တော်လှန်ရေး လက်သီးဆုပ်တွေ ပိုမိုတင်းကြပ်လာချိန် (သို့မဟုတ်) စစ်ကောင်စီ ခြေကုန်လက်ပမ်းကျလာချိန်

တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာတ်မိတ် ညီနောင် ၃ဖွဲ့ဟာ ဒုတိယအကြိမ် တွေ့ဆုံမှုလုပ်ခဲ့ပေမယ့် ဘယ်လိုသဘောတူညီမှုမှ မရခဲ့ပါဘူး။

သူတို့ကိုယ်သူတို့ အင်အားကြီးအဖွဲ့တစ်ခုအဖြစ် အထက်စီးက နေချင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရှမ်းမြောက်စစ်ပွဲတွေ ယာယီရပ်ဆိုင်းပေးဖို့ လိုလားနေသည့်တိုင် တောင်းဆိုချက်တွေက မြင့်မားနေဆဲပါ။

စစ်ကောင်စီက သူတို့တပ်ရင်းတွေကို နေရာပြန်ချပေးရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ဆွေးနွေးခဲ့သလို ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို စစ်ရေး မစတင်ခင်က နေရာတွေအထိ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအသာရနေတဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေကတော့ တိုက်ပွဲဆက်လက်ဆင်နွှဲလိုတဲ့ ဆန္ဒရှိနေတာကြောင့် ဆွေးနွေးပွဲအခြေအနေ တင်းမာခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးတင်းမာမှုက ပိုဆိုးလာနိုင်သလို ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဒီဇင်ဘာ ၇ရက်ကနေ ၉ရက်အထိ ပထမအကြိမ်၊ ဒီဇင်ဘာ ၂၂ရက်ကနေ ၂၄ရက်အထိ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှာ တတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ ရှိနေပါတယ်။

ဗျူဟာအရ လိုအပ်ချက်အရ ရန်သူနဲ့ ခဏတွေ့ရတာမျိုး ရှိပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးဆိုတဲ့ ဦးတည်ချက်ကတော့ မျက်ခြေမပြတ်ဘူး၊ မပြောင်းလဲဘူးလို့ တအာင်းတပ် TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က BBC ကို ပြောထားပါတယ်။

ပထမအကြိမ် ဆွေးနွေးပွဲတုန်းက တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ် MNDAA က တစ်ပတ်တာ စစ်ရေးအရှိန်လျှော့ခဲ့ပေမယ့် တစ်ပတ်ပြည့်တဲ့နောက် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် TNLA က စစ်ရေးအရှိန်မြှင့်ပြီး မြို့ ၂မြို့နဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်ခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းတွေအတွက် စိုးရိမ်မကင်းဖြစ်လာတာတဲ့ တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးမှုမှာတော့ ဘယ်လိုသဘောတူညီချက်မှ မရသလို၊ ဘာရလဒ်မှ မထွက်ခဲ့ဘူးလို့ သိရပါတယ်။

သဘောတူညီမှုမရတဲ့အပြင် ဆွေးနွေးပွဲပြီးတဲ့နောက် ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီကို “စစ်ရာဇဝတ်မှု အကျူးလွန်ဆုံး စစ်တပ်” လို့ ခေါ်ဝေါ် သုံးစွဲလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အရပ်သား ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ လူနေအဆောက်အအုံနဲ့ မြို့ရွာတွေအပေါ် လေကြောင်းအသုံးပြု ဗုံးကြဲတာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးအရှိန်အဟုန်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြိုင်တူမြှင့်တင်သွားမယ်လို့လည်း မဟာမိတ်အဖွဲ့တွေက ဆိုထားပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ ညီနောင်မဟာမိတ် ၃ဖွဲ့က စတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ပူးပေါင်းပါဝင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ အခုဆို ၂လ ပြည့်သွားပြီ ဖြစ်ပါတယ်။

ကိုးကန့်ဒေသမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီး ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် လောက်ကိုင်တစ်မြို့သာ ကျန်ပါတော့တယ်။

စစ်ကောင်စီကလည်း လောက်ကိုင်မြို့ကို တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတချို့ စစ်ကူပို့ခဲ့ပြီး မြို့ပတ်ဝန်းကျင်ကို တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅ဝ နီးပါး ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ လောက်ကိုင်မြို့ရဲ့ ၃ပုံ ၂ပုံလောက်ကို MNDAA က သိမ်းပိုက်ထားပြီး စစ်ကူပို့လိုက်တဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ကိုးကန့်နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး MNDAA ထံ လက်နက်ချထားပါတယ်။

တအာင်းတပ် TNLA က မန္တလေး PDF တွေနဲ့အတူ ရှမ်းမြောက်က နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းလုံမြို့တွေကို သိမ်းပိုက်ထားပြီး ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာနဲ့ နမ္မတူ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေကြပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တပ်စခန်းနဲ့ ရဲစခန်း ၁၄ဝ ကျော်ကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ထားပါတယ်။ ယမန်နေ့ကတော့ ငါးခုမြောက် မြို့သိမ်းပွဲအဖြစ် နမ္မတူမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ကြေညာခဲ့ပါတယ်။

ကမ္ဘာကျော် နမ္မတူသတ္တုတွင်း တည်ရှိရာ နမ္မတူမြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ နမ္မတူနဲ့ မိုင်လေးဆယ်ခန့်သာ ကွာဝေးတော့တဲ့ အ‌ရှေ့မြောက်ပိုင်း စစ်ဌာနာချုပ် (ရမခ) ရှိရာ လားရှိုးမြို့အတွက် မျက်ခုံးလှုပ်စရာ ဖြစ်လို့လာပြီပဲ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်များအနေနဲ့ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့ဝန်းကျင် ဧရိယာတော်တော်များများကို သိမ်းပိုက်ထားပြီး၊ အကယ်၍ အဆိုပါမြို့တွေကိုသာ ထိန်းချုပ်နိုင်ပြီဆိုပါက လားရှိုးမြို့ကလွဲပြီး၊ မန္တလေး မူဆယ် (တရုတ်-မြန်မာ) အဓိက ကုန်သွယ်လမ်းကြောင်းတစ်ခုလုံးဟာ မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် လုံးလုံးကျရောက်သွားမှာ ဖြစ်သလို၊ ရမခ တည်ရှိရာ လာရှိုးမြို့ဟာလည်း ရှေ့နောက် ပတ်ခြာလည် ပိတ်ဆို့ခံရတော့မယ့်အခြေအနေ ဆိုက်ရောက်သွားမှာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အစဥ်အလာမပျက်ဘဲ ရခိုင်ပြည်သူတွေရဲ့ တန်ဖိုးထားရာ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ဘုန်းကြီးကျောင်းနဲ့ အဆောက်အအုံတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ် ယူနက်စကို စာရင်းဝင်ရေး အဆိုပြုထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတဲ့အတွက် စစ်ကောင်စီကို ထိရောက်တဲ့ တုန့်ပြန်မှုတွေ လုပ်သွားမယ်လို့ ရခိုင့်တပ်တော် AA က သတိပေးထားပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပေမယ့် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဒါ့အပြင် ပဲနွယ်ကုန်းမြို့ သဲကောရွာအနီးမှာလည်း စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၇ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီဘက်ကတော့ ပဲခူးတိုင်းထဲမှာ စစ်ရှောင်တဲတွေကို မီးရှို့တာတွေ၊ စစ်ဘေးရှောင်တွေကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်တာတွေ လုပ်နေပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်း စစ်ရေးအချိုးအကွေ့တစ်ခုဖြစ်စေခဲ့တဲ့ အင်အားကြီးမားတဲ့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေဟာ စစ်ရေးအသာစီးရမှုကို ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။

မြို့သိမ်း စခန်းသိမ်း တိုက်ပွဲအခြေအနေတွေကို ပီပီပြင်ပြင် ရောက်ရှိလာပြီး စစ်ကောင်စီထံက လက်နက်ကြီးငယ် များစွာနဲ့ ကျည်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ စစ်မျက်နှာတိုင်းမှာ ခံစစ်နေရာကို ရောက်သွားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကိုသာ အားကိုးစရာ ရှိပါတော့တယ်။ စစ်ကောင်စီအနေနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်သိမ်းယူနိုင်ခြင်း မရှိတော့ဘဲ တပ်ရင်းတွေ တစ်ခုပြီးတစ်ခု လက်နက်ချတာသာ ရှိနေတော့တာပါ။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံတယ်ဆိုတာဟာ တရုတ်ရဲ့ ဖိအားကို တုန့်ပြန်မှုတစ်ခုအနေနဲ့သာ တက်ရောက်တာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

သေချာတာကတော့ စစ်ရေးမှာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တရုတ်အားကိုးနဲ့ အထက်စီးဆန်တဲ့ ဘယ်လိုတောင်းဆိုမှုမျိုးကိုမှ လုပ်လို့မရတော့ပါဘူး။

အာဏာသိမ်းစစ်တပ် လက်မလွှတ်ချင်တဲ့အရာတွေကို တစ်ခုပြီးတစ်ခု လက်လွှတ်ရမယ့် အချိန်ကာလကို ရောက်ရှိနေပါပြီ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *