တရုတ်အကူအညီနဲ့ စစ်ပွဲရပ်ဖို့ကြိုးစားတဲ့ စစ်ကောင်စီမျှော်လင့်ချက် နေဝင်သွားခဲ့ပြီ

တစ်နိုင်ငံလုံးအနှံ့ထိုးစစ်ဆင်ခံနေရတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီယူပြီး ထွက်ပေါက်ရဖို့ကြိုးစားခဲ့တာကို အားလုံးအသိပဲဖြစ်ပါတယ်။

အထူးသဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထိုးစစ်ကိုရပ်ပြီး စစ်ပွဲအရှိန်ကိုချ ဖို့ စစ်ကောင်စီက ကြံရွယ်ခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့သာ အပစ်ရပ်နိုင်ခဲ့မယ်ဆိုရင် ရှမ်းမြောက်ပိုင်းမှာသာမက ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်တစ်ကြောကိုပါ ထိန်းချုပ်လိုက်နိုင်မယ့်သဘောဖြစ်ပါတယ်။

လောက်ကိုင်မှ ပစ်သည့် အမြောက်ဆန် နယ်ကျော်ကျသဖြင့် တရုတ်ဒေါသူပုန်ထ

တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး လိုအပ်သလို ဆောင်ရွက်သွားမည်ဟု တရုတ်အစိုးရ တာဝန်ရှိသူက အတိအလင်း သတိပေးသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြန်မာဘက်ခြမ်း လောက်ကိုင်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည် တရုတ်ဘက်သို့ ကျရောက်ပေါက်ကွဲကာ တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရခဲ့သည်ကို အပြင်းအထန်ကန့်ကွက်ကြောင်း၊ လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက သတိပေးလိုက်သည်။

“တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ဒီကိစ္စကို အရေးယူ ဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေကို အကြောင်းထားပါတယ်” ဟု ယမန်နေ့က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောဆိုသည်။

သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ချက်ချင်းအပစ်ရပ်စဲရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များရပ်တန့်လည်း တရုတ်အစိုးရတာဝန်ရှိသူက အတိအလင်းသတိပေးသည်။

တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး လိုအပ်သလို ဆောင်ရွက်သွားမည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ထည့်သွင်းပြောဆိုသည်။

လောက်ကိုင်ဘက်မှ ပစ်ခတ်သည့် အမြောက်ဆန် ကျရောက်ပေါက်ကွဲသည့်နေရာမှာ ယူနန်ပြည်နယ် တောင်ဘက်ခြမ်း ကျိန်းခမ်းခရိုင် နမ်ဆန်းမြို့အတွင်းဖြစ်ပြီး လောက်ကိုင်နှင့် နီးကပ်နေသည့် တရုတ်ပိုင်နက်ဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားသည်။

တရုတ်လူမှုကွန်ရက်များတွင် လွှင့်တင်ထားသည့် ရုပ်သံဖိုင်များအရ မြို့တွင်းတစ်နေရာရှိ ကားလမ်းဘေးသို့ အမြောက်ဆန် ကျရောက်ပေါက်ကွဲပြီးနောက် ပတ်ဝန်းကျင်တွင် မီးခိုးလုံးများ ဖုံးသွားခဲ့သည်။ ဒဏ်ရာရသူအချို့ သွေးအိုင်ထဲ လဲနေပုံများ၊ စျေးဆိုင်ခန်းများ ပျက်ဆီးသွားပုံများကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရှိ ရသည်။

လက်နက်ကြီးကျည်သည် လောက်ကိုင်ဘက်မှ လာသည်ဟု တရုတ်သတင်းများက ဆိုသော်လည်း မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို တရုတ်အစိုးရက အမည်တပ်စွပ်စွဲပြောဆိုခြင်း မရှိပေ။ အလားတူ စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့များကလည်း အသံတိတ်နေသည်။

တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို မည်သို့ကန့်ကွက်သည်ကို မသိရသော်လည်း တရုတ်၏ နိုင်ငံခြားရေးရာမူဝါဒမှာ အရမ်းအကဲဆတ်လေ့ရှိသည်ဟု သံအမတ်ကြီးဟောင်းတစ်ဦးက ပြောသည်။

“ထူးခြားဖြစ်စဉ် ဖြစ်တာနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ သံအမတ်ကို ညသန်းခေါင်လည်း ဆင့်ခေါ်ပြီး ပြောဆို ကန့်ကွက်လုပ်တယ်။ တရုတ်လူမျိုးတွေ သေတာ၊ ကျည်ကျတာနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကို ခေါ်ပြောမှာ သေချာတယ်။ နှစ်ဖက်ထုတ်မပြောတာဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နယ်စပ်အနီး မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၃ အောက်တိုဘာ ၂၇ ကတည်းက အကြီးအကျယ် တိုက်ပွဲများဖြစ်နေခဲ့ရာ လောက်ကိုင်နှင့် နယ်စပ်အနီးမှ တရုတ်နိုင်ငံသားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ရန်ကုန်ရှိ တရုတ်သံရုံးနှင့် တရုတ်နယ်စပ်အာဏာပိုင်များက မကြာခဏ သတိပေးထားသည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်အမှုထမ်းများ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးရန် တရုတ်အစိုးရက ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက သတိပေးပြောဆိုထားသည်။

တရုတ်ဘက် ကျခဲ့ဖူးသည့် စစ်တပ်၏ဗုံးဆန်များ

လွန်ခဲ့သည့် ၉ နှစ်၊ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်က ကိုးကန့်ဒေသ၌ တိုက်ပွဲဖြစ်စဉ်ကလည်း မြန်မာလေတပ်က ဗုံးကြဲချစဉ် တရုတ်ဘက်သို့ ကျပေါက်ကွဲကာ တရုတ်နိုင်ငံသား ၅ ဦးအထိ သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဦးသိန်းစိန်အစိုးရတို့ တရုတ်ကို တောင်းပန်ခဲ့ရသည်။

၂၀၁၅ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုက အစပိုင်းတွင် ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူတို့အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်နှင့် ညီမျှသည့် လျော်ကြေးငွေကို ဦးသိန်းစိန်အစိုးရက ပေးခဲ့ရသည်။

နောက်ထပ် နှစ်လခန့်အကြာ ၂၀၁၅ မေလ ၁၄ ရက်နေ့တွင်လည်း အမြောက်ကျည် နှစ်လုံး၊ နောက်တစ်နေ့ နံနက်ပိုင်းတွင် အမြောက်ကျည် လေးလုံး တရုတ်ဘက် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပေကျင်း၏ ဒေါသကို နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ထပ်မံရင်ဆိုင်ခဲ့ရပြန်သည်။

တရုတ်အစိုးရက နောက်သုံးရက်အကြာ ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်တွင် ရန်ကုန်ရှိ တရုတ်သံရုံးမှ သံအမတ်ကြီး ရန်ဟို့လန်ကို နေပြည်တော်လွှတ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဖြေရှင်းချက် တောင်းစေခဲ့သည်။

နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ပစ်လိုက်သည့် လက်နက်ကျည် ၎င်းတို့မြေထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် တရုတ်အစိုးရသည် တရုတ်ပြည်သူတို့၏ ဖိအားကို ရင်ဆိုင်နေရသည်ဟုလည်း တရုတ်သံအမတ် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ထိုအမြောက်ကျည်တို့သည် MNDAA တို့ ပစ်ခဲ့ခြင်းဟု တရုတ်သံအမတ်ကို ဖြေရှင်းချက်ပေးခဲ့သည်။

ထိုဖြစ်ရပ်များနောက်ပိုင်း လောက်ကိုင်တိုက်ပွဲအတွင်း လေတပ်ကို ကြီးကြပ်ရသည့် လေတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်လွင်ဦးကို ဖြုတ်ပစ်ကာ အရေးယူခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *