နည်းနည်းလေးတောင် လူသားဆန်ဖို့ စိတ်မရှိတော့ဘူးလား

အထပ်နိမ့်တဲ့အိမ်တွေလည်း ငလျင်ဒဏ်ကိုခံရပါတယ်။ ကိုယ်မပြိုပေမဲ့ ဘေးကအထပ်မြင့်တွေပြိုကျတဲ့အခါမှာ အထပ်နိမ့်အိမ်တွေပေါ်ပါပြိုတာဖြစ်လာပါတယ်။

စစ်ကိုင်းမှာတော့ အထပ်မြင့်မြင့်၊ အထပ်နိမ့်နိမ့်အကုန်ထိတာပဲ။ ဒေသတဝိုက်ကမြို့ပျက်လိုဖြစ်နေရော။

မနေ့ကနန်းကျော့နဲ့စကားပြောဖြစ်တယ်။ မန္တလေးအိမ်အဆင်ပြေလားဆိုတော့ အထပ်နိမ့်လို့မပြိုပေမဲ့ ဘေးအထပ်မြင့်ကပြိုကျတာလာထိတယ်တဲ့။

လောလောဆယ် ဂိုဒေါင်ပေါ်ဆိုလာတပ်ပြီး ဘေးပတ်ဝန်းကျင်လည်းမီးလင်းအောင်၊ ဖုန်းအားလာသွင်းလို့ရအောင် လုပ်ပေးထားတယ်တဲ့။

သူနဲ့ကပြောနေရင်း သူကဝမ်းနည်းပြီးငိုရော၊ သူတစ်ယောက်တည်းတင်မက၊ တမြို့လုံးတင်မက၊ တနိုင်ငံလုံး – အားလုံးလိုလိုမှာ trauma တွေနဲ့မလား … ပြောရင်းဝမ်းနည်းလာတာပေါ့။

ပိုဆိုးတာက စစ်ဘေးရှောင်တွေ မန္တလေးကိုစစ်ဘေးရှောင်လာကာမှ ငလျင်နဲ့ပါထပ်တိုးရတာ။

ငလျင်ဒဏ်၊ စစ်ဘေးဒဏ်၊ ဗုံးကြဲတဲ့ဒဏ်ကို ခံလိုက်ရ၊ ကြုံဖူးလိုက်ရတဲ့ ကလေးတွေကတော့ မြန်မာပြည်ကလူ့ဘဝဆိုတာ တကယ့်ငရဲပဲလို့ ထင်သွားရှာမှာ။

ဒီနေရာမှာ သူအိပ်လို့လုံခြုံပါ့မလားလို့ ကလေးလေးကမေးတယ်တဲ့ – ၇ နှစ်သားအရွယ်ကလေးလေးတစ်ယောက်က safe place ဆိုတာကို တောင့်တတတ်နေပြီ။

ဒီကလေးတွေရသွားတဲ့ trauma စိတ်ဒဏ်ရာတွေဟာ ဘဝတသက်လုံးပါသွားမှာပဲ။

သူတို့မြင်သမျှဟာ မြို့ပျက်ကြီးလိုအဆောက်အအုံပျက်တွေ၊ ငလျင်ဒဏ်တွေ၊ စစ်ဘေးကပြေးရလွှားရတဲ့ဒဏ်တွေနဲ့ အေးချမ်းမှုဆိုတာကို ငါးနှစ်အတွင်း မကြုံဖူးရှာဘူး။

ပိုဆိုးတာက VPN ခံဆက်သွယ်နေရတော့ ပြည်ပကနေပြည်တွင်းကိုဆက်သွယ်ရတာမလွယ်။ ဒီလောက်လူတွေဒုက္ခရောက်နေချိန်မှာ တစ်လလောက်ကယ်ဆယ်ရေးလုပ်နေချိန်မှာ ဆက်သွယ်ရေးကောင်းဖို့ အပိတ်အဆို့အတားအဆီးတွေဖြုတ်ပေးကြဖို့ စိတ်မကူးတော့ဘူးလား။ နည်းနည်းလေးတောင် လူသားဆန်ဖို့ စိတ်မရှိတော့ဘူးလား။ ငလျင်ဒဏ်ထိကြတာ အကုန်လုံးပဲ၊ အရောင်အသွေးခွဲထိမနေပါဘူး။

တရုတ်ပြည်က အသိတွေကတောင်လှမ်းမေးတယ်။ မြန်မာပြည်မှာ အဆင်ပြေကြလားတဲ့။

သူတို့စိုးရိမ်နေတာက၂၀၀၈ ခုနှစ် တရုတ်ပြည်မှာလူပေါင်း ၈ သောင်း ၇ ထောင် ၅၀၀ ကျော်သေဆုံးခဲ့ရတဲ့ စီချွမ်ငလျင်လိုမျိုးဖြစ်မှာကို စိုးရိမ်ကြတယ်။

အဲ့ဒီစီချွမ်ငလျင်ကြောင့် မြေပြိုမှု ၂ သိန်းကျော်နဲ့ နောက်ဆက်တွဲငလျင် အကြိမ် ၈၀၀ လောက်ဖြစ်ခဲ့တော့ နောက်ဆက်တွဲတွေဖြစ်ပြီး ထပ်ထိမှာကို သတိပေးကြတယ်။

စီချွမ်ငလျင်က အင်အား ၈.၀၊ မြန်မာက အင်အား ၇•၇၊ စီချွမ်က မြေအောက်ပိုနက်နက်မှာလှုပ်တာ။ စီချွမ်ကတော့ အခုအားလုံးအသစ်ပြန်လည်တည်ဆောက်ပြီးပြီ။ ငလျင်ဘေးဒဏ်ကိုမမေ့အောင် အမှတ်တရအောက်မေ့ဖွယ်တွေ လုပ်ပေးထားတယ်။

စီချွမ်ငလျင်ဟာ လူပေါင်း ၅ သန်းကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တယ်။

အိမ်ဆိုတာအလုံခြုံဆုံးအရာ၊ မိသားစုအားလုံးရဲ့ခိုကိုးရာ၊ မိသားစုအားလုံးရဲ့ဘဝတည်ရာ နေရာ …

မြန်မာပြည်မှာရော ဘယ်လောက်အိုးမဲ့အိမ်မဲ့ဖြစ်သွားသလဲ တွေးမိတယ်။

စီချွမ်ငလျင်မှာ အမြတ်ထုတ်မှုတွေရှိလို့ အသံထွက်ခဲ့တယ်။

မြန်မာပြည်မှာလည်း အဲ့ဒီငလျင်ကိုခုတုံးလုပ်အမြတ်ထုတ်မှုတွေ လာနိုင်တယ်။ လူသားနည်းနည်းလေးဆန်ကြပါ၊ ဒါပဲပြောနိုင်တယ်။

Richard Myo Thant

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top