ငလျင် နောက်ပိုင်း နိုင်ငံစီးပွားရေး သရုပ်မှန် ကို လှစ်ဟ ပြခြင်း

နိုင်ငံ အလယ်ပိုင်း တွင် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသော ငလျင်ဒဏ်ကြောင့် လယ်ယာ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး နှင့် အခြေခံ အဆောက်အအုံပိုင်း များ ပျက်စီး သွားခဲ့၍ ယိုင်နဲ့နေပြီ ဖြစ်သော စီးပွားရေး အား ထပ်မံ အလဲထိုး ခံလိုက်ရသလို ဖြစ်လာခဲ့သည် ဟု ဟောင်ကောင်တွင် ထုတ်ဝေသော South China morning Post သတင်းစာ က အသေးစိတ် လှစ်ဟ ရေးသားလာခဲ့သည်ကို ကောက်နှုတ် တင်ပြလိုက်ရပါသည်။

နိုင်ငံ များစွာ မှ အရေးပေါ် လူသားချင်း စာနာ ထောက်ထားစွာဖြင့် အကူအညီများ ပေးလာသော်လည်း ရှေ့လျောက် တိုင်းပြည် စီးပွား ကျဆင်းလာမှု ကြောင့် အခက်အခဲများစွာ ရှိလာနေပြီ ဖြစ်သည်။

စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များ ကို ပြန်၍ သုံးသပ်နိုင်ခြင်း မရှိက ဆင်းရဲမှု၊ ငွေကြေးဖေါင်းပွမှု၊ ပို့ကုန်များ ကျဆင်းလာမှု၊ စိုက်ပျိုးရေး ကဏ္ဍ စွမ်းဆောင်ရည် နိမ့်ဆင်းသွားမှုများ အစရှိသည်တို့ကို နှစ်ပေါင်းများစွာ ခံရဖို့ ရှိနေသည်။

အသက်အိုးအိမ် စည်းစိမ် များ ဆုံးရှုံးခဲ့ရသည် သာ မက အထက်မြန်မာ ပြည်၏ စီးပွားရေး အသက်သွေး ကြောကြီး ဖြစ်သော မန္တလေး ရှိ ကုန်စည် ဖြန့်ဖြူးရာ supply chain ထိခိုက်သွားခဲ့ရသည်။

မန္တလေး ရှိ စက်မှု ဇုံများ တွင် စီးပွားရေး လုပ်ငန်းများ ထောင်ချီ ရှိနေပြီး အတော်များများသည် ငလျင်ဒဏ် ကြောင့် ပျက်စီးသွားခဲ့သည်။

ထို့အပြင် စစ်အုပ်စု ထိန်းချုပ် နယ်မြေများ အတွင်း နှင့် အပြင်တွင်လည်း လမ်း၊ တံတား၊ ဆက်သွယ်ရေး များ ပျက်စီးသွား၍ ကုန်တင်ကား အသေးစားများသာ သွားနိုင်တော့ပြီး မန္တလေး ဆိပ်ကမ်း သို့ ယာဉ်သွား ယာဉ်လာများလည်း ပိတ်ဆို့သွားသည်။

ထို့အတွက် လယ်ယာ ထွက်ကုန်များ ပို့ဆောင် ဖြန့်ဖြူး နိုင်ရေး ကို ထိခိုက်လာခဲ့သည်။ အညာ ဒေသ တွင် ပဲမျိုးနွယ်၊ ပဲစိမ်း၊ ကုလားပဲ၊ နှမ်း များ မေလ အတွင်း စိုက်ပျိုးကြရတော့မည် ဖြစ်သည်။

ယခုအခါ လယ်သမား များ အဖို့ မျိုးစေ့များ ရရှိရေး အတွက် အခက်အခဲမျိုးစုံ နှင့် ရင်ဆိုင်နေကြရပြီး အချိန်မီ မစိုက်ပျိုး နိုင်က ဝင်ငွေများ ထိခိုက်လာနိုင်သည်။

နေပြည်တော် တွင် အစိုးရ ရုံးဌာနပေါင်းများစွာ ထိခိုက်ပျက်စီးသွား၍ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာလာပြီ ဖြစ်သည်။ အဓိက အားဖြင့် လယ်ယာ ပို့ကုန်များ အတွက် “စိတ်ချစွာ စားသုံးနိုင်သည်” ဆိုသော လက်မှတ်များ ထုတ်‌မပေးနိုင် ဖြစ်လာသည်။ စစ်အုပ်စု မှ စီးပွားရေး ကို ဗဟိုမှ ချုပ်ကိုင်ထားပြန်သဖြင့် ကုန်သွယ်ရေး လိုင်စင် ချပေးနိုင်ရေး ကို ထိခိုက်လာပြန်သည်။

နိုင်ငံ၏ စီးပွား‌ ရေး စနစ်တခုလုံး နှင့် လူမှု စီးပွား‌ ရေး ကဏ္ဍများ ထိခိုက်လာမှု ကြောင့် ဝင်ငွေများ ကျဆင်းလာမှု နှင့် ဆင်းရဲနွမ်းပါးမှုများ ထူပြောလာတော့မည် ဖြစ်သည်။ ပို့ကုန်များ ကျဆင်းလာ၍ ယခင်ကတည်းက လောက်လောက်ငင မရှိသော နိုင်ငံခြား ငွေသည်လည်း ထပ်၍ လျော့နည်းလာဖို့သာ ရှိ၍ ငွေလဲနှုန်းသည်လည်း ကျဆင်းလာနိုင်သည်။ လက်ရှိတွင် ငလျင်ကြောင့် ရနေသော ပြည်ပ အကူအညီများ ကြောင့် အနည်းငယ် ထေမိ‌နိုင်စရာ ရှိနေသည်။

စစ်ကောင်စီသည် ငွေလဲနှုန်းကို ပုံစံ အမျိုး မျိုး နှင့် သတ်မှတ်လာနိုင်ပြီး ရနိုင်သည့် ‌နေရာများ မှ နှိုက်ထုတ် လာနိုင်သည့် အန္တရာယ် ရှိနေသည်။ ထိုအခါတွင်တော့ လက်ရှိ လည်ပတ်နေသော စီးပွားရေး လုပ်ငန်းများ ပိုမိုဆိုးဝါးလာနိုင်ပြီး အလုပ်လက်မဲ့များ ထူပြောလာမည် ဖြစ်သည်။

ငလျင်ဘေး မှ ပြန်လည် တည်ဆောက်ရန် ကုန်ပစ္စည်းများ ပို၍ တင်သွင်းဖို့ လိုအပ်လာသော်လည်း လက်ရှိ သွင်းကုန်များ အပေါ် တင်းကျပ်စွာ ကန့်သတ် ထားနေခြင်းများ ကြောင့် နှောင့်နှေးဖို့သာ ရှိနေသည်။

ပြည်တွင်း အာမခံ လုပ်ငန်းများ လည်း လိုင်စင် သက်တမ်း တိုးဖို့ အခက်အခဲများ ကြုံနေရသည်။ စီးပွားရေးပိတ်ဆို့ ခံထားရမှု၊ ငွေကြေးပိုင်း နှင့် နိုင်ငံတကာ အာမခံ လုပ်ငန်းများ ရုတ်သိမ်းသွားခြင်း များကြောင့်ပင် ဖြစ်သည်။

လူထု သည် လူမှု စီးပွားရေး ဒဏ် ကို ခါးစီး ခံနေရသည့် ကြားမှ ပြန်လည် တည်ဆောက်ရေး သည် ၎င်းတို့ ပုခုံးပေါ် ကျရောက်လာနေပြီ ဖြစ်သည်။ အာမခံ ကြေး သည်လည်း ငလျင်ဒဏ် ခံရသော ဒေသများ အတွင်း နက်နက် ရှိုင်းရှိုင်း မထိုးဖေါက်နိုင်၍ မဖြစ်စလောက်သာ ရနိုင်စရာ ရှိနေသည်။ စစ်အုပ်စု သည်လည်း စစ်စရိတ်များ ထောင်းနေ၍ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအား ထိထိရောက်ရောက် လုပ်နိုင်မည် မဟုတ်ပေ။

ကမ္ဘာဘဏ် ၏ ခန့်မှန်းချက်အရ ငလျင်ဒဏ် မခံရမီကပင် GDP ၏ ၅.၄ ရာနှုန်း လို‌ငွေ ပြနေပြီ ဖြစ်သည်။ လုပ်ငန်းများမှ အခွန်ဆောင်မှုသည်လည်း နည်းသည်ထက် နည်းလာနေပြီး ၂၀၂၁ မတိုင်မီက ၄၀ ရာနှုန်းမှ ၂၀၂၄ တွင် ၂၁ ရာနှုန်းသာ ရှိတော့သည်။ အခွန် မှ ဝင်ငွေသည် ၂၀၂၁ တွင် ကျပ်ငွေ ၈.၆ တြီလီယံ မှ ၂၀၂၄ တွင် ၉.၄ တြီလီယံ အထိ တိုးလာသည် ဆိုသော်လည်း ငွေကြေး ဖေါင်းပွလာခြင်းကြောင့် ဖြစ်သည်။ ယခုအခါတွင်တော့ ကျဆင်းလာဖို့သာ ရှိသည်။

စစ်အုပ်စုသည် ငွေချေးငှားဖို့တွင်လည်း အခက်အခဲများ နှင့် ကြုံနေရပြီး ဖြစ်သည်၊ အဓိက အားဖြင့် ဗဟိုဘဏ် မှ ထုတ်နှုတ် သုံးစွဲနေရသည်။ နိုင်ငံ တွင်းရှိ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊ လူထု ကလည်း ၎င်းတို့ ထုတ်ရောင်းသော ငွေချေးစာချုပ်များကို ဝယ်ယူမည့် အလားအလာ မရှိပေ။ အတိုးနှုန်းအား ၇.၅ မှ ၈ ရာနှုန်းအထိ ပေးထားသော်လည်း ၃၀ မှ ၃၅ ရာနှုန်းအထိ ရှိနေသော ငွေဖေါင်းပွမှု နှုန်းထက် များစွာ လျော့နည်းနေသော ကြောင့် ဖြစ်သည်။

၎င်းတို့အဖို့က ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဖို့သာ ရှိတော့သော်လည်း ထိုသို့လုပ်မည်ဆိုက ငွေဖေါင်းပွမှု နှုန်း ထပ်မံ မြင့်တက်လာပြီး အခြေအနေများ ပို၍ ဆိုးလာဖို့သာ ရှိသည်။

နိုင်ငံတကာ မှ အကူအညီများ ရလာသော်လည်း တူရကီ-ဆီရီယား ငလျင်တွင် အမေရိကန် ‌ဒေါ်လာ ၇.၉ ဘီလီယံ ရရှိခဲ့သည်နှင့် စာလျင် မဖြစ်စလောက်သာ ရှိသည်။ အလှုရှင်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်း များသည်လည်း ၎င်းတို့နှင့် ဆက်ဆံရမည်ကို တွန့်ဆုတ်နေကြပြန်သည်။ ငွေလွှဲနှုန်းကို အဆင့်ဆင့် သတ်မှတ်ထားသည့် အတွက် ၎င်းတို့သာ အကျိုးများဖို့ ရှိနေသည်။ ငလျင် မတိုင်မီကပင် ချေးထားသော ငွေများ၏ ၁၀ ရာနှုန်း ဆုံးရှူံးသွားခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် ချေးငွေများကို စစ်စရိတ်ထဲ ထည့်သုံး မည့် အရေးကို စိုးရိမ်မကင်းမှု များ ရှိနေကြသည်။

စစ်ကောင်စီသည် ဈေးနှုန်းများ ထိန်းချုပ်ထားမှု၊ လိုင်စင် ချထားပေးမှု နှင့် ငွေလဲနှုန်း အဆင့်ဆင့် သတ်မှတ်ပေးထားမှု များကို အပြောင်းအလဲများ လုပ်မည် ဆိုလျင်ပင် ပြီးခဲ့သည့် ငါးနှစ်က အခြေအနေမျိုး မည်သို့မျှ ပြန်မရောက်နိုင်တော့ပေ။

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!

✍Hla Soewai

Leave a Comment