ကာကွယ်ရေးစခန်းကို တိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ ဦး သေဆုံး ဟုဆို

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Chauk Guerrilla Force(CGF) က ယနေ့ ( နိုဝင်ဘာလ ၁၈ရက်) တွင် ထုတ်ပြန်သည်။

ချောက်မြို့နယ် ၊ ဆည်ကန်ကျေးရွာအနီးရှိ CGF နှင့် ချောက်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအထိုင်ချထားသည့် ယာယီစခန်းကို အင်အား ၈၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာလ ၁၃ ရက် နံနက် ၈နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။

“သတင်းကြိုတင်ရရှိခဲ့လို့ ကြိုတင်စောင့်နေပြီး လက်ဦးမှုရယူခဲ့တာဗျ ။ တိုက်ပွဲဖြစ် တာမရှိပါဘူး ။ မိုင်းဆွဲပြီးတာနဲ့ ပြန်လည်ဆုတ်ခွာလာခဲ့တာပါ” ဟု Chauk Guerrilla Force တာဝန်ခံ ကိုပိုင် က မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကို ကြိုတင်ပြင်ဆင်ထားသည့် နင်းမိုင်း ၊တိုက်မိုင်း ၊ ဆွဲမိုင်း ၊ အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှု ကို မျက်မြင်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

၁၅မိနစ်ကျော်ကြာတိုက်ခိုက်မှုအပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စခန်းရှိ ရဲဘော်များ၏ အသုံးအဆောင်ပစ္စည်းများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုပိုင်က ဆက်ပြောသည်။

စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရရှိသူများကို ဖောကားနှစ်စီးဖြင့် သယ်ယူသွားပြီး ထိုစစ်ကြောင်းမှာ ယနေ့ ( နိုဝင်ဘာ ၁၈ ရက် ) အထိ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါစစ်ကြောင်းထိုးလာမှုကြောင့် ဆည်ကန်ကျေးရွာနှင့် အနီးနားရှိဒေသခံများ ရှောင်တိမ်းနေရပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုမရှိသေးကြောင်း ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။

နိုဝင်ဘာလ ၁၄ရက် ညနေ ၄နာရီအချိန်က စစ်ကောင်စီစစ်ကြောင်း အထိုင်ချထားသော နေရာသို့ CGF ၊ ချောက်မြို့နယ် ပကဖ ၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် ရေနံချောင်း ဖေကံကောင်းအဖွဲ့များပူးပေါင်း၍ ၈၀မမ များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိပြီး နယ်မြေအတွင်းဆေးကုသမှုခံနေရ ကြောင်း ဒေသခံများထံမှသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နယ်မြေစိုးမိုးမှုများ ပိုမိုရရှိနိုင်ရေးအတွက် ချောက်မြို့နယ်ခံများ၏ ပံ့ပိုးမှုများလိုအပ်နေပြီး မြို့ကိုပြန်လည်ရယူနိုင်ရေးအတွက် တတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီအား ဖြည့်ပေးကြပါရန် Chauk Guerrilla Force က မေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *