ပေါ့ပေါ့မတွေးဘဲ ကြိုတင် ပြင်ဆင်ကြပါ

စစ်ပွဲတွေ မရှိတဲ့ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီနဲ့ တိုက်ပွဲတွေ ရှိပေမဲ့ နေရာလိုက်ကွက်ပြီး တည်ငြိမ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ မကွေးတို့လို နေရာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်လုံး Biometric Data ကောက်တာ လုပ်ခဲ့ပါတယ်။

Biometric Data (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူတယ်ဆိုတာက လက်ဗွေရာ အပြည့်အစုံယူတာ၊ မျက်စိကို စကန်ဖတ်တာတွေ ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင်တော့ အသံကို သွင်းယူတာ၊ မျက်နှာအနေအထားကိုပါ မှတ်တမ်းတင်ယူတာမျိုးတွေထိ ပါဝင်ပါတယ်။

◉ အချိန်ယူခဲ့ပုံရ

Burma Affairs & Conflict Study အဖွဲ့ရဲ့ စစ်တမ်းတွေအရ ဒီလို ဇီဝအချက်အလက် ကောက်ယူတာတွေကို ပြီးစလွယ်လုပ်ခဲ့တာ မဟုတ်ဘဲ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်နဲ့ တနင်္သာရီတို့မှာဆိုရင် ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက စာရင်း ကောက်ယူနည်းသင်တန်းတွေပါ ပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တနှစ်လုံး သန်းခေါင်စာရင်းကောက်ယူမှုကိုပါ အင်တိုက်အားတိုက် လုပ်ခဲ့တာပါ။

အဖွဲ့အချို့က စစ်ကောင်စီရဲ့ ဇီဝအချက်အလက် ကောက်ယူမှုနဲ့ သန်းခေါင်စာရင်းကောက်မှုကို ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ တိုက်ရိုက် လက်တွေ့မြင်သာတဲ့ အန္တရယ် မရှိတာရယ်၊ ဖိနှိပ်ခြိမ်းခြောက်မှုရယ်ကြောင့် လူထုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို စစ်အာဏာရှင်ထံ ပေးခဲ့ကြရပါတယ်။

ဒီအချက်အလက်တွေ ကောက်ယူနေတုန်းက စမတ်ကတ် လုပ်တော့မလား၊ ရွေးကောက်ပွဲအတွက်လားလို့ ခန့်မှန်းခဲ့ကြဖူးပါတယ်။ ခုတော့ ဒီအချက်အလက်တွေကို မသမ္မာတဲ့နည်းနဲ့ အသုံးချဖို့ စတင်ပြင်ဆင်တာကို မြင်ရပါပြီ။ မနေ့က ကြေညာခဲ့တဲ့ စစ်မှု မထမ်းမနေရ ဥပဒေပါ။ စစ်ကောင်စီက ချည်ပြီးတုပ်ပြီး ရိုက်တဲ့သဘောပါပဲ။

◉ ညစ်ချင်သလို ညစ်တော့မယ့် အကွက်

ပထမဆုံးအနေနဲ့ စစ်မှု မထမ်းမနေရ ကင်းလွတ်ခွင့်ရသူတွေဆိုတာနဲ့ စချင်ပါတယ်။ ဘာသာပေါင်းစုံက သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ အမြဲတမ်းမသန်စွမ်းသူတွေ အပြင် စစ်တပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်တယ်လို့ သတ်မှတ်ခံရသူတွေလို့ ဆိုပါတယ်။

ဒီထဲမှာ ‘စစ်တပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဟု သတ်မှတ်သူ’ ဆိုတာ ငွေကို သဲ့နေအောင် ဓားပြတိုက်မဲ့စာသားဖြစ်ပါတယ်။ သဘောကတော့ ငွေကြေးတတ်နိုင်သူတွေက ‘ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ’ အဖြစ်သတ်မှတ်ခံရအောင် ဘုံးပေါလအော ‘ရေလောင်း’ ကြတော့မှာပါ။

ကျောကော့နေအောင် ခံရမှာက ၃ နှစ်အတွင်း ဘဝလည်းပျက်၊ အနာဂတ်လည်း မဲ့၊ ရုန်းကန်နေရတဲ့ အသက်ပြည့်ပြီးသား အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။ ဆိုးရွားတာကတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုတဲ့ ရပ်ကွက်၊ ကျေးရွာအဆင့်နဲ့ မြို့နယ်အဆင့်အဖွဲ့တွေ အာဏာအကြီးဆုံး ဖြစ်လာတော့မှာပါပဲ။

အမျိုးသမီးတွေဆိုရင် ယောက်ျားယူမယ်၊ သီလရှင်ဝတ်မယ်ဆိုတာမျိုး တွေ့ရတယ်။ ယောက်ျားယူရင် ကိုယ်က ‘အိမ်ထောင်ရှင်မ’ ဖြစ်လို့ မပါတော့ပေမဲ့ ကိုယ့်ယောက်ျားကတော့ စစ်မှုထမ်းရနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် ဘုန်းကြီးဝတ်တာက လွတ်နိုင်ပေမဲ့ နောက်ပိုင်းမှာ ဘုန်းကြီးဝတ်တာကိုပါ ကန့်သတ်တာမျိုးထိ ဖြစ်လာနိုင်တယ်။

◉ အဆင့်ဆင့် ငွေညှစ်ဓားပြတိုက်မယ်

သူ့ဥပဒေအရဆိုရင်တော့ အချိန် တခုယူလိမ့်ဦးမယ်ထင်ပါတယ်။ ဘယ်လောက်ကြာမယ်တော့ မသိနိုင်ပါ။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟို ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တွေ ထပ်ဖွဲ့မယ်။

ပထမဆုံးအနေနဲ့ ရပ်ကွက်/ကျေးရွာ ကောင်စီတွေကနေ ‘စစ်မှုထမ်းရမဲ့ အရွယ်ရောက်သူများ၏ စာရင်းကို’ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ‘သတ်မှတ်ချက်’ တွေနဲ့ ပို့ပေးရမယ်။ (ဒီစာရင်းက ရှိနေပြီးသားလို့ ထင်ပါတယ်။ ဒါမှမဟုတ် မကောက်ရသေးတဲ့နေရာတွေမှာ ချက်ချင်းအကောင်အထည်ဖော်တာမျိုး လုပ်လာနိုင်ပါတယ်။)

ဒါ ရပ်ကွက်/ကျေးရွာအဆင့်က လုပ်ရမယ့်တာဝန်။

နောက်တဆင့်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အဲ့ဒီစာရင်းထဲကလူတွေကို ဆင့်ခေါ်ပြီး မှတ်ပုံတင်ထားမယ်။ အဲ့ဒီလို မှတ်ပုံတင်ထားပြီးရင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမယ်။ ဒီအဆင့်မှာ မှတ်ပုံတင်လက်မှတ်ပေးလိုက်တယ်ဆိုတာ ခေါ်မယ် မခေါ်မယ် မသိနိုင်ဘူး။ ခေါ်ချင်လည်း ခေါ်မယ်၊ မခေါ်ချင်လည်း မခေါ်ဘူး။

ဒီနေရာမှာ အရေးကြီးတာက စာရင်း လာမသွင်းရင် ထောင် ၃ နှစ်ချလို့ရပါတယ်။ ဆေးစစ်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ဆိုတော့ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသူတယောက်က အဲ့ဒီ မှတ်ပုံတင် ကိုင်မထားရင်ကို ပြဿနာရှိနေပြီ။ လမ်းမှာ ရုတ်တရက်စစ်ဆေးလို့ စစ်မှုထမ်း စာရင်း သွင်းပြီးသား မှတ်ပုံတင် မပြနိုင်ရင် ထောင် ၃ နှစ်ချလို့ရနေတဲ့ အနေအထား။ တရားဝင် ဖမ်းခေါ်သွားလို့ရတဲ့ အခြေအနေ။

အဲ့ဒီ စစ်မှုထမ်းဖို့ စာရင်းသွင်းထားပြီးသား မှတ်ပုံတင်ရှိသူတိုင်းကို ဆေးစစ်ဖို့ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ‘ဆင့်ခေါ်နိုင်တယ်’။ ဒီနေရာမှာ ဆင့်ခေါ်လို့ ရောက်မလာရင်၊ နောက်တခုက စာရင်းသွင်းပြီး ဆေးမစစ်ရင်၊ နေရပ်လိပ်စာတွေ အထောက်အထားတွေ လိမ်ထားရင် ထောင် ၃ နှစ်ချလို့ရတယ်။

ပိုဆိုးတာက ဆေးမအောင်အောင် ဉာဏ်များတာ၊ တခုခုဖြစ်အောင် လုပ်ထားတာမျိုးဆိုရင် ထောင် ၅ နှစ်ဖြစ်ပြီး စစ်ထဲ မဝင်အောင် အားပေးကူညီရင်တော့ ၁ နှစ်ချမယ်။

◉ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရဖို့…?

စစ်မှု မထမ်းချင်ဘူးဆိုရင် ဒါမှမဟုတ် နှစ်ကိုလျှော့ချင်ရင် အကြောင်းပြချက်တွေကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီ တင်ပြလို့ရတယ်။ ဒါပေမဲ့ မြို့နယ်အဆင့်ကို အရင်တင်၊ အဲ့ဒီကနေ ခရိုင်အဆင့်၊ အဲ့ဒီကနေ ထပ်ပြီး တိုင်းနဲ့ ပြည်နယ်အဆင့်၊ အဲ့ဒီကနေ နောက်တဆင့် ဗဟို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီရောက်မယ်။ တင်ပြချက်ကို အဲ့ဒီဗဟိုအဖွဲ့က ကြည့်ပြီးတော့…

‘ကျန်းမာရေး အဆင့်မမီ’ ကြောင်း စစ်ဆေးရေးဘုတ်အဖွဲ့က ထောက်ခံချက်ရထားသူဖြစ်ရင်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရင်၊ ပညာသင်ကြားနေသူဖြစ်ရင်၊ ဘယ်သူမှမရှိဘဲ ကိုယ်တိုင်က မိအိုဖအိုတွေကို လုပ်ကျွေးနေသူဖြစ်ရင်၊ မူးယစ်ဆေးဖြတ်ဖို့ ကုသမှုခံနေသူဖြစ်ရင်… စစ်မှုထမ်းခြင်းကနေ ယာယီကင်းလွတ်ခွင့်ရမယ် ဒါမှမဟုတ် နှစ်ကိုလျှော့ပေါ့ပေးမယ်။

ဒါကြောင့် ‘စစ်ဆေးရေးဘုတ်အဖွဲ့က ထောက်ခံချက်’ ဆိုတာ သိန်း ရာဂဏန်းလောက်ထိ ပေါက်ကြေး ရှိလာနိုင်တယ်။

◉ နိဂုံး

ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှု ပိတ်ပင်ထားတဲ့ ရခိုင်ရဲ့မြို့အများစုမှာ ဓာတ်ဆီ ၁ လီတာ (ရေသန့်တဗူး) ကို ၁ သောင်းကနေ ၁ သောင်းခွဲထိ ဒီနေ့ ပေါက်ကြေးရှိပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေရဲ့ နေ့စဉ်အသုံးစရိတ်ဟာ ပုံမှန်ထက် ၂ ဆကနေ ၃ ဆလောက်ထိ တက်သွားတာပါ။ ထုတ်မပြောကြပေမဲ့ ငတ်လုနီးနီးဖြစ်နေသူတွေ ဒုနဲ့ဒေး။

သုံးနိုင်ဖြုန်းနိုင်သူတွေကတော့ ဘယ်ခေတ်ရောက်ရောက် အနေချောင်ကြဦးမှာပါပဲ။ စစ်မှုထမ်း မှတ်ပုံတင်လား၊ စစ်ဆေးရေးဘုတ်အဖွဲ့ ထောက်ခံချက်လား ယူနိုင်ကြဦးမှာပါပဲ။ ဘားလား၊ ကလပ်လား သွားမြဲလာမြဲဖြစ်နေကြဦးမှာပါ။

လူများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေသာ နင့်နေအောင် ခံကြရပါတော့မယ်။ စစ်အာဏာရှင်ကတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မှာပါ။ ပေါ့ပေါ့မတွေးဘဲ ကြိုတင်ပြင်ဆင်ထားကြပါ မိတ်ဆွေများ။

Mratt Kyaw Thu


Comments

Leave a Reply

Your email address will not be published. Required fields are marked *