မန္တလေးမြို့နှင့် အနီးဆုံး ရောက်လာသော “၁၀၂၇ စစ်ဆင်ရေး”

မတ္တရာအနီး စစ်ရေးစီမံချက် စတင်ချမှတ်စဉ်ကတည်းက မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF ဘက်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အစပြုခဲ့သည့် “၁၀၂၇“ စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က ပြောသည်။

မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ ကားဖြင့် တစ်နာရီခရီးသာရှိသော မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းကျေးရွာအနီး နိုဝင်ဘာ ၁၃ မှ ၁၆ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA, MDY PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA နှင့် MDY-PDF တို့က နိုဝင်ဘာ ၁၅ တွင် ထုတ်ပြန်ခဲ့ကြသည်။

တိုက်ပွဲများ ပြင်းထန်နေသောကြောင့် မတ္တရာဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ကြရန် MDY-PDF က တိုက်တွန်းထားသည်။

စစ်ဆင်ရေး စတင်ပြီး၊ နှစ်ပတ်ကျော်အကြာတွင် TNLA နှင့် MDY-PDF တို့က စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြို့တော်မန္တလေးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မတ္တရာမြို့နယ်၊ ကင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့သည်။

“၁၀၂၇” နှင့်အတူ ပူးတွဲဖော်ဆောင်လာသည့် “တောင်သမန်စစ်ဆင်ရေး” အဖြစ် အမည်ပေးထားသည့် စစ်ရေးစီမံချက် စတင်ချမှတ်စဉ်ကတည်းက မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF က ဆိုသည်။

“တောင်သမန်စစ်ဆင်ရေး စတင်တဲ့အချိန်ကတည်းက အပေါ် ရှမ်းမြောက်မှာ တိုက်ပွဲဖော်ဆောင်နေတာနဲ့ တစ်ပြိုင်တည်းမှာပဲ မတ္တရာမြို့နယ်ကိုလည်း ထိုးဖောက် တိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်။ တိုက်ပွဲစဖြစ်တာကတော့ နိုဝင်ဘာ ၁၃ ရက်နေ့မှ စပြီးဖြစ်ပါတယ်။

ဒီနေ့အထိ တောက်လျှောက်ဖြစ်နေတာပါ” ဟု MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို နိုဝင်ဘာ ၂၀ တွင် ပြောသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းတွင်ရှိသည့် ကင်း၊ မြောင်းသစ်၊ သဖန်းကိုင်း၊ ရှားစေးချက်၊ ကြားရွာ စသည့် ကျေးရွာများသည် စစ်တပ်၏ မကြာခဏ စီးနင်းဖျက်ဆီးခံရလေ့ရှိသည့်အပြင်၊ စစ်ကြောင်းဝင်လာပါကလည်း အထိုင်ချ တပ်စွဲလေ့ရှိရာ နေရာများလည်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်နေချိန် စစ်တပ်က အဆိုပါ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး၊ ကင်းရွာတွင် တပ်စွဲနေရာယူထားလိုက်သည်။

ထို့ကြောင့် မတ္တရာနယ်အတွင်း စစ်ဆင်ရေး စတင်ရာတွင် ကင်းရွာအတွင်း တပ်စွဲထားသော စစ်စခန်းကို TNLA, MDY-PDF ပူးပေါင်းတပ်များ၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

တိုက်ခိုက်မှု စတင်သည်နှင့် စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ စိန်ပြောင်း၊ အမြောက် စသည့် အဝေးပစ်လက်နက်များကို အလုံးအရင်းအသုံးပြု တုံ့ပြန်ခဲ့သည့်အပြင် နယ်မြေတွင်းသို့လည်း ခန့်မှန်းခြေ အင်အား ၈၀၀ ခန့် ပို့ခဲ့သည်ဟု MDY-PDF ဘက်က ပြောသည်။

တိုက်ပွဲဖြစ်သော ၃ ရက်အတွင်းမှာပင် လေတပ်တိုက်ခိုက်မှု ၇ ကြိမ်အထိ ရှိခဲ့ကြောင်း MDY- PDF က ဆိုသည်။

မတ္တရာမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၈ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး၊ အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးလည်း သေဆုံးခဲ့သည်။

မတ္တရာမြို့နယ်တွင်းတိုက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က စစ်ဆင်ရေးအစီအစဉ်အတိုင်း သွားနေသည်ဟု ပြောသည်။

“ဒီစစ်ဆင်ရေးစလုပ်ကတည်းက ကျွန်တော်တို့မှာ ဦးတည်ချက်တွေ ရှိခဲ့ပြီးသားဖြစ်တဲ့အတွက် အဲ့ဒီဦးတည်ချက်အတိုင်း သွားနေတာဖြစ်ပါတယ်။ အခုက စစ်ရေးဦးတည်ချက်အတိုင်း သွားနေတုန်း၊ တိုက်ပွဲကလည်း သွားနေတုန်းဖြစ်တဲ့အတွက် အခြေအနေကို ပြောဖို့ခက်ပါသေးတယ်” ဟု သူက Myanmar Now ကို ယမန်နေ့က ပြောသည်။

“ကျွန်တော်တို့က စစ်ရေးကိစ္စဖြစ်တဲ့အတွက် နယ်မြေကန့်သတ်ချက်တော့ မရှိပါဘူး။ စခန်းတွေ သိမ်းဆည်းရမိတာမျိုးတော့ မတ္တရာမြို့နယ်ထဲမှာတော့ မကြားရသေးဘူး”

မတ္တရာဒေသတွင်း အခြေအနေ

စစ်ရေးပြင်းထန်နေသော မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက်နေ့က ဆိုင်ရှင် ၂ ဦးအပါအဝင် လက်ဖက်ရည်ဆိုင်ထိုင်နေသူများ၊ နောက်တစ်နေ့တွင် စစ်ဘေးရှောင်များကို ပစ်ခတ်သတ်ဖြတ်ခဲ့၍ နှစ်ရက်အတွင်းမှာပင် လူ ၁၉ ဦး သေဆုံးခဲ့သည်။

မတ္တရာမြို့လယ်တွင် တိုက်ပွဲမရှိသော်လည်း စစ်တပ်က မြို့ပတ်လည် ကျေးရွာများတွင် အင်အားဖြန့်ခွဲကာ‌ နေရာယူထားသလို ယခုရက်များအတွင်း မြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှုများ အမြဲလိုလို ဖြစ်နေသည်ဟု မတ္တရာဒေသခံများက ပြောကြသည်။

“တိုက်ပွဲတွေက မြို့ထဲ မရောက်လာပေမဲ့ မြို့ပတ်လည်မှာက အသံတွေ နေ့တိုင်း ကြားနေရတာ၊ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ စုံလို့။ မြို့ကလည်း ခြောက်ကပ်သလောက် ဖြစ်နေပြီ။ ညနေ ၄ နာရီလောက်ဆို လမ်းပေါ် လူမရှိတော့ဘူး” ဟု မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေးမြို့ဘက်မှ လာသည်ဟု ယူဆရသည့် စစ်သားများက မြို့ဝန်းကျင်ကျေးရွာများတွင် လက်နက်ကြီးများ ပြင်ဆင်ကာ နေရာယူထားကြပြီး ၎င်းတို့ နေရာယူလိုက်သည့် ကျေးရွာနှင့် ဝန်းကျင်ရွာများမှ ဒေသခံလူထုမှာ မြို့ပေါ်သို့ တိမ်းရှောင် ရောက်ရှိလာကြသည်ကို တွေ့ရကြောင်း သူက ပြောသည်။

ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း လမ်းပေါ်မထွက်ရန်၊ စစ်ကောင်စီတပ်စခန်းများ၊ မော်တော်ယာဉ်များနှင့် အနီးဝန်းကျင်သို့ မသွားရန် PDF ဘက်က စာထုတ်ထားရာ မြို့ခံလူထုကလည်း သွားလာခြင်း မပြုကြောင်း သိရသည်။

“PDF တွေကို မျက်မြင်တွေ့ရတာ မရှိပေမဲ့ ဘယ်နားတော့ ရောက်နေပြီဆိုတာမျိုး ကြားနေရတာ၊ သူတို့ ရောက်နေပြီဆိုတဲ့ နေရာတွေက မြို့ကနေဆို ဘာမှ မဝေးဘူး။ ဧရာဝတီမြစ်နဖူးက ရွာတွေရော၊ အရှေ့ဘက်ခြမ်းက ရွာတွေရော စုံလို့ပါပဲ၊ တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်နေတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မတ္တရာမြို့ပေါ်တွင်မူ စစ်သားများ တပ်စွဲနေထိုင်ခြင်းမရှိဘဲ၊ စစ်ကူများလာရောက်ချိန်၊ ယာဉ်တန်းများ ဖြတ်သန်းသွားလာချိန်တို့တွင်သာ မြင်တွေ့ရသော်လည်း ပျူစောထီးနှင့် သတင်းပေးများစွာတို့ ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

ပျူစောထီး၊ လက်ရုံးတပ်များဖြင့် အင်အားဖြည့်

စစ်တပ်က ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်များကို အင်အားအလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်ရာတွင် ပျူစောထီးဟု လူသိများသည့် ပြည်သူ့စစ်များပါ ပါဝင်သည်ဟု MDY-PDF ဘက်က ဆိုသည်။

ရှမ်းမြောက်ဒေသတိုက်ပွဲများနှင့် မတူသည့်အချက်မှာ ပျူစောထီးများအပြင် တိုက်ခိုက်ရေးတပ်များမဟုတ်သည့် လက်ရုံးတပ် တပ်ရင်းများမှ စစ်သားများကို အသုံးပြုခဲ့သည်ဟု သိရသည်။

“မတ္တရာမှာဆိုလည်း တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက လူအင်အားအများအပြားကို အသုံးပြုပြီး ထိုးစစ်ဆင်တာမျိုး တွေ့ရတယ်။ မတ္တရာဘက်မှာ တွေ့ရတဲ့ ရန်သူကတော့ ပြည်သူ့စစ်/ပျူစောထီးတွေနဲ့ ရန်သူ့လက်ရုံးတပ်တွေကို အများဆုံး အသုံးပြုတာကို တွေ့ရပါတယ်။ အင်အား ၈၀၀ လောက် ရှိမယ်။ လက်နက်ကြီးကို အဆက်မပြတ် ဖိအားပေးတာ ရှိပါတယ်” ဟု ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့နယ်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိပြီး မန္တလေးခရိုင်မြို့နယ်ဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၏ မြောက်ဘက်ကပ်လျက်မှ မြို့နယ်တစ်ခုဖြစ်ပြီး၊ အရှေ့ဘက်တစ်ခြမ်းလုံးနီးပါးသည် ပြင်ဦးလွင်မြို့နယ်နှင့် နယ်နိမိတ်ချင်း စပ်နေသည်။ မြို့နယ်၏ အရှေ့မြောက်ဘက်အစွန် ဆည်တော်ကြီးဒေသတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် ဆက်စပ်နေသည်။

မတ္တရာမြို့နယ်၏ အရှေ့မြောက်ဘက်အစွန်တွင် စစ်ကောင်စီတပ်၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်က ဆည်တော်ကြီးရေလှော်တမံအနီး အင်ကြင်းမြိုင်ကျေးရွာတွင် အခြေစိုက်ထားသည်။ ဒေသခံများက အင်ကြင်းမြိုင်တပ်ဟု ခေါ်ကြသည်။

မတ္တရာမြို့၏ တောင်ဘက် မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ထီးတော်မိုးကျေးရွာတွင်လည်း အမှတ် (၂) စစ်သားစုဆောင်းရေးတပ်ဌာနချုပ် ရှိသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ကြသည့် တော်လှန်ရေးအင်အားစုများကို တန်ပြန်တိုက်ခိုက်ရာတွင် အဆိုပါ တပ်ဌာနချုပ်များကို ခြေကုပ်ယူ လှုပ်ရှားသည့်အပြင် ဒေသအတွင်း စစ်အာဏာသိမ်းမှု ထောက်ခံသူများဖြစ်သည့် ပျူစောထီးအများစုရှိရာ ကျေးရွာများတွင် စစ်စခန်းများ တည်ဆောက်ကာ နယ်မြေစိုးမိုးမှု ရယူလေ့ရှိသည်။

ထို့ကြောင့် TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက မြို့နယ်အရှေ့ခြမ်း ကင်းရွာစစ်စခန်းကို ထိုးစစ်ဆင်နေချိန် အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ထီးတော်မိုးရွာအနီးရှိ တပ်တို့က စစ်ကူပေးလေ့ရှိသည်ကို တွေ့ရသည်။

MDY-PDF က ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်ထားသော မန္တလေးမြို့သည် တပ်စခန်းများ ဝန်းရံနေသလို စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုလည်း နန်းတွင်းအတွင်း တည်ရှိသည်။

မန္တလေးတောင်ခြေတွင် တိုက်ခိုက်ရေးတပ်ရင်းဖြစ်သည့် အမှတ် (၉၅) ခြေလျင်တပ်ရင်း အခြေစိုက်ပြီး လက်ရုံးတပ်များစွာသည်လည်း မြို့ပေါ်တွင် ရှိနေသည်။

အဆိုပါ မြို့ပေါ်တပ်ရင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းတွင်း မြို့နယ်များအပါအဝင် မန္တလေးနှင့် အနီးတစ်ဝိုက်မှ မြို့နယ်များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်လေ့ရှိသည်။

မန္တလေးမြို့၏ အရှေ့ဘက်တွင် ရှိပြီး တောင်တန်းဒေသတစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့သည်လည်း စစ်တက္ကသိုလ်နှစ်ခု ရှိပြီး၊ ဒေသခံများက စစ်တပ်မြို့ဟု ခေါ်ဆိုသည်အထိ တပ်ရင်းတပ်ဖွဲ့များစွာရှိနေသည့်မြို့ ဖြစ်သည်။

မန္တလေးတွင် စစ်ရေးကြိုပြင်

မန္တလေးမြို့ပေါ်ရှိ စစ်တပ်များကလည်း ခံစစ်ကြိုပြင်သည့်အနေအထားများ ရှိနေကြောင်း မြို့ခံများအဆိုအရ သိရသည်။

မန္တလေးမြို့ မြောက်ဘက်အစွန်နီးနီးတွင် ရှိနေသည့် မန္တလေးတောင်ပေါ်တွင် လက်နက်ကြီးများ ဆင်ထားသည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း မန္တလေးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

မြို့ပေါ်တွင် စစ်ကောင်စီထောက်တိုင်များ၊ စစ်ရေးပစ်မှတ်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်စဉ်ကတည်းက လက်နက်ကြီးတချို့ကို မန္တလေးတောင်ပေါ်နေရာတချို့တွင် နေရာယူထားခဲ့သည်၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတိုက်ပွဲများ ဖြစ်လာစဉ် အမြောက်များ၊ လက်နက်ကြီးများကို ကားများဖြင့် တင်ဆောင်ကာ မန္တလေးတောင်ပေါ်သို့ ပို့နေခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ လူငယ်က ဆိုသည်။

“အမြောက်တွေကို ကားတွေနဲ့ တင်နေတာ၊ အတော်များတယ်လို့လည်း ကြားတယ်၊ သေချာတော့ မမြင်ရဘူးလေ၊ မြို့တွင်းမှာလည်း သူတို့ကို လာတိုက်ခိုက်ရင် ခုခံနိုင်အောင် ခံစစ်တွေ ပြင်နေတာ နေရာ ၂၀ လောက် ရှိတာမျိုး ရှိတယ်”

အလားတူ မြို့တွင်းလမ်းမများပေါ်တွင်လည်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး၊ စစ်ဆေးသည့်နေရာ ပိုများလာကြောင်းလည်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“စစ်ဆေးတာက တစ်နေရာတည်းမှာ လူများလာတာမျိုးတော့ မဟုတ်ဘူး။ စစ်ဆေးတဲ့နေရာ ပိုများလာတာ၊ ပိုစိပ်လာတာ၊ တစ်နေရာနဲ့ တစ်နေရာဆို သိပ်မဝေးဘူး။ အစစ်အဆေးလည်း မခံချင်တော့ ကွင်းရှောင်သွားရတဲ့နေရာ ပိုများလာတယ်”

လမ်းပေါ်သွားနေသည့် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်က အရပ်ဘက်သုံးကားများဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခြင်း၊ နေအိမ်များကို ရှာဖွေစီးနင်းခြင်းများ ပိုလုပ်လာကြောင်း ပြောသည်။

မြို့၏ မြောက်ဘက် အနီးစပ်ဆုံးဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ အစစ်အဆေး အဖမ်းအဆီး များလာခြင်းဖြစ်နိုင်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။

မတ္တရာသို့ ရောက်လာသည့် ၁၀၂၇ စစ်ဆင်ရေး

ပြင်ဦးလွင်မြို့နယ်နှင့် မိုင်အနည်းငယ်သာ ဝေးသည့် နောင်ချိုမြို့နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ကူ/ထောက်ပို့ယာဉ်တန်းများကိုသာ ဖြတ်တောက် တိုက်ခိုက်နေပြီး၊ ပြင်ဦးလွင်မြို့ဘက်သို့ ထိုးစစ်ဆင်လာသည့် အခြေအနေ မတွေ့ရပေ။

ထို့နောက် စစ်ဆင်ရေးစပြီး နှစ်ပတ်ကျော်အကြာတွင် မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်အတွင်းမှ စတင် ထိုးဖောက်ဝင်ရောက်လာကြသည်ကို တွေ့ရသည်။

မတ္တရာမြို့နယ် မြောက်ဘက်တွင် ရှိသည် စဉ့်ကူးမြို့နယ်သည် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်များ အခြေစိုက်ထားခြင်း မရှိဘဲ၊ ပျူစောထီးစခန်းများ၊ ယာယီစစ်စခန်းများသာ ရှိနေပြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း တွင်းငယ်ကျေးရွာတွင်လည်း အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်တစ်ခုသာ ရှိသည်။

ထို့ကြောင့် မန္တလေးမြို့၏ မြောက်ဘက်တွင် ရှိသည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ထိန်းချုပ်နိုင်ပါက ဧရာဝတီမြစ်ကြောင်းနှင့် မြစ်တစ်ဖက်ကမ်း ထီးချိုင့်မြို့နယ်အထိ နယ်မြေစိုးမိုးမှုရသွားမည်ဖြစ်သည်။

ထီးချိုင့်မြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်များက မြို့သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသော်လည်း လတ်တလောတွင် တပ်ပြန်ဆုတ်ထားရသည်၊ မြို့ကို စစ်တပ်က မီးရှို့ခဲ့သောကြောင့် နိုဝင်ဘာလ ၁၇ ရက်အထိ စာရင်းများအရ မြို့ထက်ဝက်နီးပါး မီးလောင်သွားကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသတွင်းရှိ တပ်ဖွဲ့များ၊ နီးစပ်ဒေသများမှ တပ်ဖွဲ့များကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်နေသည်။

နောင်ချိုမြို့နယ်နှင့် မတ္တရာတိုက်ပွဲများတွင် MDY-PDF ပါဝင်နေခြင်းဖြစ်ပြီး မိုးကုတ်မြို့နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ဆင်ရေးများတွင် မိုးကုတ်ဗျူဟာ PDF တပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်နေသည်။

TNLA နှင့် MDY-PDF တို့၏ နောင်ချိုမြို့နယ်အတွင်း စစ်ဆင်ရေးများတွင် မန္တလေး-လားရှိုးကားလမ်းမကြီး (အမှတ် ၃ ဗျူဟာလမ်းမ) ကို သုံးကာ ရှမ်းမြောက်ဒေသတိုက်ပွဲများဆီသို့ သွားမည့် စစ်ကောင်စီတပ်၏ စစ်ကူနှင့် ထောက်ပို့တပ်များကို ဖြတ်တောက်တိုက်ခိုက်ရေး၊ အဆိုပါ လမ်းကြောင်းရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရေးတို့ ပါဝင်သည်။

အာဏာသိမ်းမှု ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များက တိုက်ပွဲသတင်းများကို အဆက်မပြတ်ထုတ်ပြန်နေသလို သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုများကိုလည်း ဖြေကြားလျက်ရှိသည်။ အွန်လိုင်းလူမှုကွန်ရက်အသုံးပြုသူ အများအပြားကလည်း တိုက်ပွဲသတင်းများကို အွန်လိုင်းတွင် ဆက်လက် ဖြန့်ချိ၊ မျှဝေနေကြသည်။

ဤအခြေအနေတွင် စစ်ကောင်စီကလည်း ဒေသအသီးသီးရှိ တိုက်ပွဲဖြစ်မှုအခြေအနေကို နေ့စဉ် အနှစ်ချုပ် ထုတ်ပြန်နေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *