တော်လှန်​ရေးကာလ ဘား ၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော

တော်လှန်​ရေးကာလ ဘား၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော

တော်လှန်ရေးကာလ၌ ဘား ၊ နိုက်ကလပ် နှင့် ကေတီဗီများတွင် ပျော်ပါးနေခြင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို သွယ်ဝိုက်သည့်နည်းဖြင့် ထောက်ပံ့နေခြင်းဖြစ်​နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ Vivienne က လူထုနွေဦးသို့ပြောသည်။

“ဒီလူတွေကို ပြည်သူတွေက ပိုက်ဆံသွားပေးနေသလိုပဲ။ထောက်တိုင်တွေရဲ့ လုပ်ငန်းတွေကို သွားပြီးတော့ အားပေးနေတယ်။ အဲဒီ့လူတွေရဲ့ လုပ်ငန်းကို အားပေးတာက ပိုက်ဆံတွေနဲ့အားပေးနေတာလေ။

အဲဒီလိုပိုက်ဆံတွေနဲ့သွားအားပေးတာက ဘယ်ကိုရောက်လဲဆိုတော့ စစ်ကောင်စီဆီကိုပဲရောက်သွားတာ။ စီးဆင်းသွားတာ။ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဒီပိုက်ဆံတွေနဲ့ ကျားကန်နေတာ။ ရန်ကုန်ပြည်သူလူ‌ထုက နားလည်ထားရမှာ ။

ကျွန်မတို့ကိုနှိပ်စက်ဖို့ ထောက်ပံ့ပေးနေတယ်ဆိုတာ နားလည်ဖို့သင့်တယ်။ ဒါလေးကို တစ်ချက်ပြန်ပြီးစဉ်းစားဖို့လိုအပ်တယ်။ ပြည်သူတွေ အရမ်းကိုမနေနိုင်လို့ မွန်းကြပ်လို့ ဘားတွေ ကေတီဗီတွေ ကလပ်တွေသွားချင်ဆိုရင် အဲဒါလေးပြန်စဉ်းစားသင့်တယ်။” ဟု ၎င်းကပြောသည်။

နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီအနေဖြင့် ​စစ်မျက်နှာတိုင်းတွင် ရှုံးနိမ့်မှုများ ရင်ဆိုင်နေရသော်လည်း လက်ရှိအချိန်အထိ ရပ်တည်နေနိုင်ခြင်းသည် ပြည်တွင်းရှိ ထောက်တိုင်များကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအနေဖြင့် စစ်ကောင်စီအတွက် ဝင်ငွေများဖန်တီးပေးနေသော ထောက်တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ စစ်ကောင်စီထောက်တိုင်များကို ဖြိုချခြင်းလုပ်ငန်းစဉ်များဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီလက်အောက်ခံဘဏ်များ ၊ စက်ရုံများ နှင့် ကေတီဗီများကို ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်းက စစ်ကောင်စီနှင့်သက်ဆိုင်သူများပိုင်ဆိုင်သည့် Honey Nest Bar နှင့် စစ်ကောင်စီကို ထောက်ခံနေသည့် ထူးကုမ္ပဏီလက်အောက်ခံ Harry’s Bar တို့ကိုဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုဆနုသည်။

ဒီဇင်ဘာလတွင်လည်း စစ်ကောင်စီမှရာထူးအကြီးပိုင်းများ သွားရောက်ပျော်ပါးလေ့ရှိသည့် K2 ကေတီဗီ ၊ B3 ဘား နှင့်ကေတီဗီဆိုင်များကို ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“မစည်ကားသင့်တာကို စည်ကားအောင်လုပ်နေခြင်းဟာ ဒီလိုလုပ်နေခြင်းကိုက စကစအကြိုက်ကိုလုပ်နေတာ ။စကစက ဒါကိုရုပ်ပြချင်တာ ။ ရန်ကုန်ကြီးက စည်ကားနေပါတယ်။ အေးချမ်းနေပါတယ်။ Safe ဖြစ်နေပါတယ်။ ဒီလိုပုံစံနိုင်ငံတကာကိုပြချင်တာ။

သူထိန်းချုပ်နိုင်ပါတယ်ဆိုတာကိုပြချင်တာ။ အဲဒါကို ပြည်သူတွေက ကိုယ့်ပိုက်ဆံ အကုန်ခံပြီး ဒီကောင်ဖြစ်စေချင်တဲ့ ပုံစံ ကိုသွားပြပေးနေသလိုဖြစ်နေတယ်။ အဲဒါက ရန်သူအားပေးအားမြှောက်ဖြစ်နေတယ်။

ကိုယ့်ကိုယ်ကိုယ် ရန်သူကို အားပေးလို့အားပေးမိနေမှန်းမသိဘူး။ ကိုယ့်ကိုရိုက်ဖို့တုတ်ကို အတင်းထည့်ပေးသလိုဖြစ်နေတယ်။ အခုဒီကောင်တွေက ရိုက်တာမဟုတ်ဘူး။ သတ်တာ။ ကိုယ့်ကိုသတ်ဖို့သေနတ်ကိုသူတို့လက်ထဲကို အတင်းထည့်ပေးနေတယ်။

ကိုယ့်ကိုသတ်ဖို့ကျည်ဆံကိုအတင်းထည့်ပေးနေတယ်။ ကိုယ့်သားသမီးတွေ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ရဲ့မိဘတွေ ကိုယ်ချစ်ခင်ရသူတွေ ဒီလူတွေကို သတ်ဖို့ သေနတ်တွေ ကျည်ဆံတွေကို သူတို့လက်ထဲကို ကျွန်မတို့ပိုက်ဆံနဲ့သွားထည့်ပေးနေတာနဲ့ အတူတူပဲ။

ဒါကိုသိဖို့လိုအပ်တယ်။ ဒါကြောင့်အရမ်းကြီး အပျော်အပါးကို မမက်ကြပါနဲ့” ဟု Vivienne က တိုက်တွန်းသည်။

“တစ်နိုင်ငံလုံးစစ်ဖြစ်နေတဲ့ အချိန် တခြားနယ်မြေတွေမှာ ကိုယ့်ညီအစ်ကိုမောင်နှမတွေ ဆွေမျိုးသားချင်းတွေရှိနေတယ်။ အဲဒီ့လူတွေအကုန်လုံး ထွက်ပြေးနေရတယ်။ တိမ်းရှောင်နေရတယ်။ နယ်မြေတွေအကုန်လုံး ဟာ စစ်တလင်းတွေဖြစ်နေတယ်။ စစ်‌ဖြစ်နေတယ်။

သူတို့တွေအကုန်ဒုက္ခရောက်နေတယ်။ ငတ်မွတ်နေတယ်။ ဘာလို့ရန်ကုန်မြို့ကြီးကစည်ကားနေတာလဲ။ မစည်ကားသင့်တဲ့ နှိုက်ကလက်တွေ ဘားတွေ ကေတီဗီတွေမှာ စည်ကားနေတာလဲ။ ကျွန်မတို့စဉ်းစားဖို့သင့်တယ်”ဟု ၎င်းကဆက်​ပြောသည်။

ထို့အပြင်ယင်းနေရာများကို တိုက်ခိုက်မှုများပြုလုပ်ချိန်တွင်လည်း သွားရောက်ပျော်ပါးသည့်ပြည်သူများကို မထိခိုက်စေရန်အတွက် သတိထားလုပ်ရသောကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် အကြပ်အတည်းဖြစ်ရသည်ဟု ၎င်းကဆိုသည်။

” အားလုံးလည်းသတိထားမိလိမ့်မယ်ထင်တယ်။ ဟိုးအရင်တုန်းကဘားတွေကို ဖောက်တဲ့ကိစ္စ။ ဒါပေမယ့် အဲဒီ့တုန်းက အဝလောက်ပဲဖောက်တာ။ အဲဒါဘာလဲဆိုတော့ပြည်သူကိုမထိခိုက်စေချင်ဘူး။ သတိပေးတဲ့အနေနဲ့ပဲဖောက်တာ။

ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ တဖြည်းဖြည်းနဲ့ အထဲကိုရောက်လာပြီ။ အဆောက်အဦးတွေထိခိုက်လာပြီ။ ဒါကဒုတိယအဆင့်သတိပေးခြင်းဖြစ်တယ်။ ရပ်ကြဖို့ ပြည်သူတွေ သဘောပေါက်ကြဖို့ အဲဒါလေးကို အသိပေးချင်တယ်။” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ပြည်သူများ တော်လှန်‌ရေး၌ စိတ်မဝင်

စားစေရန် ရည်ရွယ်၍ ဘား ၊ နိုက်ကလပ် ၊ ကေတီဗီများတွင် မူးယစ်ဆေးဝါးများကို လွတ်လပ်စွာ ဝယ်ယူရောင်းဝယ်သုံးစွဲနေခြင်းများကို ခွင့်ပြုထားခြင်းဖြစ်သည်ဟု ‌ရန်ကုန်မြို့ရှိ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကပြောသည်။

“အရင်ကလည်း EDM ပွဲတွေမှာ မြူးဖို့ သုံးကြတယ်။ အဲဒါကလည်း အဆက်အစပ်နဲ့ပဲရတာ။ ဈေးကလည်းကောင်းရင်ကောင်းသလို သိန်းနဲ့ချီပေးရတာ ။အခုကတော့ သောင်းဂဏန်းနဲ့ လွယ်လွယ်ဝယ်လို့ရတယ်။ ကလပ်တွေ ကေတီဗီတွေမှာလည်းပုံမှန်လိုပဲ အေးဆေးသုံးနေကြတာ။ တော် တော်ဆိုးဆိုးရွားရွားဖြစ်လာတယ်” ဟု ကိုယ်တိုင်တွေ့ကြုံခဲ့သူတစ်ဦးကပြောသည်။

အဆိုပါကိစ္စများဖြစ်နေသည်ကို စစ်ကောင်စီအနေဖြင့် မသိကျိုးကျွန်ပြုထားပြီး အချို့ ဘားများကို ‌အဖမ်းပြကာ ခြိမ်းခြောက်ငွေတောင်းခံသည့် ကိစ္စများလည်းဖြစ်ခဲ့ဖူးသည်။

“ဒီဟာတွေကပိုင်ရှင်ကဘယ်သူတွေလဲ။ဒီအချိန်မှာ ဒီလိုဖွင့်ထားနိုင်ခြင်းဟာ ဘယ်လိုအကန့်တွေကြောင့်ဖွင့်ထားနိုင်တာလဲ။ဒီနေရာမှာ ဘယ်လိုမသမာမှုတွေဖြစ်နေတာလဲ။ ပုံမှန်အတိုင်းဆို ဥပဒေအရ အရေးယူရမယ့်ဆေးဝါးရောင်းချနေတဲ့ဟာတွေ ဒီလိုဟာတွေကို ပေါ်ပေါ်တင်တင် ခွင့်ပြုပြီးလုပ်ကိုင်ဆောင်ရွက်နေတဲ့ ဘားတွေ ကေတီဗီတွေ ကလပ်တွေဟာဘယ်လိုဟာတွေ နောက်ခံမှာရှိနေသလဲ။ ဒါတွေကိုပြည်သူတွေသေသေချာချာသဘောပေါက်ရမယ်။ ” ဟု Vivienne ကပြောသည်။

အဆိုပါနေရာများသို့ သွားရောက်နေသည့် လူငယ်များ အနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသည့် လူငယ်များနှင့် နှိုင်းယှဉ်ကာ မိမိလူငယ်ဘဝကို လေးစားတန်ဖိုးထားစိတ်ဖြင့် နေထိုင်ရန် ၎င်းကတိုက်တွန်းသည်။

ရန်ကုန်မြို့ရှိ ဘား ၊ကလပ်၊ KTV အများစုမှာ စစ်​ကောင်စီနှင့် နီးစပ်သူများဖွင့်လှစ်ထားသလို ၊ စစ်​ကောင်စီနှင့် မနီးစပ်​သော လုပ်ငန်းရှင်များကဖွင့်လှစ်ထားမှု အချို့ ရှိလျှင်ပင် ယင်းလုပ်ငန်းများက စစ်​ကောင်စီ ကိုအခွန်​ဆောင်သလို ၊ ရဲ​ကြေး ၊လိုင်း​ကြေး ၊လိုင်စင်​ကြေး ​ခေါင်းစဥ်မျိုးစုံဖြင့် စစ်​ကောင်စီတပ်သားများ၊စစ်​ကောင်စီအုပ်ချုပ်​ရေးရုံးနှင့် ဝန်ထမ်းများကို ​ငွေ​ပေး​နေသဖြင့် စစ်​ကောင်စီကို အကျိုးပြူ​နေခြင်းပင်ဖြစ်​ကြောင်း အဆိုပါလုပ်ငန်းများကို ​လေ့လာ​နေ​သော ရန်ကုန်မြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက​ပြောသည်။

ဘား၊ကလပ် ၊ KTV များတွင် မူးယစ်​ဆေးဝါး​ရောင်းဝယ်၊သုံးစွဲမှု မြင့်မား​နေပြီး ထိုအ​ခြေအ​နေမှာ စစ်​ကောင်စီ ၊စစ်​ကောင်စီနှင့် ဆက်စပ်​သော လုပ်ငန်းရှင်များကိုပင်အကျိုးအမြတ်ပိုရ​စေ​ကြောင်း ၎င်းကဆက်​ပြောသည်။

ရန်ကုန်သာမက နယ်မြို့များတွင်လည်း စစ်​ကောင်စီက ​လောင်းကစားရုံများ ၊ KTV များ စ​သော​​ပျော်ပါးမူးယစ်​​သော​လုပ်ငန်းများကို ပြည်သူများ​တော်လှန်​ရေးအ​ပေါ် စိတ်မဝင်စား​​စေရန် ၊

စစ်​ကောင်စီ​အတွက် အခွန် ၊လိုင်း​ကြေးရရန် မဖမ်းသည့်အပြင် အား​ပေးအား​မြှောက်လုပ်၍ ဖွင့်လှစ်လုပ်ကိုင်​​နေကြောင်း ပြည်သူများက​ပြောသည်။

စစ်​ကောင်စီ၏ လုပ်ငန်းများ ၊စစ်​ကောင်စီ ​ထောက်တိုင်လုပိငန်းများကိုပါ တိုက်ခိုက်​သတိ​ပေးလာသော ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ရန်အတွက် “တော်လှန်ရန်ကုန်တိုက်ပွဲဇုန်” အမည်ဖြင့် ကမ်ပိန်းကို ဒီဇင်ဘာ ၁၅ တွင်စတင်နေပြီး မဲလက်မှတ်များရောင်းချလျက်ရှိသည်။

မဲတစ်စောင်လျှင် မြန်မာငွေကျပ် ၃၀၀၀၀ သတ်မှတ်ထားပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ကာ မဲအစောင်ရေ ၃၀၀၀ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း တော်လှန်ရန်ကုန် တိုက်ပွဲဇုန်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ကြေညာထားသည်။

ဆုမဲများအနေဖြင့် ပထမဆုကို ပြင်ဦးလွင်မြို့မှ မြေကွက် ၊ ဒုတိယဆုကို ဒေါ်အောင်ဆန်းစုကြည်ပုံ လော့ကတ်ပါဆွဲကြိုး နှင့် တတိယဆုကို ပလက်တီနမ်လော့ကတ် ပေးမည်ဟုကြေညာထားပြီး

မြန်မာ ၊ ထိုင်း ၊ အမေရိကန် ၊ ဗြိတိန် ၊ ဩစတေးလျ ၊ ကိုရီးယား ၊ စင်ကာပူ နှင့် ဂျပန်နိုင်ငံတို့အတွက် လက်မှတ်ဈေးနှုန်းများကို အထက်ပါပေ့ခ်ျ၌ ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *