စာကျက်သံတွေပျောက်သွားတဲ့ရွာ

လေကြောင်းပစ်ခတ်မှု တစ်ခုအတွက် စစ်တပ်ဘယ်လောက်သုံးလဲ

ဝေလူးရွာရဲ့ ညစာသင်ဝိုင်းက စာကျက်သံတွေကို ‌ခပ်နိမ့်နိမ့်ပျံနေတဲ့ ‌စစ်လေယာဥ်သံက ဖုံးလွှမ်းသွားပါတယ်။ ‌‌ချင်းပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး မတူပီမြို့နယ်နဲ့ မိုင် ၄၀ ဝေးတဲ့ ဝေလူးရွာမှာ ညတိုင်းနီးပါး စာကျက်သံတွေဖုံးလွှမ်းနေတာ လချီကြာခဲ့ပါပြီ။

ဒေသတွင်းက ပဋိပက္ခတွေကြားမှာ စာမသင်ရတဲ့ ဝေလူးရွာက ကလေးတွေကို CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးဟာလောင်းက သူ့ အိမ်မှာနေ့တိုင်း စာသင်ပေးနေခဲ့တာပါ။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ‌လောက်မှာတော့ ဆရာဟာလောင်းနဲ့ ကလေးငယ်တွေဆီကို ကံကြမ္မာဆိုးက ရောက်လာခဲ့ပါတယ်။

ပလက်ဝနဲ့ မတူပီမြို့နယ်အစပ်တဝိုက်ကိုလာတဲ့ စစ်တပ်လေယာဥ်ရဲ့ ဗုံးဆံတွေက စာကျက်သံတွေညံနေတဲ့ ကျောင်းဆရာ ဦးဟာလောင်းရဲ့ အိမ်ပေါ်တည့်တည့် ကျရောက်ခဲ့ပါတယ်။

” အဲဒီညက လေယာဥ်သံတွေကိုရွာကအကုန်ကြားကြတယ်။ပုံမှန်ပျံနေကြတာလို့ပဲထင်ကြတယ်။ ရွာကိုလာပစ်တယ်လို့မထင်ဘူး။ အဲဒီလိုကြားပြီးသိပ်မကြာဘူး။ ဗုံးကြဲချလိုက်တာဆရာဟာလောင်းအိမ်ပေါ်ကိုဗုံးဆံတွေကျတယ်။ ဆရာရော ကလေးတွေရော အားလုံး‌ လူမှန်းသူမှန်းမသိရတဲ့ပုံစံနဲ့ သေသွားကြရတာ ” လို့ ဆရာဟာလောင်းရဲ့ မိသားစုဝင် ဝေလူး‌ရွာသားတစ်ဦး က ပြောပြပါတယ်။

ဝေလူးရွာရဲ့ တစ်ခုတည်းသော စာသင်စာကျက်ဝိုင်းပေါ်ကို ‌လေယာဥ်ပေါ်ကနေ ဗုံးကြဲချလို့ စာသင်နေတဲ့ ကလေးငယ် ၈ ဦး၊ ကျောင်းဆရာ ဦးဟာလောင်း အပါ လူကြီး ၃ ဦး စုစုပေါင်း ၁၁ ဦးဟာ ဗုံးဆံတွေကြားမှာ သွေးအိုင်တွေကြား ဘယ်သူဘယ်ဝါခွဲခြားမရအောင်ဖြစ်ခဲ့ကြပြီး နေရာမှာပဲသေဆုံးခဲ့ကြပါတယ်။

” လေယာဥ်က တစ်ရွာလုံးပတ်တဲ့ပုံစံလိုက်ပစ်ချတာ။တစ်ရွာလုံးကိုအကုန်လုံးလိုက်ပစ်တာလား ဗုံးချတာလားကိုမသိလိုက်ရဘူး။လေယာဥ်သံရောလက်နက်သံရောနဲ့အသံကြီးတွေက အကျယ်ကြီး ကမ္ဘာပျက်သလိုပဲ။ အခု မပေါက်သေးတဲ့ ဗုံးတွေလည်း အောက်မှာကျန်ခဲ့တယ်” လို့ ဝေလူးရွာသား ကိုဂါနာကပြောပြပါတယ်။

သေဆုံးသွားတဲ့ ကလေး ၈ ဦးထဲမှာ ကျောင်းဆရာ ဦးဟာလောင်းရဲ့ သားအရင်းဖြစ်သူ ကလေး ၃ ဦးလုံးလည်း ပါသွားတာပါ။ ဦးဟာလောင်းရဲ့ ဇနီးဖြစ်သူနဲ့ မိခင်ကတော့ မင်းတပ်နယ်ထဲကဆေးရုံတစ်ခုမှာ ကုသမှုခံယူနေရပြီး စိုးရိမ်ရပါတယ်။

” ဆရာသားလေးတွေ ၃ ယောက်လည်းသေသွားကြတယ်။ အငယ်ဆုံးကလေးက ၆ နှစ်၊အလတ်နဲ့ အကြီးက ၉ နှစ် နဲ့ ၁၂ နှစ် ။ ကျန်တဲ့ ကလေးတွေက စာလာသင်ကြတဲ့ကလေးတွေ မိန်း‌‌ခလေး ၃ ယောက်ပါတယ်။ နောက်တခြားအိမ်က ယောက်ကျားလေး ၂ ယောက် ရယ် စုစုပေါင်း ကလေး ၈ ယောက် တခါတည်းသေသွားကြတာ” ကိုဂါနာက ဆက်ပြောပြပါတယ်။

ဝေလူးရွာဟာ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ထဲမှာရှိပြီး ပလက်ဝနဲ့ မင်းတပ်မြို့တွေနဲ့ လျက်ရှိနေတာပါ။ ဝေလူးရွာမှာ ချင်းမျိုးနွယ်ဝင် ဒိုင်းလူမျိုးတွေ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။

ပညာတတ်ရှားပါးလှတဲ့ ချင်းပြည်နယ်ရဲ့ အခေါင်ဆုံးဒေသက ဝေလူးရွာမှာ ‌မုံရွာပညာရေးကောလိပ်ကကျောင်းဆင်း အသက် ၃၄ နှစ်အရွယ် ဆရာဦးဟာလောင်းက တစ်ရွာလုံးရဲ့ အလင်းရောင်လိုပါပဲ။ ကျောင်းဆရာ ပညာတတ်ဖြစ်လို့ ရွာထဲက ပညာရေးတင်မဟုတ် ကျန်းမာရေး နဲ့ အသိပညာအတွက် ဦးဟာလောင်းကို အားကိုးကြရပါတယ်။

” ဟာလောင်းက အရမ်းသဘောကောင်းတယ်။ တစ်ရွာလုံးကချစ်တယ်။ ပညာတတ်ရှားတော့ သူကို အရမ်းအားကိုးရတယ်။ အခု ရွာကလူတွေအတွက်‌ရော၊ ကလေးတွေအတွက်ရော စာသင်ပေးမယ့်သူမရှိတော့ဘူး ” လို့ ဝေလူးရွာခံ တစ်ဦးက ပြောပါတယ်။

ရုပ်သံဖိုင်အရ လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဝေလူးကျေးရွာတစ်ခုလုံး ဟာ အပျက်အစီးစတွေနဲ့ ပြန့်ကျဲနေပါတယ်။ အိမ်ခြေ ၈၀ ရှိတဲ့ရွာရဲ့ အဝင်လမ်းကစလို့ ရိုက်ကူးသွားတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တွေအားလုံး လက်နက်ဒဏ် ဗုံးဒဏ်ကြောင့် အိမ်ခေါင်မိုးတွေပွင့်ထွက် ပြိုကျပျက်စီးနေပါတယ်။

ရွာလမ်းတစ်လမ်းလုံးမှာ‌ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်ထွက်ကျလာတဲ့သွပ်တွေ၊ အိမ်တိုင်တွေ၊မှန်ကွဲစတွေ ၊အပျက်အစီးစတွေနဲ့ ပြည့်နေပါတယ်။ ၃ မိနစ်ကျော်ရှိတဲ့ ရုပ်သံဖိုင်ထဲမှာ လမ်းအစကနေ အဆုံးအထိ အိမ်တိုင်းနီးပါးဟာ ဗုံးဒဏ်ကြောင့် ပျက်စီးကျန်ခဲ့တာတွေ့ရပြီး တစ်လုံးမှအကောင်း အတိုင်းမတွေ့ရတဲ့အခြေအနေပါ။

သစ်ပင်တွေအားလုံးလဲပြိုကျနေပြီး လက်နက်ကြီးပေါက်ကွဲထားတဲ့ ‌မြေကျင်းအနက်ကြီးကိုလည်းတွေ့ရပါတယ်။

”အိမ်တွေအားလုံးက မုန်တိုင်းတိုက်လိုက်သလိုပဲ။ ဗုံးဆံတွေက ပြင်းလားမပြင်းလားဆိုရင်။ တစ်ရွာလုံးလွင့်စင်သွားသလိုပဲ။ မီးလောင်ပြာကျသွားတဲ့အိမ်တွေရော။အရမ်းရက်စက်တယ်။” လို့ ဝေလူးကျေးရွာသားတစ်ဦးကပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားဘူးတဲ့ရွာဖြစ်ပါတယ်။

ကာကွယ်ရေးတပ်တွေမရှိတဲ့ ဝေလူးရွာ ကို အခုလို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာ ရွာခံတွေက စစ်တပ်ကိုမေးခွန်းထုတ်ချင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

”ကျွန်တော်တို့ စစ်တပ်ကိုမေးချင်တယ်။ကျွန်တော်တို့ရွာက သူတို့ကိုဘာလုပ်လို့လဲ။ ဘာလို့အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာလဲ။ ရွာမှာဘာတိုက်ပွဲမှမရှိဘဲ ဒီလို အကြောင်းမဲ့ ဗုံးကြဲသတ်တာ ကို တာဝန်ယူပေးပါ ” လို့ ဝေလူးရွာသားတစ်ဦးက ငိုသံတွေကြားကနေ ဘီဘီစီကိုပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၀၀၆ ကြိမ်ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ၉၉၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းပြုစုထားသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်း ၃၂ လအတွင်းမှာ အကြိမ်ရေ ၂,၀၀၀ ထက်မနည်းလေကြောင်းသုံး တိုက်ခိုက်မှုလုပ်ထားတာကို ဘက်ပေါင်းစုံက မြန်မာနိုင်ငံရေး အခြေအနေကိုလေ့လာသုတေသနပြုတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar)ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။

ဒါက သြဂုတ်လအထိစာရင်းပြုစုမှုဖြစ်လို့ စက်တင်ဘာ ကနေ နိုဝင်ဘာ ဒုတိယပတ်အထိစာရင်းတွေ မပါသေးပါဘူး။

ကိန်းဂဏန်းအတိအကျမဟုတ်‌သေးပေမဲ့ ကျန်တဲ့ ၃ လနီးပါးအတွင်းမှာလည်း စစ်ကောင်စီဟာ ကရင်၊ ကချင်၊ ‌ကရင်နီ နဲ့ စစ်ကိုင်း တို့မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီလုပ်ထားတယ်လို့ ကနဦး‌ စာရင်းတွေအရသိရပါတယ်။

နိုင်ငံတဝန်း စစ်ရေးဆိုင်ရာအချက်အလက်တွေကို လေ့လာသုတေသနပြုတဲ့ ဥာဏ်လင်းသစ်အဖွဲ့ရဲ့ စာရင်းအရဆိုရင် နှစ်နှစ်ခွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၆၃၄ ဦးသေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

လေကြောင်းပစ်မှတ်အမိန့် ဘယ်ကလာသလဲ

စစ်ကောင်စီလေတပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို အခြေအနေ နှစ်မျိုးမှာသုံးပါတယ်။

ခြေလျင်တပ်က စစ်ကူတောင်းတဲ့အချိန်နဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ဝေဟင်ကနေ ဗုံးကြဲတာမျိုးဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ အနီးကပ်လေကြောင်းပစ်ကူပေးတာနဲ့ တစ်ဖက်လက်နက်ကိုင်အဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ဗုံးကြဲတာမျိုးလို့လည်း ပြောနိုင်ပါတယ်။

ဒီပုံစံနှစ်မျိုးအတွက် လေတပ်အကူအညီရယူတဲ့အခါမှာ အဆင့်ဆင့်သတင်းပေးပို့မှုတွေ လုပ်ပြီး ပစ်မှတ်အတွက် အတည်ပြုချက်ယူတယ်လို့ CDM လုပ်လာခဲ့တဲ့ လေတပ်အရာရှိတစ်ဦးကပြောပြပါတယ်။

ပစ်မှတ်ရှိတဲ့ ဒေသနဲ့ဧရိယာ၊ ပြုလုပ်ရမယ့် စစ်ဆင်ရေးအခြေအနေကိုအရင်ဆုံး စိစစ်ပြီး လေယာဥ် အလိုက် ပစ်ခတ်ရမယ့် ဗုံးအမျိုးအစားတွေကို တပ်ဆင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဂူးဂဲလ်မြေပုံကိုအသုံးပြုသလို Air Navigation Pro လို လေကြောင်းသုံးအက်ပလီ ကေးရှင်းတွေနဲ့ တည်နေရာလမ်းကြောင်းတွေကို လေယာဥ်မှူးက စစ်ဆေးတာကို အရင်ဆုံး စတင်လုပ်ဆောင်တာပါ။

စစ်ဆေးမှုတွေပြီးစီးရင် သွားမယ့်ဒေသနဲ့ ဧရိယာအတွင်းက ဗျူဟာမှူး၊ တိုင်းမှူ နဲ့ ကစထမှူး (စစ်ဆင်ရေးအထူးအဖွဲ့မှူး)တွေကို အဆင့်ဆင့်တင်ပြပြီး ညွှန်ကြားချက်စောင့်ရတာဖြစ်ပါတယ်။

‘‘ပစ်မှတ်ဒေသရဲ့ ရာသီဥတု၊ ကိုယ်သွားမယ့်လမ်းကြောင်းမှာရှိတဲ့ ရာသီဥတု၊ ပြီးရင် သွားမယ့်လမ်းကြောင်းမှာရှိတဲ့ တပ်တွေက ဗျူဟာမှူးတွေ၊ နောက် အဲဒီတပ်တွေကပေးထားတဲ့ ရာသီဥတုတာဝန်ခံတွေ၊ အဲဒါတွေအားလုံး ချိတ်ဆက်တာပြည့်စုံပြီဆိုတာနဲ့ လေယာဥ်စတက်တယ်’’လို့ CDM လေတပ်အရာရှိက ပြောပါတယ်။

ဒါပေမဲ့ တခါတလေမှာ Silent Mode လို့ခေါ်တဲ့ လေယာဥ်တက်တဲ့ အချိန်မှာ ဘယ်နေရာကို သွားရောက်မယ် ဆိုတာမပြောရတဲ့ စစ်ဆင်ရေးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

‘‘ဘယ်ကိုတက်မယ်ဆိုတာမပြောဘူး။ တက်သွားပြီဆိုတော့မှ VHF ဖရီကွမ်စီချန်နယ် (တပ်တွင်းသုံး လေလှိုင်း) ရှိတယ်။ အဲဒါက အဲဒီနယ်မှာရှိတဲ့တိုင်းမှူးနဲ့ ဆက်သွယ်လို့ရတဲ့ ချန်နယ်ပေါ့။ တိုင်းမှူးကလည်း အဲဒီချန်နယ်ကို ဖွင့်ထားတယ်။ ပြီးရင် ကကလေ – ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှာရှိတဲ့ စက်နာမည်ကတော့ စွယ်တော်လို့ ခေါ်တယ်။ အဲဒီစွယ်တော်ရယ် ပိုင်းလော့-လေယာဥ်အုပ်ရယ် ချိတ်ဆက်ပြီးသွားပါတယ်’’ လို့ Silent Mode စစ်ဆင်ရေးပုံစံကို CDM လေတပ်အရာရှိက ပြောပြပါတယ်။

ဒါပေမဲ့ လေကြောင်းစစ်ဆင်ရေးတစ်ခုအတွက် ခြေလျင်တပ်ရင်းတွေကနေ လှမ်းတောင်းတိုင်းပေးတာမျိုး မဟုတ်ဘဲ တိုင်းမှူး ဒါမှမဟုတ် ကစထမှူး (ကာကွယ်ရေးစစ်ဆင်ရေးအထူးအဖွဲ့မှူး) ရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ ဆိုပါတယ်။

တိုင်းမှူး ဒါမှမဟုတ် ကစထမှူးက လေကြောင်းပစ်ကူလိုအပ်တဲ့စစ်ဆင်ရေးဖြစ်ပြီလို့ယူဆချိန်မှာ ကကကြည်း – ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကို ကနဦးသတင်းပို့ရပြီး အဲဒီကတစ်ဆင့် ဆုံးဖြတ်ချက်ကို ကကလေကို သတင်းပို့တာလို့ CDMလေတပ်အရာရှိက ပြောပါတယ်။

‘‘တိုင်းမှူး ဒါမှမဟုတ် ကစထမှူးက ဒီနေရာတော့လေကြောင်းပစ်ကူလိုတယ်။ လိုပြီလို့ သူတို့သုံးသပ်ပြီ ဆိုတော့မှ သူတို့က ကကကြည်းကို လှမ်းပြောတယ်။ ကကလေ ကို လှမ်းပြောတယ်။ အဲဒီနှစ်နေရာကိုလှမ်းပြောပြီးတဲ့အချိန်ကျလို့ရှိရင် သူတို့က ဒုချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အထိတင်တယ်။ သူကနေပြီးတော့မှ ဒီဟာကိုလေကြောင်းပစ်ကူပေးမယ် မပေးဘူးကို ဆုံးဖြတ်ပေးတာ” လို့ သူက ရှင်းပြပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ဆုံးဖြတ်ချက်အရ လေတပ်နဲ့ တိုင်းကို လေကြောင်းပစ်ကူပေးမယ် ဒါမှမဟုတ် လေကြောင်းစစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရမှ လေယာဥ်မှူးတွေက သွားခွင့်ရှိတယ်လို့ CDMလေတပ် အရာရှိအသိုင်းအဝိုင်းက ပြောပြပါတယ်။

ဒါပေမဲ့ လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရာနဲ့ချီလုပ်နေလို့ စစ်ရေးအမိန့်ပေးကွပ်ကဲတဲ့စနစ်မှာ အမိန့်စီးဆင်းမှုအဆင့်ကို လျှော့ချထားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

ကစထမှူး ဒါမှမဟုတ် တိုင်းမှူးအဆင့်မှာတင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကို ဆုံးဖြတ်ချက်ပေးထားနိုင်တဲ့ အခြေအနေမျိုးဆိုတဲ့ သုံးသပ်မှုမျိုးပါ။

ဘီဘီစီအနေနဲ့ လက်ရှိလေကြောင်းပစ်ကူနဲ့တိုက်ခိုက်မှု အမိန့်ပေးမှုပုံစံကို တိတိကျကျ သိရတာမရှိသေးပါဘူ။

စစ်ဆင်ရေးပေါ်မူတည်ပြီး အမျိုးအစားခွဲခြားသုံး

လေကြောင်းတိုက်ခိုက်မှုတွေမှာ မြန်မာစစ်တပ်သုံးနေတဲ့လေယာဥ်အမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် တိုက်ခိုက်ရေးလေယာဥ်၊ လေ့ကျင့်ရေးလေယာဥ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေဆိုပြီး ရှိပါတယ်။

အများဆုံးသုံးနေတဲ့ တိုက်ခိုက်ရေးလေယာဥ်က ရုရှားနိုင်ငံထုတ် Yak-130 ၊ MiG-29 ၊ SU-30 ပါ။ Yak-130 ကတော့ လေ့ကျင့်ရေးလေယာဥ်လည်းဖြစ်ပါတယ်။

ရဟတ်ယာဥ်ထဲမှာတော့ ရုရှားထုတ် Mi-35 နဲ့ Mi-2 ကိုသုံးတယ်လို့ လေ့လာချက်အများစုက ဖော်ပြပါတယ်။

ဒါပေမဲ့ လေကြောင်းသုံးစစ်ဆင်ရေးတွေကိုလေ့လာကြည့်ရင် မြန်မာစစ်တပ်ဟာ သူ့မှာရှိသမျှ တိုက်လေယာဥ်အကုန်လုံးကို သုံးနေပြီး တရုတ်နိုင်ငံထုတ် F-7 နဲ့ A-5 ၊ တရုတ်နဲ့ ပါကစ္စတန် ဖက်စပ်ထုတ် ထားတဲ့ တိုက်လေယာဉ် K-8 တွေကိုလည်း သုံးပါတယ်။

စစ်ဆင်ရေးအမိန့်နဲ့ စစ်ဆင်ရေးပုံစံဟာလည်းချိတ်ဆက်နေတာမျိုးပါ။

‘‘အနီးကပ်လေကြောင်းပစ်ကူတိုက်ခိုက်တဲ့အချိန်မှာ Mi-35 နဲ့ K-8W လို ရော့ကတ်နဲ့ ပစ်နိုင်တဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေကို အဓိကသုံးတယ်။

စခန်းတွေကို ဗုံးကြဲတာ ကျတော့ A-5၊ Yak-130၊ MiG-29 တို့ကို အဓိကထားသုံးပါတယ်‘’ လို့ CDM လေတပ် အရာရှိ‌က ရှင်းပြပါတယ်။

စစ်ဆင်ရေးအများစုမှာ တိုက်ခိုက်မယ့်နေရာနဲ့ တိုက်ခိုက်ရမယ့်ပုံစံတွေပေါ်မူတည်ပြီး လေယာဥ်နဲ့ ရဟတ်ယာဥ်အမျိုးအစား ရွေးချယ်သုံးစွဲတာမျိုးရှိလာတယ်လို့လည်း CDM လေတပ်အသိုင်းအဝိုင်းက ပြောပြပါတယ်။

‘‘အခုနောက်ပိုင်းမှာ ရဟတ်ယာဥ်တွေကို သုံးပြီး ပစ်ကူပေးတာ၊ တပ်ဖြန့်တာကို ပိုလုပ်တယ်။ လက်နက်အင်အားချို့တဲ့ အထူးသဖြင့် စစ်ကိုင်းလိုနေရာတွေမှာဆို ဦးနှိမ်ပစ်၊ အနိမ့်ပျံပစ်တွေနဲ့ လေကြောင်းပစ်ကူပေးတဲ့ပုံစံ ပြောင်းသုံးတာ’’ လို့ လက်ရှိ လေတပ်မှာတာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အခြေပြုလို့ စစ်သုံးလေယာဥ်တွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်သုတေသနပြု လေ့လာမှုလုပ်နေတဲ့ ကိုသူရိန်ကတော့ မြန်မာစစ်တပ်က လေယာဥ်ပစ်ကူသုံးတာက အရင်ကတည်းက နည်းဟောင်းဖြစ်ပေမဲ့ လက်ရှိကာလမှာတော့ ရဟတ်ယာဥ်တွေကို ပိုပြီး အားပြုသုံးတယ်လို့ သူ့တွေ့ရှိချက်ကိုပြောပါတယ်။

တိုက်လေယာဥ်ကို အမျိုးအစားခွဲတဲ့အခါမှာ စတုတ္ထမျိုးဆက်လွန် ( 4th Generation)လို့ခေါ်ကြတဲ့ လေယာဥ်တွေ စစ်ကောင်စီလေတပ်မှာ အများဆုံးရှိလာပေမဲ့ လက်ရှိမြေပြင်တိုက်ခိုက်ရေးလုပ်တဲ့ အခါမှာတော့ လေ့ကျင့်ရေးနဲ့တိုက်ခိုက်ရေးတွဲနေတဲ့ Yak-130 နဲ့ K-8Wလေယာဥ်တွေကို အကြိမ်ရေအများဆုံး အသုံးပြုနေတာကို ဘီဘီစီရဲ့ သီးခြားလေ့လာချက်အရ တွေ့ရပါတယ်။

‘‘ရုရှားထုတ် Yak-130 နဲ့ တရုတ်ထုတ် K-8Wလေယာဥ်တွေကိုပဲ သုံးတာက ပျံသန်းစရိတ်နည်းတာ ကြောင့်ပါ။ ဒီလေယာဥ်တွေက မြေပြင်ပစ်ကူပေးတဲ့နေရာမှာလည်း ကောင်းကောင်းသုံးနိုင်တယ်’’ လို့ စစ်သုံးလေယာဥ်သုတေသီ ကိုသူရိန်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်အတွက်ဘယ်လောက်ကုန်ကျနိုင်လဲ

(ဂါလံ ၅၅၀ x ၃ ဒေါ်လာ (၁ ဂါလံစျေး) = ၁၆၅၀ ဒေါ်လာ x ၂၁၀၀ (ကျပ်လဲနှုန်း) = ၃၄ သိန်း )

နှစ်နှစ်ခွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂,၀၀၀ နီးပါးလုပ်ထားတဲ့အတွက် စစ်သုံးငွေကြေး ပိုပြီး သုံးစွဲရတာက ထင်သာမြင်သာရှိပါတယ်။

လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်လုပ်ရင် ဘယ်လောက်ကုန်ကျစရိတ်ရှိလဲဆိုတာအတွက်အဖြေကို အကြမ်းဖျင်း တွက်ချက်ကြည့်နိုင်ပါတယ်။

စစ်သုံးတိုက်ခိုက်ရေးလေယာဥ် တစ်စင်းဟာပျံသန်းချိန် တစ်နာရီအတွင်းမှာ အနည်းဆုံးလေယာဥ်ဆီ ဂါလံ ၂၂၀ ကနေ ၂၆၀ ကြားသုံးစွဲပါတယ်။

လေယာဥ် ရဲ့ ဆီစားနှုန်းကို ကီလိုလီတာနဲ့ အများဆုံးတွက်ကြတာဖြစ်လို့ ဂါလံကိုပြောင်းတွက်မယ်ဆိုရင် ၁ ကီလိုလီတာမှာ ၂၆၄ ဂါလံရှိပါတယ်။

လေယာဥ်ဆီအမျိုးအစားက အနည်းဆုံး ၅ မျိုးထက်မနည်းရှိပြီး Jet A၊ Jet A1၊ Jet B၊ TS-1 နဲ့ Avgas တို့ဖြစ်ပါတယ်။

အဲဒီထဲကမှ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဥ်တွေမှာသုံးတဲ့ လေယာဥ်ဆီ အမျိုးအစားက Jet A1 ဖြစ်တယ်လို့ ယူကေအခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ ၂၀၂၂ ခုနှစ်က ထုတ်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

Jet A1 ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ မြန်မာနိုင်ငံအတွက်စျေးနှုန်းက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ တစ်ဂါလံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၆ ( ၂ ဒေါ်လာကျော်) ရှိပါတယ်။

ဒီစျေးက တန်ပေါင်းများစွာအတွက် စျေးနှုန်းဖြစ်ပါတယ်။ စျေးကွက်ထဲမှာဆိုရင် ၁ ကီလိုလီတာကို ဒေါ်လာ ၈၀၀ ဝန်းကျင်ရှိပါတယ်။

၁ ကီလိုလီတာမှာ လီတာ ၁၀၀၀ ရှိပြီးတော့ လီတာ ၁၀၀၀ ကို ၂၆၄ ဂါလံ ရှိပါတယ်။ အဲဒီ‌တော့ တစ်ဂါလံအတွက် မြေပြင်ပေါက်စျေးက ၃ ဒေါ်လာ ကျော်ရှိပါတယ်။

တိုက်ခိုက်ရေးလေယာဥ် တစ်နာရီပျံသန်းဖို့အတွက် လေယာဥ်ဆီဂါလံ ၂၂၀ သုံးမယ်ဆိုရင် (၃ ဒေါ်လာ × ၂၂၀ဂါလံ)နဲ့ တွက်ကြည့်ရမှာပါ။

ဒါဆို တစ်နာရီလေယာဥ်ပျံသန်းမှုမှာ ဒေါ်လာ ၆၆၀ ကုန်ပါမယ်။ စစ်ကောင်စီရဲ့ တရားဝင် ဒေါ်လာငွေလဲနှုန်းက ၂၁၀၀ ကျပ် ပါ။ ၆၆၀ ဒေါ်လာ ကို ၂၁၀၀ နဲ့ တွက်ကြည့်ရင် မြန်မာငွေ ၁၄ သိန်း နီးပါးကုန်ကျပါတယ်။

အခြေခံလေကြောင်းပျံသန်းမှု နှုန်း ၁၄ သိန်း နဲ့ အကြိမ်ရေ ၂,၀၀၀ ကိုတွက်ချက်ကြည့်မယ်ဆိုရင် ကျပ်သိန်းပေါင်းသောင်းချီ ကုန်ကျစရိတ်ရှိပါတယ်။

လေယာဥ်တစ်နာရီ ပျံသန်းမှုအတွက် ကုန်ကျစရိတ်အခြေခံကို အကြမ်းဖျင်းတွက်ချက်တာဖြစ်ပြီး တကယ့် မြေပြင်စစ်ဆင်ရေး တစ်ခုရဲ့ ပျံသန်းချိန် နဲ့ သုံးတဲ့လက်နက်တပ်ဆင်မှု အလေးချိန်ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွာခြားချက်တွေ ရှိနိုင်ပါတယ်။

‘‘ဆီစားနှုန်းက စစ်ဆင်ရေးပေါ်မူတည်ပြီး အပိုဆီတိုင်ကီတွေဖြုတ်တာ၊ တပ်တာရှိတယ်။ နောက်တစ်ခုက စစ်ဆင်ရေးနယ်မြေ အကျယ်အဝန်း (combat radius ) ပေါ် မူတည်တယ်။ အများဆုံးကတော့ တိုက်ခိုက်ရေးလေယာဥ်တွေက ၂ နာရီ နဲ့ ၃ နာရီကြား ပျံသန်းနိုင်တယ်။

ဒါပေမဲ့ သေချာ ပစ်သွားတဲ့ အချိန်ဆိုရင် တစ်နာရီ နဲ့ တစ်နာရီခွဲ ပတ်ချာလည်ရှိပါတယ်’’ လို့ စစ်သုံးလေယာဥ်တွေနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ ကိုသူရိန် က ဘီဘီစီကို ပြောပြပါတယ်။

Mi-35 ရဟတ်ယာဥ်နဲ့ စစ်ဆင်ရေးအတွေ့အကြုံရှိခဲ့ဖူးတဲ့ CDM လေတပ်အရာရှိကတော့ Mi-35 ရဟတ်ယာဥ်မှာ တစ်နာရီ ကို ဂါလံ ၂၂၀ သုံးတယ်လို့ ပြောပြပါတယ်။

‘‘ဆီကိုတွက်တာက Pay Load ပေါ့ ။ လက်နက်တပ်ဆင်မယ့် ဗုံးတွေရဲ့ အလေးချိန်ကို ဘယ်လောက်အထိ သယ်မှာလဲ မူတည်ပြီးမှ လေယာဥ်ရဲ့ အလေးချိန်ကို တွက်ဆတာဖြစ်ပါတယ်။ Mi-35 မှာ အလေးချိန်က ၁၇၀၅ ကီလိုဂရမ် (ပေါင်အားဖြင့် ၃၇၅၈) ရှိတယ်’’ လို့ CDM လေတပ်အရာရှိက ပြောပြပါတယ်။

ရဟတ်ယာဥ်အလေးချိန် ၁၇၀၅ ကီလိုဂရမ်ဆိုရင် တစ်နာရီအတွက် ဆီစားနှုန်း ဂါလံအနေနဲ့ ၅၅၀ ခန့်ရှိပြီး လေယာဥ်ဆီ တစ်ဂါလံကို ၃ ဒေါ်လာ နဲ့ ဂါလံ ၅၅၀ အတွက် ဒေါ်လာ ၁၆၅၀ ကျသင့်မှာဖြစ်ပါတယ်။

ဒါကို မြန်မာကျပ်ငွေနဲ့ ပြန်တွက်ရင်အလေးချိန်က ၁၇၀၅ ကီလိုဂရမ်ရှိတဲ့ ပျံသန်းမှုတစ်ကြိမ်အတွက် ၃၄ သိန်းကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရဟတ်ယာဥ်ပဲဖြစ်ဖြစ်၊ တိုက်ခိုက်ရေးလေယာဥ်ပဲဖြစ်ဖြစ် ဆီစားနှုန်းကို တွက်ချက်တဲ့အခါ လေယာဥ်ရဲ့ အလေးချိန်(ပစ်ခတ်မယ့်လက်နက်တပ်ဆင်ပြီး အလေးချိန်)၊ ပစ်မှတ်နေရာနဲ့ လေတပ်စခန်းရဲ့ အကွာအဝေး၊ ပစ်မှတ်နေရာရဲ့ အကွာအဝေး အကျယ်အဝန်းတွေပေါ် မူတည်တွက်ချက်ရတဲ့အတွက် ဆီစားနှုန်းမှာ တသမတ်တည်းသတ်မှတ်လို့မရပါဘူး။

တစ်ချိန်တည်းမှာပဲ အသုံးပြုမယ့်လေယာဥ်ရဲ့ အမျိုးအစားနဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးလည်း ဆီစားနှုန်းတွေ ကွာခြားတာကို လေယာဥ်နဲ့လေကြောင်းပညာကိုရေးသားဖော်ပြတဲ့ ဝါရင့်လေယာဥ်မှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ Executive Flyers ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ်ကလည်း အာဏာသိမ်းပြီးနောက် အမြင့်ဆုံးဖြစ်နေတာကို စစ်ကောင်စီဘတ်ဂျက်အရ တွေ့နိုင်ပါတယ်။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်မှာဆိုရင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိသုံးမယ်လို့ စစ်ကောင်စီ ရဲ့ တရားဝင်ထုတ်ပြန်တဲ့ ဘတ်ဂျက်မှာဖော်ပြပါတယ်။

ဒါက ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးစံချိန်တင်တဲ့ ကာကွယ်ရေးအသုံးစရိတ်လည်းဖြစ်နေတာပါ။

စစ်ကောင်စီရဲ့ လေယာဥ်ဆီရရာ လမ်းကြောင်း

ယူကေအခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)ရဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ ‘‘မရဏကုန်စည်’’ စုံစမ်းဖော်ထုတ်အစီရင်ခံစာအရဆိုရင် အရပ်ဘက်သုံး ခေါင်းစဥ်အောက်ဝင်လာတဲ့ လေယာဥ်ဆီအများစုဟာ စစ်တပ်လက်ထဲ ရောက်နေတယ်လို့ ပြောထားပါတယ်။

အစီရင်ခံစာအရဆိုရင် စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၂၀၂၁ ကစလို့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲ လေယာဥ်ဆီသယ်ဆောင်တင်သွင်းမှု ၈ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အာရှ ၄ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေကနေ ဆီတင်သင်္ဘောတွေ အများဆုံးဝင်ထွက်တယ်လို့ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက သူသိထားတဲ့ သီလဝါဆိပ်ကမ်းကို လေယာဥ်ဆီသယ်လာတဲ့ နိုင်ငံတွေကိုပြောပါတယ်။

ဆီတင်သွင်းမှုတစ်ကြိမ်စီတိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ကုမ္ပဏီ ၁၀ ခု ကနေ ၁၅ ခု အထိရှိပြီး ဆီရောင်းတဲ့ကုမ္ပဏီ၊ ပို့ဆောင်ရေးကုမ္ပဏီနဲ့ အာမခံကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၁၀ ခုထက်မနည်း ပါဝင် ပတ်သက်ကြတာဖြစ်တယ်လို့ Amnesty International က ဆိုပါတယ်။

အစီရင်ခံစာပါ အဓိကအချက်ကတော့ အရပ်ဘက်သုံး လေယာဥ်တွေအတွက်ဆိုတဲ့ခေါင်းစဥ် အောက်ကနေ တင်သွင်းလာတဲ့ လေယာဥ်ဆီတွေဟာ လေတပ်စခန်းတွေဆီ ရောက်သွားကြတယ်ဆိုတဲ့ အချက်ကို အလေးပေးပြောထားပါတယ်။

မြန်မာ စစ်တပ်ကိုယ်စား Proxy(ကြားခံ) အနေနဲ့ ဝယ်ယူပေးတဲ့ ကုမ္ပဏီတွေရှိပြီး အဓိကတစ်ခုက Myanmar Sun Group ကုမ္ပဏီလို့ အဲဒီအစီရင်ခံစာကိုထုတ်ချိန်တုန်းက Amnesty International အဖွဲ့က စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာသုတေသီ မွန်ဆီဖာရာက ဘီဘီစီကို ဖြေကြားခဲ့ဖူးပါတယ်။

” Myanmar Sun Group က လေယာဥ်ဆီကို Thai Oil ဆိုတဲ့ ထိုင်းကုမ္ပဏီတစ်ခုကနေ ဝယ်ပြီး မြန်မာပြည်ထဲကို သွင်းပါတယ်။

Thai Oil ကုမ္ပဏီဟာ ကျွန်မတို့ရဲ့ မေးမြန်း စုံစမ်းမှုတွေကို ဖြေကြားထားပါတယ်။ သူတို့ ရရှိတဲ့ စာရွက်စာတမ်းတွေအရ အရပ်ဘက်အတွက် အသုံးပြုဖို့ ဆိုပြီးတော့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီဆီတွေဟာ မြန်မာစစ်တပ်လက်ထဲ ရောက်သွားတယ် ဆိုတဲ့ အထောက်အထားတွေ ကျွန်မတို့လက်ထဲ ရှိနေပါတယ်’’ လို့ မွန်ဆီဖာရာက ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

ဒီအစီရင်ခံစာတွေထွက်လာတဲ့နောက်မှာပဲ အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရေးယူ ပိတ်ဆို့မှုအသစ်တွေပြုလုပ်တယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ကြေညာခဲ့ပါတယ်။

အဲဒီအရေးယူပိတ်ဆို့မှုအရ မြန်မာစစ်တပ်ကို ဂျက်လောင်စာဆီပေးသွင်းနေတဲ့ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကကြေညာပါတယ်။

အဲဒီအရေးယူမှုမှာ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီ ၆ ခု ပါဝင်ပါတယ်။

အဲဒီကုမ္ပဏီတွေက Asia Sun Group၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd၊ Star Sapphire Group of Companies၊ Star Sapphire Trading Company Limited နဲ့ Star Sapphire Group Pte. Ltd တို့ဖြစ်ကြပါတယ်။

လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီနောက်မှာပဲ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ အမေရိကန်အစိုးရနဲ့ ဗြိတိန်အစိုးရတို့က စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Asia Sun ကုမ္ပဏီရဲ့ အမည်ခွဲ စင်ကာပူအခြေစိုက် Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ Asia Sun ကုမ္ပဏီအုပ်စုထဲက ဦးဇော်မင်းထွန်းတို့ကို ထပ်မံချဲ့ထွင်တဲ့ အရေးယူပိတ်ဆို့မှု ထပ်လုပ်တယ်လို့ ကြေညာခဲ့ပါတယ်။

စီးပွားရေးပညာရှင်ဖြစ်တဲ့ သြစတေးလျနိုင်ငံ Curtin တက္ကသိုလ်က စီးပွားရေးနဲ့ ဥပဒေဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်း ကတော့ လေယာဥ်ဆီတင်သွင်းမှုတွေကို ပိတ်ဆို့အရေးယူတာက လူထုအများစုကို ထိခိုက်သက်ရောက်မှုနည်းလို့ နိုင်ငံတကာဘက်ကကြည့်ရင် ဒီနည်းလမ်းက ထိရောက်တယ်ယူဆကြောင်း ပြောပါတယ်။

‘‘လေယာဥ်ဆီတင်သွင်းမှုကို ဖြတ်တောက်နိုင်ရင် ဒီအပစ်အခတ်တွေနည်းသွားနိုင်တာနဲ့ ပိတ်ဆို့မှုကြောင့် လူထုလည်းထိခိုက်ခံစားရမှု နည်းတယ်။ ဒါပေမဲ့ သူ့ကိုအလွယ်တကူလုပ်ဖို့ခက်တာက Supply Chain (ကုန်ပစ္စည်းသယ်ပို့ပေးနေတဲ့ကွင်းဆက်) ကြီးတစ်ခုလုံးကို လုပ်ရတဲ့အခါကျတော့ ပါဝင်ပတ်သက်သူတွေကများတယ်။ အဲဒီတော့ အချိန်ယူရတာမျိုးဖြစ်တယ်’’ လို့ သုံးသပ်ပါတယ်။

လေကြောင်းပစ်ခတ်မှုတွေကို အနှစ်ချုပ်ကြည့်တဲ့အခါ နိုင်ငံ့ရဲ့ ဘဏ္ဍာ‌ငွေကြေးနဲ့ နိုင်ငံသားတွေ ပစ်ခတ်ခံရမှုဖြစ်လို့ အနောက်အုပ်စုနဲ့ အမေရိကန်လို နိုင်ငံတွေက လေယာဥ်ဆီတင်သွင်းမှု လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေသူတွေကို ပိတ်ဆို့နေတာပါ။

ဒါပေမဲ့ လေယာဥ်ဆီလမ်းကြောင်းမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုရှိနေသရွေ့ အောင်မြင်တဲ့အရေးယူပိတ်ဆို့နိုင်ခြေဖြစ်မှုနည်းတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက စစ်တပ် အသာစီးရနိုင်မယ့်လမ်းကြောင်းတွေကို အ‌ရေးယူ ပိတ်ဆို့မှုတွေလုပ်နေပေမဲ့ ပြည်တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကတော့ လျော့မသွားပါဘူး။

စစ်တပ်ရဲ့ဝင်ငွေရလမ်းကိုဖြတ်တောက်ဖို့ အမေရိကန်က စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းက လုပ်ခဲ့ပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မယ့် ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ MOGE ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ အခြားဝန်ဆောင်မှုအားလုံးလို့ပြောထားပါတယ်။

ဒါ့ကြောင့် စစ်အသုံးစရိတ်တွေမသုံးနိုင်ဖို့ နဲ့ လေယာဥ်ဆီဝယ်နိုင်တဲ့ဘဏ္ဍာငွေကို ဖြတ်တောက်နိုင်ဖို့လို့ မြန်မာနိုင်ငံကနေ စွမ်းအင်လုပ်ငန်းတွေထွက်ခွာဖို့ လှုံ့ဆော်တဲ့သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ – Blood Money အဖွဲ့က တာဝန်ရှိသူတွေကသုံးသပ်ထားပါတယ်။

ဒါပေမဲ့ အမေရိကန်အပါအဝင် အ‌နောက်အုပ်စုနိုင်ငံတွေက ဒီလိုဘက်ပေါင်းစုံကနေ စစ်တပ်ကို ပိတ်ဆို့မှုတွေလုပ်နေပေမဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ရှိနေပြီး လျော့မသွားတာကို ပဋိပက္ခဆိုင်ရာ ထိခိုက်သက်ရောက်မှုတွေကိုလေ့လာတဲ့ စစ်တမ်းတွေအရတွေ့ရပါတယ်။

”ကျွန်တော့်အစ်ကို သေတယ်။ အမေလည်းဒဏ်ရာတွေရတယ်။ အပြစ်မဲ့ကလေးတွေလည်း လူမှန်းသူမှန်းမသိ နာကျင်ပြီးသေသွားကြတယ်။ ကျွန်တော်တို့ ရွာက စစ်တပ်ကို မေးချင်တာ စစ်တပ် ဘယ်တော့မှ အသိတရားရမလဲဆိုတာပဲ” လို့ ဝေလူးရွာသား ကိုဂါနာက သူတို့ခံစားခဲ့ရတဲ့အခြေအနေကို ငိုသံစွက်ပြီးပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *