ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက သူတို့အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့အတွက် ပျူစောထီးအဖွဲ့တွေကို ဖွဲ့စည်းလာပြီးနောက် မဘသဆရာတော် ဦးဝါသဝက ၂၀၂၁ ခုနှစ် ဩဂုတ်လလောက်ကစလို့ စစ်ကိုင်းတိုင်းက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဦးဝါသဝဟာ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် စတဲ့မြို့နယ်တွေက စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမှုအားကောင်းတဲ့ ကျေးရွာတွေကိုခြေကုတ်ယူပြီး ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တွေကို ဖွဲ့စည်းဦးဆောင်နေတာလို့လည်း ပြောကြပါတယ်။

RFA က ကြည့်ရှုခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ကန့်ဘလူမြို့နယ် အနောက်ခြမ်းက ကျွန်းလယ်ရွာ ဘုန်းကြီးကျောင်းမှာ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် တွေကို ဘာကြောင့်လက်နက်ကိုင်ရတယ်ဆိုတာကို ရှင်းပြနေတာတွေ့ရပါတယ်။

“ဒီနေ့ အေးချမ်းအောင် လုပ်နေတာသည် ဒီနေ့ဒါ တိုင်းပြည်နဲ့ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားနေတဲ့ တို့စစ်ကိုင်းတိုင်းကို ယုတ်မာနေတဲ့ KIA၊ PDF။ ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ ကိုယ့်အချင်းချင်းကို သတ်ပြနေတဲ့၊ တို့ဘုန်းကြီးများဆိုရင်လည်း သူတို့လိုရင်တော့ ဘုန်းဘုန်းတဲ့ မလိုရင်တော့ ခေါင်းတုံးဆိုပြီးတော့ PDF က ခေါင်းစီးအမျိုးမျိုး တပ်ပြီးတော့ ဘာသာအချင်းချင်းကို သတ်နေတာဖြစ်တယ်။ အဲဒီတော့ PDF တွေက လူစိတ်မရှိတဲ့ တိရိစ္ဆာန်စိတ်ပေါက်နေကြသူတွေ ဖြစ်တယ်။ ရဲဘော်တို့ အခုလို လက်နက်ကိုင်တယ် ဆိုတာကလည်းပဲ မိမိရဲ့ရပ်ရွာ၊ မိမိရဲ့ဒေသ၊ မိမိရဲ့တိုင်းပြည်ကို ကာကွယ်ဖို့ မဟုတ်ဘူးလား”

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ ဦးဝါသဝဟာ ယခင်ကတည်းက ဘာသာရေးမှိုင်းတိုက်ပြီး စည်းရုံးလေ့ရှိတဲ့ မဘသ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်မှာလည်း သူ့ရဲ့စည်းရုံးမှုနဲ့ ပျူစောထီးအဖွဲ့တွေ အားကောင်းလာတာလို့ ပြောပါတယ်။

“ဝါသဝက အရင်ကလေ မဘသဘုန်းကြီးလို့ ပြောတယ်ဗျ။ အရင်ကတည်းက ဘာသာရေးကို မှိုင်းတိုက်ခဲ့တဲ့ ဘုန်းကြီးတွေ။ အဲဒီ ဘုန်းကြီးတွေက။ နောက်ပိုင်းမှာ အာဏာသိမ်းသွားတဲ့အခါမှာ ကြံ့ခိုင်ရေး အစိုးရဘက်ကနေ သူတို့က အားသန်တယ် ထင်တယ်။ သူထိုင်တဲ့ ကျွန်းလယ်တို့ မှော်တော အနောက်ဘက်ခြမ်းမှာလည်း ကြံ့ခိုင်ရေးဘက်က ပြည်သူတွေက များတာပေါ့ဗျာ။ Local တွေနဲ့ရော PDF တွေနဲ့ရော တိုက်ပွဲဖြစ်ရင် ခွေးတွေ အသေအဆုံးများရင် ကျွန်းလယ်ဘက်ကိုပေါ့။ ပျူစောထီး အထိုင်ချထားတဲ့ ရွာဘက်ကိုမှ ပြန်ပြန်လှည့်သွားတယ်”

တန့်ဆည်မြို့နယ် တစ်ခုတည်းမှာ ပျူစောထီး အင်အား ၄၀၀ ဝန်းကျင်ရှိပြီး သူတို့ အားလုံးကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လက်နက်ထုတ်ပေး ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်မှာ ၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ အာဏာသိမ်း နှစ်နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်ကြောင့် ကျေးရွာပေါင်း ၈၃ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ပြည်သူ ၇၇ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူပေါင်း တစ်သောင်းခြောက်ထောင်ကျော်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးဝါသဝဟာ ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းကို အခြေပြုပြီး ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးအဖွဲ့အင်အားကို တိုးချဲ့နေတာလို့ ကန့်ဘလူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဦးဝါသဝက အဓိက သူ့ရဲ့ရည်ရွယ်ချက်က ဘာသာရေးပဲဗျ။ ဘာသာရေးဆိုတာ ဘာလဲဆိုတော့ ကုလားနိုင်ငံ မဖြစ်ရေးဆိုတဲ့ မှိုင်းနဲ့ရိုက်သွင်းတယ်။ အဲဒီမှာ တော်တော်လေးကို တုံးအတဲ့ ပြည်သူတွေပေါ့ဗျာ။ အသိအားနည်းတဲ့ ပြည်သူတွေက ဘာတွေအလုပ်ခံရလဲဆိုတော့ ပထမအဆင့်အနေနဲ့ ပျူတည်ဆောက်တယ်။ ဒုတိယ အဆင့်အနေနဲ့ နောက်ဆုံးမှာ NLD အင်အားစုတွေကပါ မဆန့်ကျင်ရဲတော့ဘူး။ တချို့က ရွာကထွက်ပြေးတယ်။ ထွက်မပြေးတဲ့လူတွေကိုလည်း ရွာထဲမှာ မလိုက်မနေရအနေနဲ့ စည်းရုံးတယ်။ တစ်အိမ်တစ်ယောက်ပေါ့ဗျာ။ ရွာကာကွယ်ရေးအဖွဲ့အနေနဲ့ သူတို့ ဖွဲ့တယ်”

ပျူစောထီးအဖွဲ့တွေကို စတင်ဖွဲ့စည်းစဉ်က ကျေးရွာကာကွယ်ရေးအတွက်ပဲ ထားမယ်ဆိုပြီး ဟောပြောစည်းရုံးခဲ့ပေမယ့် ဦးဝါသဝဟာ ကန့်ဘလူ အနောက်ခြမ်းကနေ သူမွေးထုတ် လိုက်တဲ့ ပျူစောထီးတွေကို ကန့်ဘလူ အရှေ့ခြမ်း၊ မြောက်ခြမ်း၊ တောင်ခြမ်းကို ပို့ပေးပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေနဲ့အတူ ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝါသ၀ ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ – ၃၆၃၊ ခမရ – ၃၆၄၊ ခမရ – ၃၆၇ အပြင် ကန့်ဘလူ အခြေစိုက် လက်နက်ကြီးတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်အတွင်းမှာ စစ်ဆင်ရေးဆောင်ရွက်နေ တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေရဲ့ လက်ချက်ကြောင့် ရွာပေါင်း ၁၃ ရွာက လူနေအိမ် ၈၉၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ပြည်သူ ၂၅ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ၂၀၂၂ ဒီဇင်ဘာမှာလည်း နောက်ထပ် ကျေးရွာ ကိုးရွာက နေအိမ် ၂၃၃ လုံး မီးရှို့ခံခဲ့ရသလို အရပ်သား ငါးဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဦးဝါသဝကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့သလို ရဟန်းတစ်ပါးက လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်နေတာနဲ့ ပတ်သက်လို့ မေးမြန်းလျှောက်ထားနိုင်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

မန္တလေးတိုင်းအတွင်းက ဆရာတော်တစ်ပါးကတော့ ဦးဝါသဝဟာ ဝိနည်းနဲ့ဆန့်ကျင်နေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာလို့ မိန့်ကြားပါတယ်။

“ဦးဇင်းတို့ သာသနာမှာ သူများကို သတ်ဖို့၊ ဖြတ်ဖို့၊ လက်နက်ကိုင်ဖို့ မပြောနဲ့။ ဦးဇင်းတို့ စကားနဲ့တောင် ဆဲရေးတိုင်းထွာတာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောလို့ရတာ မဟုတ်ဘူး။ ဦးဇင်းတို့ သံဃာဆိုတာက လူအများရဲ့ အကြည်ညိုခံ၊ လူအများရဲ့ ကိုးကွယ်ရာ၊ လူအများရဲ့ စံပြအဖြစ် ကိုယ်ကျင့်တရား၊ ဝိနည်းပိုင်းဆိုင်ရာ သိက္ခာတွေနဲ့ အများကြီး စောင့်ထိန်းရတယ်။ အခုလိုမျိုး လက်နက်ကိုင်တာကတော့ တော်တော်ကို လွန်လွန်ကျူုးကျူး အပြစ်ကြီး ကျူးလွန်ထားပြီးတော့ သံဃာလို့ကို သတ်မှတ်လို့ကို မရတော့တဲ့ အနေအထားမျိုးတွေအထိ သဘောသက်ရောက်တာပေါ့နော်”

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့က ဝိနည်းကို ဖောက်ဖျက်ကျူးလွန်နေတဲ့ ရဟန်း၊ သံဃာတော်တွေအပေါ် ဆုံးမတားမြစ်ပေးရမယ့် တာဝန်ရှိပေမယ့် အခုဖြစ်ရပ်မှာတော့ မျက်ကွယ်ပြုထားကြတာ တွေ့ရတယ်လို့လည်း အဲဒီဆရာတော်က မိန့်ပါတယ်။

မဘသ သံဃာတော်တစ်ပါးဖြစ်တဲ့ ပေါက်ကိုယ်တော် ကတော့ ဦးဝါသဝရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ တုံ့ပြန်ပါတယ်။

“ဦးဝါသဝ လုပ်ရပ်သည်မှန်တယ်။ ဘာလို့မှန်တာလဲဆိုတော့ ဦးဝါသဝသည် လူသတ်ဖို့ ကို အားပေးတာ မဟုတ်ဘူး။ လူသတ်ဖို့ကို အားပေးနေတာ မဟုတ်ဘူး။ သူက ပြည်နယ် တစ်ခု ငြိမ်းချမ်းအောင်လို့။ စစ်ကိုင်းတိုင်းမှာ ကန့်ဘလူနယ်ကြီးကို သူစွမ်းနိုင်သလောက် ဘုန်းကြီးတစ်ပါးအနေနဲ့ ငြိမ်းချမ်းမှု၊ အေးချမ်းမှုကို ဆောင်ရွက်ချင်တဲ့အတွက်ကြောင့် သူသည် ပြည်သူ့စစ်ကို စည်းရုံးပြီးမှ ဖွဲ့ထားတာ။ အဲတော့ ဦးဝါသဝရဲ့ လုပ်ရပ်ကို ပေါက်ကိုယ်တော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်။ ကျုပ်တို့ ဘုန်းကြီး၊ ရဟန်း၊ သံဃာဆိုတာက ငြိမ်းချမ်းအောင်၊ အေးချမ်းအောင်၊ စည်းလုံးညီညွတ်အောင်၊ ကိုယ့်တိုင်းရင်းသားတွေ ကိုယ့်လူမျိုးတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်အောင် ပြောရမှာပဲမလား။ ဒါကြောင့်မို့ ဦးဝါသဝဟာ ပါရာဇိကကျတဲ့သိက္ခာပုဒ်ကို တစ်ခုမှ မကျူးလွန်တာ”

စစ်ကောင်စီတပ်ရဲ့ မူဝါဒအတိုင်းရပ်တည်လေ့ရှိတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုက အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက စစ်ကိုင်းတိုင်းလို နေရာမျိုးကို အေးချမ်းစေချင်တဲ့ ဘုန်းကြီးတစ်ပါးရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ပြောစရာ မရှိဘူးလို့ ပြောပါတယ်။

“ကိုယ့်နယ်မြေဒေသ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွေးထွက်သံယို မဖြစ်ဖို့အတွက် ဒါမျိုး လုပ်တဲ့အခါမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးအနေနဲ့ ဦးဆောင်လမ်းညွှန်မှု ပေးတဲ့ကိစ္စကတော့ သိပ်ထွေထွေထူးထူးတော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းစဉ်လာမှာလည်း ဒီတိုင်းပဲ သွားခဲ့ကြတာပဲ။ နိုင်ငံအတွက် လိုအပ်လာတဲ့အချိန်မှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ကျရာတာဝန်ကနေ ကျသလို ထမ်းကြတာပေါ့။ အဲဒီတော့ တစ်ခုတော့ ရှိတာပေါ့လေ။ ဘာသာရေးဘက်က ကြည့်ပြီး ပြောရင်တော့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပြောနိုင်တယ်။ နယ်မြေအနေအထား ကိုက အဲဒီလိုဖြစ်ရအောင် တွန်းပို့နေတဲ့ အခြေအနေတွေရှိလို့ ဒီလိုဖြစ်သွားတယ်လို့ သုံးသပ်လို့ရပါတယ်”

ပြည်သူ့စစ်တွေကို ဖွဲ့စည်းရတာဟာ အဲဒီဒေသတွေမှာ အချင်းချင်း ပြန်ထိန်းနိုင်ဖို့အပြင် ပဋိပက္ခအနည်းဆုံးနဲ့ ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဒါပေမဲ့ ဦးဝါသဝရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ သံဃရှုထောင့်အရ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ စစ်ကိုင်းတိုင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

“တစ်ကယ်တမ်း စစ်အာဏာရှင်က အာဏာကို သုံးပြီးတော့ လက်နက်တွေကိုင်ပြီးတော့ ပြည်သူလူထုတွေကို နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ မီးရှို့တယ်ပေါ့ဗျာ။ အဲဒီလို မီးရှို့တဲ့ ပုဂ္ဂိုလ်တွေကို သူကနေပြီးတော့ ဦးဝါသဝကနေပြီးတော့ သူ့မှာလည်း လက်နက်တွေကိုင် ပျူစောထီးတွေကို သင်တန်းပေးပြီးတော့ သူလည်း လက်နက်ကိုင်ပြီးတော့ တိုက်ခိုက် နေတာဆိုတော့ ပြည်သူကို သတ်တယ်။ ရွာတွေမှာ မီးရှို့တယ်ဆိုတော့ ဘယ်လိုမှ ဝိနည်းတော်နဲ့ မကိုက်ညီတဲ့ အကြောင်းပေါ့ဗျာ”

၂၀၂၂ ခုနှစ်၊ မတ်လက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်အစီရင်ခံစာတစ်ခုအရ စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့စစ် အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက်နက်ပေါင်း အလက် ၂၀၈၀ တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး နယ်မြေ စိုးမိုးနိုင်ဖို့ PDF တွေကို လိုက်လံတိုက်ခိုက်နေပေမယ့် စစ်ကောင်စီက ဒီနေ့အထိ နယ်မြေတွေကို အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *