ပန်ထွာမင်းသမီး၏ မျိုးရိုးကား မင်းမျိုးများဖြစ်ကြသည်။ တကောင်းပြည် အဆက်အနွယ်များ ဖြစ်ကြသည်။ တကောင်းမင်း၏ သားတော် “သတိုးမဟာရာဇာ”(သတိုးမင်းဆက် ၁၇-ဆက်မြောက်)နှင့် မိဖုရားကြီးတို့မှ အမြွှာသားတော်၂ ဦး မွေးဖွားရာ ယင်းတို့အား-မဟာသမ္ဘဝ -စူဠသမ္ဘဝဟု မှည့်ခေါ်ခဲ့သည်။
ထိုအမြွှာညီနောင်အား သာသနာသက္ကရာဇ် ၄၀ (ဘီစီ ၅၀၄) တွင် မွေးဖွားသည်ဟု သမိုင်းတွင် အမှတ်အသားထား၏။ထိုအမြွှာညီနောင်မှာ မိဖုရားကြီး ကိုယ်ဝန်ရှိခိုက် နဂါးမျက်သင့်ခံရလေသောကြောင့် မွေးဖွားလာသောအခါ မျက်စိနှစ်ကွင်း အလင်းမရရှာသော “မျက်မမြင်” ကလေးများအဖြစ် လူ့လောကသို့ ခြေချလာခဲ့ရှာလေသည်။
ထိုအခါ သတိုးမင်းကြီးသည် သားတော် ၂-ပါးအတွက် အရှက်ရလေသောကြောင့် မိဖုရားကြီးအား “ယခုဖွားသော သူ၂-ယောက်ကို တစ်ပါးသူတို့ မသိလေအောင် ဖျောက်ဖျက်လေ”ဟုမိန့်တော်မူလေ၏။ သို့သော်လည်း မိဖုရားကြီးသည် ဝမ်းနှင့်လွယ်မွေးခဲ့ရသော မိမိရင်သွေးတော် ကလေး၂-ဦးအား လွယ်လွယ်ဖြင့် မဖျက်ဆီးနိုင်။
ဆိုးသော ကံကြမ္မာကြောင့် မျက်စိ ၂-ကွင်း အလင်းမရကြသည်ကို သနားငဲ့ကွက်လျက် မောင်တော်မင်းကြီးအမိန့်ကို ဖီဆန်ခဲ့သည်။ မိဖုရားကြီးသည် မဟာသမ္ဘဝနှင့် စူဠသမ္ဘဝတို့ နှစ်ဦးအား ယုံကြည်စိတ်ချရသော အထိန်းတော်များထံ အပ်နှံ၍ လုံခြုံသောနေရာဒေသ၌ ကျွေးမွေးစောင့်ရှောက်ထားစေခဲ့သည်။ ထိုသားတော်၂-ပါးမှာ ဘေးရန်ကင်းဝေးလျက် ယောက်ျားတို့ တတ်အပ်သော ပညာရပ်များအပြင် မင်းတို့ကျင့်ဆောင်ရာဖြစ်သည့် မင်းကျင့်တရားဆယ်ပါးနှင့် ရာဇာမဟာတို့ကိုပါ သင်ကြားတတ်မြောက်ကြလေ၏။
ဤသို့ဖြင့် ကွယ်ဝှက် တိတ်ဆိတ်စွာ ကြီးပြင်းလာခဲ့ရာ သာသနာသက္ကရာဇ် ၅၉၊ (ဘီစီ-၄၈၅)တွင် သားတော်တို့ ၁၆-နှစ်သားအရွယ်သို့ ရောက်ရှိခဲ့လေသည်။ ကျန်းမာသန်စွမ်းခြင်းအရာတွင်လည်း သူမတူသော အစွမ်းရှိသည်ဖြစ်၍ ထိုသတင်းမှာမည်သို့ပင် သိုဝှက်ကွယ်ဖျောက်ထားစေကာမူ လူသတင်း-လူချင်းဆောင်၍ မင်းကြီးနားတော်သို့ ပေါက်ကြားခဲ့လေသည်။
ခမည်းတော် တကောင်းမင်းကြီးလည်း သားတော်၂-ပါးကို မိဖုရား ရှည်မြင့်စွာ ဝှက်ထားကြောင်း သိလေရာ တစ်ချက်လွှတ်အမိန့်တော် ချမှတ်ခဲ့ပြန်သည်မှာ- “ဟယ်…မိဖုရား၊ ငါ၏အသရေကို ယုတ်အောင် ပြုသည် မဟုတ်တုံလော၊… ယခုပင် ဤညီအစ်ကိုအား သတ်ဘိလော့” ဟူ၍ မိန့်ကြားတော်မူလေ၏။
ထိုအခါ မိဖုရားကြီးလည်း မင်းအာဏာကို ကြောက်ရွံ့သောအားဖြင့် ဆက်လက်၍ ဝှက်မထားဝံ့တော့ချေ။ သို့တိုင် ဤသို့ကြံစည်ပြန်လေ၏။ “ယခုလတ်တလော သေသွားရသည်ထက် မျက်ကွယ်ရာအရပ်တွင် သူတို့ ကံကြမ္မာအလျောက် ဖြစ်ချေသော်ကောင်းအံ့။ သေတစ်ကံ၊ ရှင်တစ်ကံဖြစ်၍ မင်းကြီးနှင့် ဝေးလျှင် ဤအရေးပြဿနာ အဆုံးသတ်ပြီတည်း”
မိဖုရားကြီးသည် မိခင်စိတ်အပြည့်နှင့် သားတော် ၂-ပါး အတွက် ဥပေက္ခာစိတ်ကို မွေးမြူရချေသည်။ မပြတ်နိုင်သော သံယောဇဉ်ကြိုးကြောင့် သားတော် ၂-ပါး အတွက် ကောင်းမွန်ခိုင်ခန့်လှသော လှေဖောင်ကို လူယုံတို့အား ပြုလုပ်စေပြီးသော် နေ့ရက်ရှည်လျားစွာ စားသောက်ရနိုင်မည့် မသိုးထမင်း၊ မသိုးဟင်းနှင့် အထူးထူးသော စားမြိန်စရာ မုန့်တို့ကိုလုပ်၍ လုံခြုံသေချာအောင် သိုထားပြီးမှ မင်းသား ၂-ပါး အား ဧရာဝတီမြစ်ရေအစုန်တွင် ဖောင်ပေါ်တင်မျှောလိုက်လေသည်။
မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ ညီနောင် ၂-ပါး လည်းမယ်တော်ထည့်ပေးလိုက်သည့် စားမြိန်စာထုပ်ကို တစ်နေ့တစ်ထုပ်ကျ ဖြည်၍စားသောက်ရင်း မြစ်စဉ်အတိုင်း မျောခဲ့ကြရှာလေ၏။ စစ်ကိုင်းအရပ်သို့ ရောက်သောအခါ ကိုင်းနေသော သစ်ပင်ကြီးကို ဖောင်တိုက်မိလေ၍ ဖောင်တန့် လေ၏။
ထိုအရပ်၌ “စန္ဒမုခိ”အမည်ရှိသော ဘီလူးမသည် ဖောင်ပေါ်သို့ အမြန်တက်၍ လိုက်ပါခဲ့လေ၏။ မင်းသားညီနောင်တို့ စားချိန်ရောက်၍ စားမြိန်စာနှင့် မုန့်တို့ကို စားသောက်သောအခါ ဘီလူးမလည်း မပြတ်ဝင်၍ နှိုက်စားလေသည်။ မျက်စိ ၂-ကွင်း အလင်းမရသော မင်းညီနောင်တို့အဖြစ်ကို အခွင့်ကောင်းယူလျက် ဤသို့စားသောက်ခါဖြင့် တိတ်တဆိတ် လိုက်ပါခဲ့လေသည်။
တောင်တွင်းကြီးသမိုင်း၌ ဘီလူးမကို စန္ဒမုခိဟု အမည်မသုံး။ “ရွှေနံကိုင်း” အမည်ရှိ ဘီလူးမဟု ဖော်ပြသည်။ စန္ဒမုခိဘီလူးမက ညီနောင် ၂-ပါး၏ စားမြိန်စာထုပ်ကိုဖြည်စားတိုင်း အကြိမ်ကြိမ် ဝင်ခိုးစားသောကြောင့် ကြာသောအခါတွင် ညီနောင်တို့ ရိပ်မိလာပြီး ယခင်ကကဲ့သို့မဟုတ်။ စားမြိန်စာထုပ်သည် တစ်ခဏတွင်း၌ပင် ကုန်၍ ဝလင်အောင် မစားရသောအခါ ရိပ်မိလာလေသည်။ ထိုအခါ ညီအစ်ကိုတို့ သတိထား၍စားလာကြစဉ် တစ်ကြိမ်၌ လက်တစ်ဖက်ကို မဟာသမ္ဘဝသည် ဆွဲကိုင်မိလေ၏။
“ညီတော်… ဤလက်သည် ညီတော်လက် ဟုတ်ဟန်မရှိ” “ညီတော်လက် မဟုတ်ပါနောင်တော်” မဟာသမ္ဘဝလည်း ဖမ်းဆွဲမိသောလက်အား မြဲမြံစွာ မလွှတ်တမ်း ဆုတ်ကိုင်ထားပြီး သန်လျက်ဖြင့် ခုတ်ဖြတ်မည့်ဟန် ပြင်လေရာ…
“အရှင်သားတို့… ကျွန်ုပ်အား အသက်မှ ချမ်းသာပေးပါ” “သင်ကား… မည်သူနည်း””ကျွန်ုပ်ကား အခြားသူမဟုတ်တုံ၊ နတ်ဘီလူးအနွယ်ဝင် စန္ဒမုခိဘီလူးမ ဖြစ်ပါသည်။ ကျွန်ုပ်အသက်အား ချမ်းသာပေးပါလျှင် အရှင့်သားတို့ အလိုရှိသော အမှုကို ရွက်ဆောင်ပေးပါမည်”
ဤသို့ တောင်းပန်လေသောအခါ မင်းသားတို့လည်း… “ကောင်းလှပြီ… အသို့ဆိုပါလျှင် ငါတို့ညီနောင်၏ မျက်စိကို ပြန်မြင်အောင် စွမ်းဆောင်နိုင်ပါမည်လော” စန္ဒိမုခိလည်း “စွမ်းဆောင်နိုင်ပါသည်”ဟု ကတိအတန်တန်ပေးလေ၏။ မင်းသား ၂-ပါးလည်း ဘီလူးမအား ကြိမ်ဖန်များစွာ စကားသစ္စာဆိုစေပြီးမှ လက်ကို လွှတ်လေ၏။
စန္ဒမုခိလည်း တန်ခိုးကြီးသော နတ်ဘီလူးတို့အား ထိုအကြောင်းကို ကြားလေ၏။ တန်ခိုးကြီးသော နတ်တို့လည်း ဤမင်းသားညီနောင်တို့သည် ဘုရားရှင် သာသနာတော်ကို အစဉ်ဆောင်ရွက်လတ္တံ့သောအကြောင်းကို မြင်၍ အထူးထူးသော မျက်စဉ်းတို့ကို ပေးလိုက်လေသည်။ ဘီလူးမလည်း မင်းသားညီနောင်တို့ ဖောင်နှင့်မျောသည့်အတိုင်း လိုက်၍ ကုစားပေးလေ၏။
စန္ဒမုခိဘီလူးမ၊ စစ်ကိုင်း-စကုမော်အရပ်ကစ၍ နတ်တို့ ဆေးဝါးဖြင့် စတင်ကုသပေးသဖြင့် ထိုအမော်ကို (စကုမော်) ဟုအမည်တွင်လေ၏။ အချို့သော သမိုင်းကျမ်းတို့၌ စကုအရပ်မှစ၍ကုသည်ဟု ဖော်ပြကြသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပါက စလင်းပြီးမှ စကုသို့ ရောက်ရှိမည်ဖြစ်သည်။
ကျမ်းရင်းတို့အဆို၌ စကုအရပ်မှ မျက်စိကို စကုသောကြောင့် စကုဟူ၍လည်းကောင်း၊ ညီနောင် ၂-ပါးတို့ မျက်စိစမြင်သဖြင့် စလင်းဟူ၍လည်းကောင်း ယခုတိုင် အမည်စွဲမှတ် ခေါ်ဝေါ်လျက် ရှိကြောင်းဆိုထားသည်။ စလင်း၌ မျက်စိ စမြင်ကြသောအခါ လောကကြီးကို ဒိဌဓမ္မ စတင်မြင်ကြသော မင်းသားတို့သည် အံ့သြစွာဖြင့်…
“မိုးကားအဖုံး၊ မြေကားအထဲ”တည်း။ဟု ရေရွတ်ကြသည် ဆိုပြန်သဖြင့် ထိုအရပ်ကို”မိုးဖုံး-မြေထဲ”ဟူ၍ ခေါ်တွင်လေပြန်၏။ မင်းသား ၂-ပါး မျက်စိပြန်မြင်သည်နှင့် စန္ဒမုခိဘီလူးမသည် အလွန်တရာ လှပသော လူအသွင်ကိုယူ၍ နေလေ၏။ အလုပ်အကျွေးပြုရာတွင် မင်းသားငယ်ဖြစ်သော စူဌသမ္ဘဝ ကိုပိုမိုအလုပ်အကျွေးပြုသည်။
မင်းသားညီနောင်တို့သည်လည်း လူ့အသွင်ဆောင်ယူထားသည့် ချောမောလှပသော စန္ဒမုခိအပေါ် နှစ်သက် စွဲလမ်းကြလိမ့်မည်ဖြစ်သည်။
ရှေးရာဇဝင်တို့၌ စန္ဒမုခိနှင့် ချစ်ကြိုက်ခဲ့သူမှာ အကြီးဖြစ်သော မဟာ သမ္ဘဝလော… အငယ်ဖြစ်သော စူဌသမ္ဘဝလော ဟူမူ တိကျကွဲပြားစွာ ခွဲခြား၍ မှတ်သားခြင်း မပြုခဲ့ပေ။
အချို့ရာဇဝင်တို့၌ မဟာသမ္ဘဝနှင့်ဟုဆို၍ အချို့ရာဇဝင်တို့မှာမူ စူဌသမ္ဘဝနှင့်ဟု ဖော်ပြကြသည်။
ဤပန်ထွာမင်းသမီး၏ ဖခင်အစစ်အမှန်ကို ဖော်ပြရန် များစွာ မဝံ့ရဲချေ။ ။
သန်းထွန်း( လှည်းကူး) ၏ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
Leave a Reply