မြို့ပေါ်က ဆိုင်ကယ်သမားများရဲ့သောက

မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။

ဘေးနားမှာလည်း သူ့ဇနီးသည်က မျက်နှာမသာမယာနဲ့ ငုပ်တုပ်ထိုင်နေတယ်။ အရင်ဆို လင်ကောမယားကော လင်းတာနဲ့ ဆိုက်တွဲမောင်းပြီး အလုပ်တွေပတ်ရှာလုပ်နေကြတာပါ။

ကိုမြင့်က သုံးဘီး ဆိုက်တွဲမောင်းရင်း အသက်မွေးဝမ်းကျောင်းပါတယ်။ ကုန်ပစ္စည်းတွေ ခေါက်တိုသယ်ချင်တာမျိုးဆို ကိုမြင့်ကိုငှားလို့ရပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ ကိုမြင့်တို့လင်မယားနှယောက် မြို့ပတ်ပြီး ပြိုတဲ့တိုက်တွေကသံတွေလိုက်ကောက်ကြတယ်။ ပစ္စည်းပို့ခိုင်းရင်ပို့ပေးတယ်။ ငလျင်လှုပ်ပြီး သူတို့တတွေ အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတယ်။

ဒါပေမဲ့ ဇွန်လဆန်းမှာတော့စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို အင်တိုက်အားတိုက်ဖမ်းဆီးလာတဲ့အခါမှာတော့ ကိုမြင့်တို့လို သုံးဘီး ဆိုင်ကယ်သမားတွေ ငုတ်ပျောက်တော့တာပဲ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ဖမ်းဆီးမယ်လို့ ပြောကြားခဲ့ပြီး​နောက်မှာစစ်​​ကောင်စီလက်​အောက်ခံဝန်ထမ်း​တွေက အခုလိုအားတက်သ​ရော ဖမ်းဆီး​ငွေရှာနေကြတာပါ။

အလုံးစုံအပြစ်ရှာဖမ်းတဲ့ ယာဥ်စစ်ရေးအဖွဲ့

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးရေးအဖွဲ့ဟာ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာလည်း အဖွဲ့စုံနဲ့နေ့စဥ် ပိုက်စိပ်တိုက် ဖမ်းဆီးနေပါပြီ။ ဖမ်းဆီးတဲ့အခါ လိုင်စင်မဲ့ယာဥ်တင်မကဦးထုပ်မဆောင်းတာ၊မေးသိုင်းကြိုးတပ်မထားတာ၊ နောက်​ကြည့်မှန်မပါတာ၊ ယာဥ်မောင်းလိုင်စင် ပါမပါတွေပါ စစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အရင်ကတည်းက ယာဥ်စစ်ဆေးတာအကြောင်းပြပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ လူဖမ်းတာတွေလုပ်လေ့ရှိပြီး အခုအခါမှာ ပိုဆိုးလာတာပါ။

ယာဥ်စစ်​ဆေးတဲ့အဖွဲ့​တွေထဲမှာ လုံခြုံ​ရေးအရဆိုပြီး စစ်သား နဲ့ ရဲ​တွေ ၊ ယာဉ်ထိန်းရဲ​တွေ ၊ ပျူ​စောထီး​တွေ ၊ ရပ်ကွက်​တွေထဲက အသက်ကြီးပိုင်း​တွေကို စစ်​ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုပြီး ထပ်ဖွဲ့​ပေးထားတဲ့ အပြာဝတ်​တွေ ၊ စည်ပင် နဲ့ ​ထွေအုပ်ရုံးက သူ​တွေပါ ပါ​တက်ပါတယ် ။

စစ်​ကောင်စီဝန်ထမ်း​တွေလည်းလိုင်စင်မဲ့ယာဥ်​တွေစီးနင်းကြ​ပေမယ့် သူတို့က​တော့ အဖမ်းမခံကြရပါဘူး ။

ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ခံဌာနတွေဟာ အချင်းချင်း နားလည်မှုနဲ့ ညှိပြီးလွှတ်ပေးနေကြပါတယ်။

“အဲဒီဌာနကလူတွေဆိုစစ်ဆေးရေးကတ်၊(ဝန်ထမ်းကဒ်)ထုတ်ပြရုံပဲ။ဝန်ထမ်းချင်းတဆင့်မြင့်တဲ့ သဘောပေါ့”လို့ အဲဒီဝန်ထမ်းက ဆက်ပြောပါတယ်။

သိန်းချီတဲ့ ဒဏ်ကြေးနဲ့ ဥပဒေမဲ့ ဖမ်း​ဆီးမှုများ

စစ်ကောင်စီက ပြစ်မှုပေါ်မူတည်ပြီး ငွေဒဏ်သိန်းချီတောင်းတာ၊ ဆိုင်ကယ်ကိုသိမ်းတာတွေ ပြုလုပ်နေတယ်လို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောပါတယ်။ အဆိုးဆုံးကတော့ လူကိုပါ ဖမ်းဆီးထောင်ချတာတွေ ရှိနေတယ်လို့ မန္တလေးနဲ့ မုံရွာမြို့ခံအချို့က ပြောပါတယ်။

“ရပ်ကွက်ထဲက ကလေးတစ်ယောက် လိုင်စင်မပါတာ ထောင်တစ်လချလိုက်တယ်။”လို့ ချမ်းမြသာစည်မြို့နယ်အနောက်ခြမ်းနေ အမျိုးသားတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့နဲ့ မုံရွာမြို့တွေမှာလည်း စစ်တပ်က ယာဥ်စစ်ဆေးရင်းလူကိုပါဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တကယ်တော့ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဌာန်းလိုက်တဲ့ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်

တော်ယာဥ် စီမံခန့်ခွဲမှုဥပဒေအရ ယာဥ်မောင်းလိုင်စင်မပါရင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားတာပါ။

ယာဥ်စစ်ဆေးရင်း စစ်သားသစ်ပါစုဆောင်းနေ

စစ်ကောင်စီဟာ ယာဥ်စစ်ဆေးရင်းနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ စစ်ကိုင်းနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတင် ယာဥ်စစ်ဆေးခံရပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေ အများအပြား ရှိနေကာ ဇွန်လ ၃ ရက်နေ့ကတင် လူငယ်တွေ အဖမ်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီက ထောင်မချဘူး။ပေါ်တာတခါတည်း ဆွဲခေါ်သွားတာ။ ပိုက်ဆံနဲ့ရွေးနိုင်ရင်ရွေး။ မရွေးနိုင်ရင် ပေါ်တာထဲပါတာ။”လို့ မုံရွာမြို့နေ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာလည်းစစ်ကိုင်းတံတား(ရတနာပုံတံတား) စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ငွေတွင်းတူးပေးလိုက်ပြန်တဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။

“ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင် အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်စက်စက်ကို ဖမ်းတာ။”လို့ မုံရွာမြို့ခံ လူငယ်တဦးက ပြောပါတယ်။

ယခုတကြိမ် လိုင်စင်မဲ့ယာဉ် တွေဖမ်းဆီးမှုမှာယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူ တွေကိုပါဖမ်းဆီးနေသလို ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ​တောင်တောင်းယူတာတွေရှိနေပါတယ်။

စစ်​ကောင်စီစိုးမိုး​ဒေသ​တွေက ပြည်သူ​တွေကိုထပ်တိုးဖိနှိပ်မှုဖြစ်

​စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။

လုပ်ငန်းတွေထိခိုက်လာ

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် အခြေခံလူတန်းစားတော်တော်များများ အလုပ်ကနေ ခေတ္တရပ်နားထားရတယ်လို့ မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာမြို့က ဒေသခံတွေက ပြောပါတယ်။

“မြို့ထဲက တိုက်ဆေးသုတ်ဖို့ အလုပ်က ခေါ်နေတာ။ကလေးတွေ ဘယ်သူမှ မသွားရဲလို့ မသွားကြဘူး။”လို့ မန္တလေး ဆင်ခြေဖုန်းရပ်ကွက်တခုက အမျိုးသမီးတဦးက ပြောပြပါတယ်။

စျေးရောင်းသွားတဲ့ဆိုင်ကယ်တွေလည်း အဖမ်းခံရမှာကြောက်လို့ စျေးရောင်းတဲ့အလုပ် ရပ်နားထားရတယ်လို့ စျေးသည်အချို့က ပြောပါတယ်။

မုံရွာမြို့မှာတော့ မြို့ပေါ် ယာဥ်သွားယာဥ်လာ ရှင်းလင်းနေပြီး ဖွင့်တဲ့ အလုပ်တွေလည်းစောစောဆင်းပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

“ပုံမှန်ဆို ၅ နာရီအလုပ်ဆင်းတာ။ အခုဆို ၄ ခွဲ၊ ၄ နာရီ အဲလိုမဆင်းလို့ မရတော့ဘူး။ အလုပ်သမားတွေလည်း မလာကြတော့ဘူး။”လို့ မုံရွာမြို့နေ အမျိုးသားတဦးက ပြောပါတယ်။

ငလျင်ကြောင့် အလုပ်တွေဆက်တိုက်လုပ်ခဲ့ရတဲ့ ကိုမြင့်တယောက် အခုတော့ ငူငူငိုင်ငိုင်ကြီး ထိုင်နေရတယ်။ ဒါတင်မကသေးပါဘူး။ စစ်ကောင်စီက ရပ်ကွက်ထဲတွေအထိ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းမယ်ဆိုလို့ ကိုမြင့်ဟာ သူ့ဆိုက်တွဲလေးကို ဝှက်ထားရတယ်လို့ ပြောပြတယ်။

“ဆိုက်တွဲကို စောင်ခြုံထားရတယ်။”လို့ ကိုမြင့်ကပြောရင်း မချိပြုံး ပြုံးနေပါတော့တယ်။ ။

Leave a Comment