင်ပိုင်းတွင် ကျောက်ဖြူသာ ကျန်ပြီး ကျောက်ဖြူသည်လည်း တကယ်တမ်းတွင် စစ်တွေလောက် ခံစစ်မကောင်းပေ။ တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိနေ၍ ခံသာနေသည်ဟု ဆိုရမည်။
၈။ မာန်အောင်ကျွန်းကမူ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ဖြစ်ပေလိမ့်မည်။
မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။ ရခိုင်စစ်မျက်နှာ၌ တနှစ်မပြည့်မီအတွင်း တံတားအစင်း ၃၀ ခန့် ချိုးပြီး ဆုတ်ခွာနေသော စစ်ကောင်စီတပ်၏ စိတ်ကူးတွင် ရခိုင် ပြန်လှန်ထိုးစစ်ဆိုသည်မှာ ရှိပုံမရသကဲ့သို့ လက်တွေ့တွင်လည်း မြင်တွေ့ရခြင်း မရှိပေ။
အေးချမ်းဆု
Leave a Reply