ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၌ စစ်ကောင်စီတပ်နှင့်
ပျုစောထီးများက အများပြည်သူမြင်ကွင်းတွင် ရက်စက်စွာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သော ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ယောကာကွယ်ရေးတပ်(YDF) ဖိုးတေနှင့် သားထောင်တို့ဖြစ်သည်။
ဖိုးတေမှာ အသက် ၂၂ နှစ် အရွယ်ဖြစ်ပြီး ၁၀တန်းအောင်ထားသည်။သားထောင်မှာ အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး ၁၀ တန်းဖြစ်သည်။ ဖိုးတေနှင့်သားထောင်သည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၇ရက်က YDF ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များက မြောက်ခင်ရန်းပျူရွာမှ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းယောကာကွယ်ရေးတပ်ကဖေဖော်ဝါရီ ၆ ရက်ညပိုင်းက တရားဝင်ထုတ်ပြန်အသိပေးလာသည်။
အရက်မူးနေသည့်အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ကာကွယ်ရေးရဲဘော်နှစ်ဦးအား လမ်းမပေါ်၌နှိပ်စက်ရိုက်နှက်ပြီး သစ်ပင်တွင် ကြိုးတုပ်ကာ တွဲလောင်းချ၍ မီးရှို့သတ်ဖြတ်သည့်ဗီဒီယိုဖိုင်သည် ယမန်နေ့(ဖေဖော်ဝါရီလ ၆ရက်) နံနက်က ထွက်ပေါ်လာခြင်းဖြစ်
သည်။ အဆိုပါရုပ်သံဖိုင်ကြောင့် နိုင်ငံတစ်ဝန်းရှိပြည်သူများလည်း ထိတ်လန့် ၊ဝမ်းနည်း ၊ဒေါသထွက်ခဲ့ကြသည်။
ရွာမြောက်ဘက်အထွက် ဆေးရုံရှေ့မှ ကုက္ကိုလ်ပင်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဟုယောကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
” မသတ်ခင်မှာ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်မှုများစွာကိုလည်း ပြုလုပ်ခဲ့ကြတယ်။ ရွာကလူတွေကို တစ်အိမ်တစ်ယောက် ခေါ်ပြီး အကြမ်းဖက်မှုတွေကို ကြည့်ခိုင်းခဲ့တယ်”ဟု ယောကာကွယ်ရေးတပ်က ထုတ်ပြန်သည်။
ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းများကြားသိထားရသော်လည်း ဗီဒီယိုဖိုင်မှတ်တမ်းသည် ယခုမှသာထွက်ပေါ်လာခြင်းဟု ဂန့်ဂေါ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
” ဒီလူရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် ကျနော်တို့ကြိုးစားသွားမှာပါ။ အဲဒီဖြစ်ရပ်ဖြစ်တဲ့အချိန်က မြောက်ခင်ရန်းရွာမှာ ဗိုလ်မှူးသန်းနိုင်ဆိုတဲ့သူ တာဝန်ကျနေတာပါ။ သူနဲ့ သူနောက်လိုက် ပျူစောထီးတွေကျူးလွန်တာပါ” ဟု ၎င်းကပြောသည်။
ထိုဖြစ်စဉ်ကို ဗိုလ်မှူးသန်းနိုင်နှင့် ပျူသင်တန်းမှူးဆန်းဝင်းအောင်ဆိုသူတို့ အဓိကကြိုးကိုင်ခဲ့ခြင်းဟုဒေသခံတော်လှန်ရေးအင်အားစုများကပြောသည်။
“ကလေးဒကစက ဗိုလ်မှူးသန်းနိုင် ကြိုးကိုင်ခဲ့တာ။ မီးရှို့တဲ့ ဖြစ်စဉ်မှာ သူတို့ ရှိခဲ့တယ်။ ဆန်းဝင်းအောင်ကတော့ အခု ရွာမှာရှိတယ်။ သန်းနိုင်ကတော့ ပြောင်းသွားပြီ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
မီးရှို့အသတ်ခံရသော ကာကွယ်ရေးရဲဘော်နှစ်ဦးသည် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူ စောထီးများက အရှင်ဖမ်းဆီးခံရသူများဖြစ်သည်။ သို့သော် စစ်သုံ့ပန်းဥပဒေနှင့်အညီ ကိုင်တွယ်ခဲ့ခြင်းမရှိသည်သာမက လူမြင်ကွင်း၌ပင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင် မီးရှို့သတ်ဖြတ်ခဲ့သည့်လူအုပ်စုက ဆောင်းဘောက်ဖြင့်သီချင်းများဖွင့်ကာ မူးရူးကခုန်ရင်း အောင်ပွဲခံခဲ့ကြလေသည်။
ယောကာကွယ်ရေးတပ်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေဝန်ကြီးဌာန(MOD)အောက်၌ မရှိပေ။ စစ်ဆင်ရေးများကို YDF မှာမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြုလုပ်လေ့ရှိသည်ကိုတွေ့ရသည်။
ယောကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အချို့ မြောက်ခင်ရန်းရွာပျူစခန်းကိုမတိုက်ခိုက်မီ ဂန့်ဂေါမြို့ နယ်မှ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ရက်နံနက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဂန့်ဂေါခရိုင်တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိထားကာ သေနတ် အလက် ၂၀ ကျော် သိမ်းဆည်းနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတစ်ဝန်း ခုခံတော်လှန်စစ်ပွဲမျာ အရှိန် မြှင့် နေရာ PDF ခရိုင်တပ်ရင်းများက မင်းရွာရဲစခန်းသိမ်းပြီး လေးရက်အကြာတွင် YDF ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက မြောက်ခင်ရန်းရွာကို နိုဝင်ဘာ ၇ ရက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲသည် သတင်းပေါက်ကြားမှုဖြစ်ခဲ့ပြီး ရန်သူဘက်မှလက်ဦးမှုရယူတိုက်ခိုက်ခံခဲ့ရသည်ဟု ယောကာကွယ်ရေးတပ်က ၂၀၂၃ နိုဝင်ဘာလ ၉ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲ၌ YDF မှ ရဲဘော်နှစ်ဦး အပါအဝင် ရဲဘော်ငါးဦးကျဆုံးပြီး ငါဦးဒဏ်ရာရကာ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းဆုံးရှုံးခဲ့ကြောင်း တိုက်ပွဲဖြစ်ပြီး ၂ ရက်အကြာ နိုဝင်ဘာ ၉ ရက်ကထုတ်ပြန်ခဲ့သည်။
ထိုစစ်ဆင်ရေးကို YDF ၊ YPDF ၊ CNA ၊ CDF( KKG) ၊ နဂါးညီနောင်ပကဖ ၊ယောညီနောင် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြောက်ခင်ရန်းရွာပျူစခန်းကို တိုက်ခိုက်ခဲ့ရာတွင် စစ်ရေး အရေးနိမ့်ခဲ့ခြင်းမှာ စစ်ရေးကြိုတင်ပြင်ဆင်မှုနှင့် စစ်ရေးဗျူဟာ အားနည်းချက်ကြောင့်ဖြစ်ကြောင်းဒေသခံအချို့ကိုယ်တိုင်က ဂရုဏာဒေါသောဖြင့် မှတ်ချက်ပြုခဲ့ကြသည်။
“ဘူးလက်လှ ဆွေရဲ့ရွာ။ အဲ့ရွာကို ဘူးလက်လှဆွေက သူ့ခြေသူ့လက်နဲ့ ကိုင်ထားတာ။ စစ်တပ်အရာရှိတွေနဲ့ အပိုင်ထိုင်ထားတာ။ ထောက်ခံသူတွေလည်း ရှိတယ်။ မထောက်ခံသူတွေလည်း ရှိတယ်။ ဒီလိုရွာကို ပေါ့တန်တန်သွားတိုက်လို့ ကိုယ့်ဘက်က ထိတာ” ဟု ဂန့်ဂေါမြို့ခံတစ်ဦးကပြောသည်။
စစ်တပ်အရာရှိဟောင်းနှင့် ဦးသိန်းစိန်လက်ထက် အမတ်ဟောင်းဖြစ်သော ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာသားဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ် ၎င်းက ပုံသွင်းခဲ့သည်။ စစ်တပ်က နောက်ကွယ်မှ ထောက်ပံ့သည့် ငွေကြေးများဖြင့် ဒေသခံများအကြား အမုန်းစကားများ ဖြန့်ဝေကာ ပဋိပက္ခကို မီးမွှေးနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။
နိုဝင်ဘာ ၇ ရက် မြောက်ခင်းရန် ရွာတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ် အထိနာပြီး ပြန်ဆုတ်သွားပြီးနောက်
ဘူးလက်လှဆွေက
“ဂန့်ဂေါ မြောက်ခြမ်း ၊ကျနော့်ရွာ က ကျနော့်အားကိုးပြီး ပထမဆုံးပြည်သူ့စစ် စ ဖွဲ့တဲ့ရွာဖြစ်တယ် ၊ အဲ့ဒီပါတ်ဝန်းကျင် ၁၂ ရွာပြည်သူ့စစ်ဖွဲ့နိုင်တယ် ၊ ပြောင်းသွားတဲ့ က လေး ဒကစ မှုးနဲ့ကအဆင်ပြေတယ် ၊ ၁၂၀ မမ က အစ ရှိတယ် ၊ အခုအသစ်ပြောင်းလာတဲ့ ဒကစ မှုးနဲ့က အစဥ်မပြေဘူး ၊ ဖုံးတောင်မကိုင်ဘူး ၊ တောင်ခင်ရန်း မြောက်စည်း စခန်းတွေကျသွားတော့ကျနော့်ရွာကိုဝိုင်းချတော့မယ်ဆိုတာကြိုသိလို့ တာဝန်ရှိသူတွေကို ၄ ရက်လောက်ကြိုပြောလည်းအလကားဘဲ ။ဘယ်သူမှ စစ်ကူမလာလည်းနေ ဇ ရှိရင်တက်ခဲ့ကြ ။ကိုယ့်အစွမ်းအစနဲ့ကိုယ် ခံချမယ် “ဟု Nay Chi အမည်ဖြင့် ၎င်းအသုံးပြုသောဖေစ်ဘွခ်တွင်ရေးသားဝင့်ကြွားခဲ့သည်။
ယခုထွက်ပေါ်လာသော ဗီဒီယိုဖိုင်ပါ မီးရှို့သတ်ဖြတ်ခံရသည့် ရဲဘော်နှစ်ဦးမှာ နိုဝင်ဘာလ (၇ )ရက်တိုက်ပွဲ၌ ကျဆုံးသည်ဟု YDF ကသော ရဲဘော်နှစ်ဦးဖြစ် သည်။
အမှန်တွင် တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်း မဟုတ်ဘဲ ဖမ်းဆီးခံရပြီးဝိုင်းဝန်း နှိပ်စက်သတ်ခဲ့ကြခြင်းဖြစ်နေသည်။
လူငယ်ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သောရုပ်သံဖိုင်ကြောင့်ပြည်သူများ ထိတ်လန့် ဝမ်းနည်းခဲ့သလို ၊ ဒေါသများလည်းပြင်းစွာထွက်လျှက်ရှိသည်။
နိုင်ငံတစ်ဝန်းရှိပြည်သူများ အမျက်ဒေသပြင်းစွာထွက်လာသောအခါ စစ်ကောင်စီက ထိုးစံအတိုင်း လူငယ်နှစ်ဦးကို မီးရှို့သတ်ခြင်းမှာ မဟုတ်ကြောင်း ၊ PDF များအချင်းချင်းကျူးလွန်ကြောင်း ၊ရုပ်သံဖိုင်မှာ အတုဖြစ်ကြောင်းစသဖြင့်ငြင်းချက်ထုတ်ခဲ့သည်။သို့သော်YDF လူငယ် နှစ်ဦးကို စစ်သားနှင့်ပျူများဖမ်းဆီးထားမှု ၊သတ်ဖြတ်ခဲ့မှုများကို ပျူစောထီးများကိုယ်တိုင် လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေထားသော အထောက်အထားများစွာရှိထားပြီးဖြစ်သည်။
မြောက်ခင်ရန်း စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီနှင့် ပျူစောထီးများကျူးလွန်ကြောင်း ထင်ရှားစေသောအချက်အလက်များကို အောက်ပါ ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။
“လူယုက်မာတွေအတွက်သူတို့ထက်ပိုပြီးယုက်မာပြလိုက်ချင်တယ်”ဟု အဆိုပါရုပ်သံဖိုင်ကြည့်ပြီးနောက်လူငယ်တစ်ဦးကရေးသားထားသည်။
ထိုကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် -BPLA ကွတ်ကဲရေးမှူးမောင်ဆောင်းခ ကလည်း
“ဒီနေ့ အရှင်လတ်လတ်မီးရှို့တဲ့ဗီဒီယိုဖိုင်က လူတိုင်းကို စိတ်ထိခိုက်ဝမ်းနည်းစေတယ်။ ဒေါသထွက်စေတာပါပဲ။ နောက်ပြီး သူတို့လူတွေကို ငါတို့ဘက်ကအရှင်ဖမ်းမိတဲ့အခါ အဲ့လိုမျိုးတွေပြန်လုပ်ကြမယ်ဆိုတာမျိုး ဒေါသအလျောက်ပြောဆိုနေကြတာလည်း ဖတ်ရပါတယ်။ အဲ့လိုသွားလုပ်လိုက်ရင်တော့ ရန်သူနဲ့ ကျနော်တို့နဲ့ တတန်းစားတည်းဖြစ်သွားမှာပါ။ ကျနော်တို့က ရန်သူထက် ကျင့်ဝတ်ရော စည်းစနစ်ရော ကောင်းမွန်သာလွန်ကြောင်း သက်သေပြဖို့လိုပါတယ်။ သူတို့ကို အဲ့ဒီနည်းနဲ့ပဲ အနိုင်ယူရမှာဖြစ်ပါတယ်။လူသားဆန်ရတာ ပင်ပန်းတယ်ဆိုပေမယ့်လည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်လို့ ကျနော်တို့တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းကြစေလိုပါတယ်။”ဟု နွေဦးတော်လှန်ရေးတွင်စစ်ရေးကျင့်ဝတ် အရေးကြီးပုံကိုဖေဖော်ဝါရီ၆ ရက်တွင်ရေးသားထားသည်။
အဆိုပါ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် မြောင်ခင်ရန်းရွာ၏ ထွက်ပေါက်ဝင်ပေါက်အားလုံးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ပိတ်ဆို့လိုက်သည်။ ဒေသခံများကို ရွာအပြင်ဘက်သို့ လုံးဝထွက်ခွာခွင့်မပေးတော့ကြောင်း စုံစမ်းသိရှိရလေသည်။ ။
Leave a Reply