အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။
ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။
စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။
” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦးဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။
၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု ပြောကာ ပြစ်တင်ဝေဖန်ထားသည်။
ဖိုးချစ်သည် ၂၀၂၂ နိုဝင်ဘာကုန်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီအားဝေဖန်ခြင်းမရှိတော့ချေ။
ထို့အပြင် စစ်ကောင်စီကကျင်းပသည့် ဝါဒဖြန့်ချိရေး ပွဲများတွင် ၎င်းက ပေါ်ပေါ်ထင်ထင်တက်ရောက်နေသည်။ထိုလုပ်ရပ်များသည် အရှက်ကင်းမဲ့သည့်လုပ်ရပ်များဖြစ်သည်ဟု ၎င်းအား အားပေးခဲ့ဖူးသည့် ပရိသတ်များကိုယ်တိုင်က ဝေဖန်ရှုတ်ချကြသည်။
၂၀၂၁က အနုပညာရှင်များဦးဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်များတွင် ဇာတ်မင်းသားဖိုးချစ်နှင့်အတူ လူပြက်ခင်လှိုင်၊ ရာဇာနေဝင်း၊ ကျော်ရဲအောင်၊ ရန်အောင်ထိုကဲ့သို့ နာမည်ကြီးများလည်းပါဝင်ခဲ့ပြီး အများစုသည် ယခုအခါ အာဏာသိမ်းစစ်တပ်နှင့် တပူးပူးတတွဲတွဲ ရှိနေသလို စစ်ကောင်စီကပြုလုပ်သည့် ဝါဒဖြန့်ချိရေးပွဲများတွင် တွေ့မြင်နေရသည်။
(ကြံ့ဖွတ်ပါတီတွင်း လူသိများသူတစ်ဦးက ဖိုးချစ် အား လူမှုကွန်ရက်၌လှောင်ပြောင်သရော်ထားစဉ်)
Leave a Reply