လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့် နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး စစ်ကောင်စီ လေ တပ်တွင် ထိပ်တန်းချမ်းသာသူဖြစ်လာ

နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ခန့်နေသွေးမှ လေယာဥ်ဆီများ ခိုးယူရောင်းချရန် အမိန့်ပေးညွှန်ကြားပေးနေပြီး လေယာဥ်ဆီရောင်း ရငွေများနှင့် စစ်ကောင်စီ လေတပ်တွင် ထိပ်တန်းချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်လာ ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

Su-30တိုက်လေယာဉ်အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ခန့်နေသွေးသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ကစတင်ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အထိ လေယာဥ်ဆီများရောင်းစားနေပြီ တစ်လလျှင် လေယာဥ်ဆီ ဂါလံ ၁၃၀၀၀ ကို ရောင်းချနေပြီး လေယာဉ်ဆီ ရောင်းရငွေ တစ်လသိန်း (တစ်ထောင်) ဝန်းကျင်အထိ ဝင်ငွေ ရရှိနေကြောင်း သိရသည်။

Su-30 လေယာဥ်တစ်စီး တစ်ခါပျံသန်းလျှင် လေယာဉ်ဆီဂါလံ ၂၇၀၀ ထည့်ရပြီး တိုက်လေယာဉ်အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးခန့်နေသွေးက လေယာဥ်ဆီ ဂါလံ ၅၀၀ ခန့်ကို ပုံမှန် ခိုးယူရောင်းချနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

လေယာဉ်ဆီတွေကို မှောင်ခိုပွဲစားတွေကတဆင့် ကားဆီဆိုင်တွေပြန်သွင်းပြီး ဓာတ်ဆီ ဒီဇယ်နဲ့အချိုးကျ ပြန်ရောရောင်းလေ့ရှိပါတယ်။ ဆီခိုးရောင်းပြီး သူတို့ (ဗိုလ်မှူးကြီး ခန့်နေသွေး) ရဲ့ ချမ်းသာ ကြွယ်ဝမှုက တော်တော်လေးများပါတယ်။ သူရဲ့မိန်းမ ဒေါ် စိမ့်စိမ့်လွင်ကလည်း အိမ်ခြံမြေတွေဝယ်ယူထားတာ အများကြီးပါ။ လက်ရှိ တပ်မတော်(လေ)မှာ နိုင်ငံဘဏ္ဍာငွေတွေနဲ့ အကြီးအကျယ်ချမ်းသာနေတာပါ ဟု စစ်ကောင်စီ လေတပ်နှင့် နီးစပ်သည့် Non CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗိုလ်မှူးကြီး ခန့်နေသွေးသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် တက်ရောက် နေသော်လည်း ထိုမှနေ၍ လေယာဉ်ဆီများကို ခိုးယူရောင်းချရန် အမိန့်ပေး ညွှန်ကြား နေပြီး သင်တန်းနည်းပြများအား သိန်း ၃ဝဝဝ ဝန်းကျင် ပေးကမ်းထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ဗိုလ်မှူးကြီး ခန့်နေသွေးနှင့် ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်လွင်တို့သည် နေပြည်တော်နှင့် ရန်ကုန်တွင်မြေကွက်များ အများအပြားဝယ်ယူထားပြီး သိန်း ၁၂၀၀တန် Toyota Rush ကားတစ်စီး၊ သိန်း ၂၀၀၀တန် တရုတ်ကားတစ်စီး၊ ရန်ကုန် အလုံတွင် ကွန်ဒိုတစ်လုံး၊ ရန်ကုန် ကန်တော်လေးတွင် တိုက်ခန်း တစ် ခန်း နှင့်နေပြည်တော်တွင် သိန်း ၅၀၀ တန် ခြံကွက် လေးကွက်အပြင် သီးခြားပိုင်ဆိုင်ထားမှုများရှိနေသေးကြောင်း သိရသည်။

ထို့ပြင်ဘဏ်များတွင်လည်း တိုက်လေယာဉ်အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ခန့်နေသွေး၏ ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်လွင်အမည်ဖြင့် ငွေအမြောက်အများ အပ်နှံထားကြောင်း တပ်တွင်သတင်းအရင်းအမြစ်များထံကသိရသည်။

တိုက်ပွဲတွေမှာလည်း ဗိုလ်မှူးကြီးခန့်နေသွေးက အမိန်ပေးညွှန်ကြားနေသလို ပြည်သူတွေကို ဗုံးကြဲဖို့ အမိန့်ပေးတာ။ PDF တွေက ရွာတွေထဲမှာရှိတယ် ရွာတွေ ထဲကိုသာပစ်ထည့်ဖို့ သင်တန်းကနေ ခိုင်းစေလျှက်ရှိပါတယ်။ သူထက်ကြီးတဲ့ အရာရှိ တွေကိုလည်း လင်ရောမယားရော အရမ်းဖားတာ ဟု Non CDM အရာရှိက ဆိုသည်။

စစ်ကောင်စီတွင် Su-30 ရှစ် စီးအထိ ပိုင်ဆိုင်ထားသည်ဟု ပြောဆိုလျက်ရှိသော်လည်း လက်ရှိ နေပြည်တော် လေတပ်တွင် Su-30 လေးစီးရှိကြောင်း လေတပ်နှင့် နီးစပ်သူ Non CDM အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

ယခင်က Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏အုပ်မှူး ဖြစ်သည့် စစ်ကောင်စီ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရာထူး က ဖယ်ရှားခံ ရပြီးနောက် ၎င်၏ တပည့်ရင်းဖြစ်သူ ဒုဗိုလ်မှူး ကြီးခန့်နေသွေးသည် Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏အုပ်မှူးအဖြစ်၂၀၂၂ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် လေယာဉ်များ၏အုပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးခန့်နေသွေးနှင့် ဇနီးဒေါ်စိမ့်စိမ့်လွင်တို့သည် နေပြည်တော် (လေတပ်)တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

ပုံစာ-အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် Su-30 လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီးခန့်နေသွေး တို့တွေ့ဆုံစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *