ရွာလုံးကျွတ် ဓားစာခံဖြစ်သွားခဲ့ရတဲ့ ရွာ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နမ့်ခမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းအပါအဝင် နမ့်ခမ်းမြို့နယ်ထဲက မိုင်းဝီး၊ မန်ပူး၊ ပန်းဆေး၊ မန့်ဝိန်း၊ ၁၂ မိုင်၊ ၁၃ မိုင် တပ်ခန်းအပြင် မိုက်ခရိုဝိတ်၊ တာကွန့်၊ ဟဲယိုင်၊ ထိန်ကန်နဲ့ ကံ့ကော် တပ်စခန်းတွေကို TNLA က သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမဲ့ နမ့်ခမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ်ရဲ့ ကျန်ရှိနေသေးတဲ့ ရွှေလီရေအားလျှပ်စစ် တည်ရှိရာ မန်တပ်ရွာ တပ်စခန်းကို TNLA က ထပ်မံ သိမ်းပိုက်နိုင်ဖို့လိုအပ်ပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- TNLA ရဲ့ တပ်မဟာ ၁ စစ်ဒေသနမ့်ခမ်းမြို့နယ်ရှိ မန်တပ်ရွာထဲ အခြေချထားတဲ့ စစ်ကောင်စီဟာ ခြေလျင်တပ်ရင်း (ခလရ ၁၄၄) ဗျူဟာကုန်းအပြင် အမြှောက်တပ်၊ လေယာဉ်ဆင်းသက်ဖို့ လေယာဉ်ကွင်းနဲ့ ခရလတပ်ခွဲ (စခန်းငယ်ပေါင်း) ၆ ခုအထိ ရှိထားတယ်လို့ ရွာခံဖြစ်တဲ့ မိုင်းမိုင်း (အမည်လွှဲ)က ပြောပါတယ်။

လက်ရှိ အင်အား ၄ဝဝ ကျော် ရှိနိုင်တဲ့ အဆိုပါ မန်တပ် တပ်စခန်းမှာ ရွာအပြင်ဘက်ရှိ အလံပြာဂိတ်ကနေ ရွာခံတွေကို ဓားစာခံသဘောမျိုးနဲ့ ရွာအပြင် ထွက်ခွင့်၊ သွားလာခွင့်ကို ကန့်သတ်ထားပြီး ၎င်းတို့ တပ်ကုန်းအပြင် ကျေးရွာထဲက နေအိမ်တွေထဲမှာလည်း တပ်စွဲထားတယ်လို့ သူကပြောပါတယ်။

“ရွာကလူတွေ ဘယ်မှသွားလို့ကို မရဘူး။ ပိတ်မိနေတာ။ သူတို့က ရွာအပြင်ထွက်ခွင့် မပေးဘူး။ ဘာမှလည်း သွားဝယ်စားလို့ မရဘူး။ ရှိတဲ့ဟာနဲ့ဘဲ ချွေတာပြီး စားသောက်နေရတာ” လို့ ၎င်းက ပြောပါတယ်။

မန်တပ်ရွာဟာ စစ်ကောင်စီတပ်ရဲ့ ၂ လကျော်ကြာ လွတ်လပ်စွာ သွားလာခွင့်​ ကန့်သတ်ထားမှုကြောင့် အခြေခံ စားသောက်ကုန်​တွေဖြစ်တဲ့ ဆီ၊ ဆားနဲ့ စက်သုံးဆီအပြင် အခြေခံလူသုံးကုန် ပစ္စည်းတွေလည်း ​ပြတ်လပ်သွားပြီလို့ သူကဆက်ပြောပါတယ်။

“အရင်က ဝယ်စုထားတဲ့ ပစ္စည်းတွေလည်း ကုန်နေပြီ။ ပြီးတော့ သူတို့စားဖို့ ဆန်တွေလည်း ရွာကဘဲ ရောင်းပေးရတယ်။ ရေရှည်ဆို အဆင်မပြေတော့ဘူး။ အိမ်တိုင်းက ကိုယ့်ခြံထဲက ဟင်းသီးဟင်းရွက်တွေ စိုက်စားနေကြလို့သာ ခံသာနေတာ။ အဲလိုမဟုတ်ရင် အကုန်ငတ်မယ်”

စစ်ကောင်စီတပ်ဟာ ၎င်းတို့တပ်စခန်းကို တအာင်းတပ် ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် ရွာပတ်ပတ်မှာလည်း မိုင်းတွေ ထောင်ထားပြီး မကြာခဏဆိုသလို ဟတ်စကီး (ဟယ်လီကော်ပတာ)နဲ့လည်း စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာဖြည့်တင်းမှုတွေ လုပ်နေတယ်လို့ မန်တပ်ရွာခံ မိုင်းမိုင်းက ပြောပါတယ်။

“မိုင်းတွေ ထောင်ထားတော့ သူတို့တပ်စခန်းနဲ့ နီးတဲ့ ကိုယ့်ယာ ကိုယ့်ခြံထဲလည်း မသွားရဲကြတော့ဘူး။ ပြီးတော့ သူတို့ထောင်ထားတဲ့ မိုင်းတွေကြောင့် ကျွဲ၊ နွားတွေ နင်းမိတာ ဆယ်ကောင်ကျော်လောက် သေပြီးပြီ”

၎င်းတို့ထောင်ထားတဲ့ မိုင်းကြောင့် ရွာခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန် သေဆုံးခဲ့ရပေမဲ့ စစ်ကောင်စီတပ်က ဘာလျော်ကြေးမှမပေးခဲ့ဘဲ ရွာခံတွေကိုသာ ပြန်လည်အော်ငေါက်ဆဲဆိုမှု ပြုလုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိ မန်တပ်ရွာမှာ စစ်တပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေအနေကို အသေးစိတ်သိရဖို့ အခက်အခဲ ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *