၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်အတွင်းက ဖမ်းဆီးခံခဲ့ရသူ ကိုကျော်နိုင်(အမည်လွှဲ)မှာ အင်းစိန်ထောင်ဝင်းအတွင်းက ဤစစ်ကြောရေးအခန်းသို့ ထင်မထားဘဲ ရောက်လာခဲ့သည်။
သူ့အား စကစကို လက်နက်ကိုင်တော်လှန်နေသော မြေအောက်တော်လှန်ရေးအင်အားစု(ယူဂျီ)များကို ကူညီပေးသည်ဆိုသည့် သတင်းကြောင့် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
သူမလွတ်မြောက်ခင် ခြောက်လတာအတွင်း စစ်ဆေးခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၇၀ ဝန်းကျင်ရှိခဲ့ပြီး ယင်းအထဲမှ ၂၀ ဦးကျော်ထိ သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရသောသူလည်း ဖြစ်သည်။ ထိုအရေအတွက်မှာ သူနေသော အဆောင်တွင်သာ ရှိသေးပြီး ကပ်လျက်ရှိသော အခြားအဆောင်နှစ်ခုတွင် မည်မျှလောက် သေဆုံးသည်ကိုတော့ သူမသိရှိရဟု ဆိုသည်။
” ဒီထက်မကတဲ့ ပမာဏလည်း ဖြစ်နိုင်တယ်။ ကျနော် အိပ်ပျော်နေတဲ့အချိန် ဒီတိုင်းဆွဲသွားတာလည်း ရှိရင် ရှိနေနိုင်တယ် ” ဟု သူနေခဲ့ရသော အဆောင်က သေဆုံးသည့်အရေအတွက်ကို ပြောပြသည်။ သူဘေးနားက သုံးဦးမှာ သူ့ရှေ့တင်သေဆုံးသွားကြသည်ဟု ပြောပြသည်။
” မန္တလေးက ဖမ်းမိတဲ့ အသက် ၆၀ ကျော် ဦးလေးဆိုရင် ကွမ်းသီးငုံထားခံရတယ်။ သူ့ကို ကွမ်းသီးငုံရင်း ပါးတွေနားတွေ ရိုက်တယ်။ သူက မခံနိုင်လို့ မျိုချလိုက်တော့ လည်စလုတ်မှာ ကွမ်းသီးတစ်နေတယ်။ အဲ့ဒါကို လည်စလုတ်ကို ရိုက်တာ သေသွားတယ်။ ”
အခြားသူနှစ်ဦးမှာ အိပ်ပျော်ရင်း စစ်ကြောရေးလုပ်ခံထားရသည့်ဒဏ်ရာကြောင့် သေဆုံးသွားကြသည်။ ” သေသွားတဲ့သူတွေကို ဒီတိုင်းပဲ တရွတ်တိုက်ဆွဲသွားတာ။ တချို့ဆို သွေးတွေ ထွက်နေတယ် ”
စစ်ကြောမှုကိုလည်း သီးသန့်မထားဘဲ၊ ထိုအခန်းကြီးထဲမှာပင် ရိုက်နှက်မေးမြန်းနေသည်ကို မြင်နေရသည်။ စစ်ကြောရန် အလှည့်မရောက်သေးသူများမှာလည်း ကောင်းကောင်းအိပ်၍မရကြောင်း၊ ထိုသူတို့၏ နဖူးထိပ်တွင် ဂေါ်လီလုံးလေးကို တင်ထားပေးကြောင်း၊ ထိုဂေါ်လီလေး အောက်ပြုတ်ကြလျှင် ရိုက်ကြောင်း သူကပြောပြသည်။
” ဝါးလုံးတွေနဲ့ ရိုက်တယ်။ ကြိမ်လုံးတွေ၊ ပူလီကြိုးတွေနဲ့လည်း ရိုက်တယ် ”
ထမင်းနှစ်နပ်ကျွေးသည်။ ” မနက်ပိုင်း ခရမ်းသီးချက်လိုဟာမျိုးတွေ ကျွေးတယ်။ တခါတလေလည်း ကြက်ဥချက်စားရတယ်။ ကျနော် စားလို့ မရပါဘူးဗျာ ” ကိုကျော်နိုင်က ဖြည်းညင်းစွာပြောသည်။
ကိုကျော်နိုင်၏ ပြောဆိုမှုအရ ဟင်းကျွေးပုံကျွေးနည်းမှာ အင်းစိန်ထောင်မကြီးနှင့်လည်း မတူသလို အင်းစိန်ထောင်ဝင်းထဲက သီးသန့်ထောင်ငယ်ရှိ ဟင်းကျွေးပုံမျိုးနှင့်လည်း မတူသည်ကို တွေ့ရသည်။ အင်းစိန်ထောင်နှင့် သီးသန့်ထောင်တွင် နေ့လယ်စာအဖြစ် ပဲဟင်းအမြဲကျွေးသော်လည်း ကိုကျော်နိုင်မှာ ပဲဟင်းတကြိမ်မှ မစားဖူးခဲ့ဟု ဆိုသည်။
သူ့နေသောအဆောင်တွင် မိန်းကလေး ခြောက်ယောက်နှင့် ယောက်ကျားလေး ၆၀ ဝန်းကျင်ခန့် ရှိသည်။ ” မိန်း ကလေးတွေ menstruation(ရာသီ) လာရင်တော့ သူတို့က အပြာဝတ်တွေပေးတယ် ” ထိုအပြာရောင် အဝတ် အထည်မှာ ထောင်ကျများဝတ်သည့် ထောင်ပုံစံဝတ်စုံ ဖြစ်သည်။
ကိုကျော်နိုင် ပြောပြချက်အရ စစ်ကြောရေးလုပ်သည့် စရဖများမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်းမှုများ ရှိခဲ့သည်ဟု ဆိုသည်။ ” တဆောင်ထဲမှာ မိန်းကလေးရော၊ ယောက်ကျားလေးရော ရောထားတာ။ မိန်းကလေးတွေ အိမ်သာတက်ရင် ဒီကောင်တွေက လိုက်ဝင်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာပေါ့ဗျာ”
စစ်ကြောခံရသူ အများစုမှာ ကိုကျော်နိုင် လွတ်မြောက်သွားသည့်အချိန်အထိ တရားရင်ဆိုင်ရမှု မရှိဟုဆိုသည်။ မိသားစုများနှင့်လည်း ပေးမတွေ့ရဟု ပြောပြသည်။ ” ကျနော်တောင် မိသားစုနဲ့ ငါးလကြာမှ အဆက်အသွယ် ပြန်ရတာ ” ကိုကျော်နိုင်မှာ မိသားစုမှ နောက်ကလုပ်ပေးသည့်အတွက် ငါးလအကြာတွင် တွေ့ရခြင်း ဖြစ်သည်။
ရောက်သည့်အချိန်ကပင် လွတ်မြောက်သွားသည့် ဖေဖော်ဝါရီလပိုင်းအထိ မည်သူမဆို အခင်းမပါဘဲ သံမံတလင်းပြင်ပေါ်၌သာ အိမ်ခဲ့ရသည်ဟု ဆိုသည်။ ကိုကျော်နိုင်မှာ ထိုဒဏ်များကြောင့် ကျောက်ကပ်ဝေဒနာပင် ရခဲ့ကြောင်း ပြောပြသည်။
“ဆေးကုသပေးတာကတော့ တော်တော်လေးရှားပါးပါတယ်။ တခါတလေ DB(လူသေ) လာယူတဲ့ဆရာဝန်က အမြင်နဲ့ကြည့်ပြီး ကုသပေးတာလောက်ပဲရှိပါတယ်”
ကိုကျော်နိုင်မှာ စစ်တပ်အသိုင်းအဝိုင်းဘက်က ဖြစ်သည့်အတွက် သူစစ်ကြောရေးမခံရအောင် သူ့ဦးလေးက ကာကွယ်ပေးခဲ့ကြောင်း ရှင်းပြသည်။ ” ကျနော့်ကို သိပ်မထိရဲဘူး ” ဟု ဆိုသည်။ ခြောက်လခန့်ကြာပြီးနောက် ကိုကျော်နိုင်ကို သူ့မိသားစုက သိန်း ၇၀ ကျော်ပေး၍ ခေါ်သွားသည်။
ထိုစစ်ကြောရေးအခန်းအား အင်းစိန်ထောင်ဝင်းရှိ လျှို့ဝှက်သောအဆောင်တခုတွင် လုပ်ခဲ့ကြခြင်းဟု ကိုကျော်နိုင်က သူအမြင်ကို ပြောသည်။ အင်းစိန်ထောင်ဝင်းအတွင်းတနေရာတွင် လျှို့ဝှက်စွာတည်ရှိခဲ့သော ထိုနေရာမှာ အင်းစိန်ထောင်မကြီးနှင့် သီးသန့်ထောင်ငယ်လေးအကြားတွင် တည်ရှိနိုင်သည်။
ထိုအခန်းက မည်သည့်နေရာတွင် ရှိနေသနည်း။ ” ကျနော်တို့အခန်းကနေ တွိင်းလက်(သန့်စင်ခန်း)ကို လှမ်းမြင်နေရတယ်။ အင်းစိန်ထောင်မကြီးထဲတော့ မဟုတ်ဘူး။ အင်းစိန်ထောင်ဝင်းထဲမှာပဲ ဘယ်နားဆိုတာ အတိအကျ မသိရဘူး ” ဟု ဆိုသည်။ လှမ်းမြင်ရသော သန့်စင်ခန်းမှာ ကိုကျော်နိုင်တို့နေသောအဆောင်ရှိ အပြင်သန့်စင်ခန်းသာ ဖြစ်သည်။
ထိုအခန်းကနေ အင်းစိန်ထောင်မကြီးဖက်ကပြုလုပ်သည့် အရေးပေါ်လေ့ကျင့်ခန်းတွင်သုံးသော ဥဩဆွဲသံကိုကြားရကြောင်း သူကပြောသည်။ ” နာရီသံချောင်းခေါက်သံတွေတော့ မကြားရဘူး ” ဟု ဆိုသည်။
” အဆောင်က ဟောခန်းကြီးပုံစံမျိုးပဲ။ ကျနော်တို့က အဆောင်ထဲက ဒီဘက်ခြမ်း၊ မိန်းကလေးတွေက ဟိုဘက်ခြမ်း တဆောင်ထဲပဲ မြင်နေရတယ်။ ကျနော်တို့ကို တယောက်နဲ့တယောက် ၁၀ ပေ၊ ၁၅ ပေကျော်လောက်ခြားပြီး ထားတယ် ” ။
ကိုကျော်နိုင် ပြောသကဲ့သို့ အဆောင်မျိုး အင်းစိန်ထောင်မကြီးထဲတွင်လည်း မရှိသလို အင်းစိန်ထောင်မကြီးနှင့် ပေ ၃၀၀ ခန့်အကွာက သီးသန့်ထောင်ငယ်လေးတွင်လည်း မရှိပေ။ လူဦးရေ ၇၀ ခန့်ကို တဦး ၁၀ ပေ၊ ၁၅ ပေအကွာခြားလျက် ထားနိုင်သောအဆောင် မတွေ့ဘူးသေးပေ။ နိုင်ကျဥ်းများ တရားရင်ဆိုင်ရသော ထောင်ဝင်းအတွင်းက ဟောပြောခန်းမကြီးပင်လည်း ၇၀ ခန့်ကို ၁၀ ပေခြား ဆီထားလျက်ပင် ဆန့်မည်မဟုတ်ပေ။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဥ်းသားအားလုံးကို သီးသန့်ထောင်အငယ်လေးတွင် ထားရှိခဲ့သည်။ နောက်ပိုင်း အမျိုးသမီးနိုင်ငံရေးအကျဥ်းသားများအား သီးသန့်ဘက်တွင် မထားတော့ဘဲ ထောင်မကြီးဘက်သို့ ပို့ဆောင်ခဲ့သည်။
သီးသန့်ထောင်ငယ်လေးတွင် အဆောင်(၁)(၂)(၃)(၄)နှင့် ပြစ်ဒဏ်တိုက်(၁၁)(၁၂)တို့သာ ရှိသည်။ အလယ်တွင် အဝိုင်းသဏ္ဍာန်နှစ်ထပ်စစ်ကြောရေး၊ ထိုအဆောက်အဦအနီးတွင် ဦးစီးရုံးခန်းနှင့် သီးသန့်ထောင်ရုံးခန်းရှိသည်။ အဆောင်(၁)နှင့်ကပ်လျက်တွင် ထောင်အထက်တန်းကျောင်းသာ ရှိသည်။ ထောင်ရုံးခန်းအနီးတွင် မီးဖိုကြီးရှိသည်။
အင်းစိန်ထောင်မကြီးတွင်လည်း ထောင်အလယ် မိန်းဂျေးကို ဗဟိုပြုလျက် အဆောင်(၁)(၂)(၃)(၄)(၅)နှင့် အထူးအဆောင်တို့က ပတ်လည်ပုံသဏ္ဍာန်ဝိုင်းထားကြသည်။ ထောင်မကြီး ဝင်ဝင်ချင်းလမ်းတွင် ထောင်ဆေးရုံ၊ ဖိုကြီးနှင့် တိုက်ဝန်းရှိသည်။
အနောက်ဘက်တွင် အောက်ဆောင်များဟုခေါ်သော သပြေဆောင်၊ တရားစခန်း၊ လူငယ်ဆောင်၊ စစ်ခွေးတိုက်၊ အလုပ်ကြီး၊ ဝပ်ရှော့၊ ဓမ္မာရုံ၊ ကြိုးစင်ဝင်း၊ ဂိုဒေါင်ကြီးများသာ ရှိသည်။
ထောင်မကြီး ဝင်ဝင်ချင်းတွင် အမျိုးသမီးအချုပ်ဆောင်(၁)(၂)၊ အမျိုးသမီးအကျဆောင်(၁)၊ ထောင်အကျရုံး၊ ထောင်အချုပ်ရုံး၊ ဆန်ဂိုဒေါင်၊ ဝိဉာဥ်တိုက်နှင့် ဧည့်တွေ့ခန်းတို့သာ ရှိသည်။ ယခုကဲ့သို့ စစ်ကြေရေးလုပ်ထားသည့် အဆောင်မျိုးကြီးမျိုး မရှိပေ။
အင်းစိန်ထောင်မကြီးရှိ နိုင်ငံရေးအကျဥ်းသား အချုပ်ရော၊ အကျပါ တခါတရံ စရဖများ ခေါ်ထုတ်သွားကာ စစ်ဆေးမေးမြန်းမှုများတော့ ရှိသည်။ သို့သော် ယခုကဲ့သို့ စစ်ကြောရေးလုပ်၍ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ မရှိဟု ကိုယ်တိုင်ကြုံခဲ့ကြသည့် နိုင်ကျဥ်းများက ဆိုသည်။
ဤအခန်းထဲသို့ နောက်ရောက်လာသော သူများလည်း ရှိသည်။ နောက်ပိုင်း အမှုရင်ဆိုင်လာရသူအချို့လည်း ရှိသည်။ အချို့နိုင်ကျဥ်းမှာ တပတ်ခန့်သာ စစ်ဆေးခံရသူများ ရှိလာသည်။ ကိုကျော်နိုင်လွတ်မြောက်ပြီး ကျန်သူများထဲမှ အသက်သေနိုင်သူများ ရှိနေနိုင်သည်။
ထိုစစ်ကြောရေးအခန်းကို ဘယ်အချိန်ထိ လုပ်ခဲ့ပြီး ဘယ်နှစ်ယောက်ထပ်သေသည်ကို ကိုကျော်နိုင်လွတ်သွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မသိရတော့ပေ။
ယခုအခန်းနှင့် ပုံစံချင်းတူသော အခန်းတခန်းသာ အင်းစိန်ထောင်မကြီးတွင် ရှိသည်။ ထိုအခန်းမှာ စစ်ခွေးတိုက်ဖြစ်သည်။ အင်းစိန်တထောင်လုံးတွင် အရက်စက်ဆုံးနေရာဟု ဆိုနိုင်သည်။ ဤလိုနေရာမျိုးမှာပင် ခြောက်လခန့်အတွင်း လူ ၂၀ ကျော်ထိ သေဆုံးဖူးသည်ဟု မကြာဖူးပေ။
ထိုပမာဏာမှာ ကိုကျော်နိုင် နေထိုင်ခဲ့သော တဆောင်တည်းက အရေအတွက်ပဲ ရှိသေးသည်။ ကိုကျော်နိုင်နေသည့်အဆောင် ကပ်လျက်ရှိ စစ်ကြောခံရသော အဆောင်နှစ်ဆောင် မပါရှိသေးပေ။ ထိုနှစ်ဆောင်မှာလည်း စစ်ကြောရေးလုပ်ပြီး မည်မျှသေဆုံးမှုရှိသည်ကို ကိုကျော်နိုင် မသိရှိပေ။
၂၀၂၁ ခုနှစ်အတွင်း အင်းစိန်ထောင်ဝင်းအတွင်း ယခုကဲ့သို့ စစ်ကြောရေးလုပ်၍ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့မှုကိုလည်း မီဒီယာများနှင့် အဖွဲ့အစည်းများ၏ ရေးသားထုတ်ပြန်ချက်များတွင်လည်း မတွေ့ရှိပေ။
ထိုလျှို့ဝှက်သော လူသတ်စစ်ကြောရေးခန်းမှာ ဆက်ရှိနေသေးသလား၊ မရှိတော့ဘူးလား မည်သို့မည်ပုံ ရှိနေမည်ဆိုသည်ကို အတိအကျ မပြောနိုင်ပေ။
✍တွန်အိုးဝေ