စက်သုံးဆီ ပြတ်လပ်၍ ရန်ကုန်သို့ ကုန်စည်အဝင်နည်းပြီး ဈေးတက်

စက်သုံးဆီ ပြတ်လပ်ပြီး ပြင်ပတွင် ဈေးနှုန်းမြင့်တက်ခြင်းကို ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ခံများသည် ယခုအခါ နောက်ဆက်တွဲအနေဖြင့် ကုန်စည်အဝင်နည်းပြီး ဈေးနှုန်းတက်သည့်ဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း ရန်ကုန်၏ အဓိက ကုန်စည်ဈေးကွက်ကြီးများဖြစ်သော ဒညှင်းကုန်းဈေးနှင့် ဘုရင့်နောင့်ကုန်စည်ဒိုင်များထံမှ သိရသည်။

ရှမ်းမြောက်ဘက် တိုက်ပွဲများနှင့် ယင်းဒေသဘက်မှ ကုန်တင်ကားများအဝင်နည်းနေခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။

“တိုက်ပွဲတွေကြောင့်ရယ်၊ ကုန်ကားတွေက ဆီမရတာနဲ့ ကြန့်ကြာနေတာတွေပေါ့။ ကုန်အဝင်နည်းတယ်။ ရောက်လာတဲ့ကုန်စည်တွေကျတော့ သယ်ယူစရိတ်က အရမ်းများတဲ့အတွက် ဈေးတွေက အရင်တက်နေတာထက် နည်းနည်းတက်ရောင်းရတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မှောင်ခိုဈေးကွက်များတွင် ဈေးကြီးပေးဝယ်နေရ၍ သယ်ယူစရိတ်များကြီးမားပြီး အ‌ခြေခံစားသောက်ကုန်ဈေးနှုန်းများ တက်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ၂၄ ပြည်ဝင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ မှ နှစ်သိန်းကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ၁၆၀,၀၀၀ ကြား၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ မှ ကျပ်တစ်သိန်းအထိ ပေါက်ဈေးရှိနေသည်ဟု ရန်ကုန် ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

စားသုံးဆီတစ်ပိဿာလျှင် စစ်ကောင်စီဘက်က ရောင်းချပေးမှု တစ်ပိဿာ ၅၂၀၀ ခန့်ရှိသော်လည်း ပြင်ပပေါက်ဈေး ၉,၀၀၀ ကျပ်အထိရှိပြီး ကြက်သွန်နီ တစ်ပိဿာ ၅,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်တစ်သောင်း၊ ကန်စွန်းရွက် တစ်စီး ခုနှစ်ရာကျပ်၊ မုန့်ညှင်းတစ်စီး ၄၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ CP ကြက် တစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ ဗမာကြက် တစ်ပိဿာ ၁၅,၀၀၀ ကျပ်အထိပေါက်ဈေးရှိသည်ဟု သိရသည်။

“ကုန်ကားအဝင်က အရင်ကတစ်ရက်ဆို အစီး ၄၀ လောက်က ပုံမှန်ရှိတယ်။ အခုဆို တစ်ရက် အစီးအရေ ၂၀ လောက်ပဲဝင်တယ်။ ထက်ဝက်လျော့တယ်ပေါ့။ စက်သုံးဆီတွေ မရတာလည်းပါတယ်။ နယ်ဘက်တွေကနေ ပို့ရတာဖြစ်တော့ အဲဒီ ဘက်မှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဒီမှာလာသက်ရောက်တာပါပဲ” ဟု အမည်မဖော်လိုသူ ကုန်စည်ဒိုင် တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးငွေညှစ်မှုဒဏ်များကို ယနေ့အချိန်အထိ ခံစားနေကြရဆဲဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top