မူလစစ်တပ်ကိုပင် ပုံစံတကျ စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်ခြင်းမရှိသည့် စစ်ခေါင်းဆောင်က စစ်မှုထမ်း ဥပဒေဖြင့် တပ်သစ်တည်ရန်ကြိုးစား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ တပ်အင်အား အရေးပေါ် လိုအပ်ချက်အတွက် ယခင်စစ်ခေါင်းဆောင်ဟောင်း ပြဌာန်းခဲ့သည့် နိုင်ငံသား တိုင်းမဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းကာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည့် အဆိုပါဥပဒေကို ၁၃ နှစ်ကျော်အကြာတွင် စစ်ကောင်စီက လက်ရှိကာလတွင် စတင်ကျင့်သုံးရန် ပြင်ဆင်လာခြင်းဖြစ်ပြီး အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်း ရမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေတစ်ခုကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် နည်းဥပဒေ (သို့မဟုတ်) ကျင့်ထုံး နောက်ဆက်တွဲ ပြဋ္ဌာန်းရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်က မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သည့် “ပြည်သူ့စစ်မှုထမ်း ဥပဒေ” သုံးကြိမ်စလုံးတွင် နည်းဥပဒေ(ကျင့်ထုံး) တစ် ကြိမ်တစ်ခါမျှ မထွက်လာသဖြင့် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း တရား လွှတ်တော် ရှေ့နေ စောဘဦးလေးထံက သိရသည်။

“ဒီအမိန့်စာဟာ စစ်တပ်လုံးဝဥဿုံ ပြိုကျနေပြီဆိုတာကို (စစ်ခေါင်းဆောင်) မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလိုက်တာပါပဲ။ မူလတည်ရှိပြီသား စစ်တပ်ကိုတောင် ပုံစံတကျ မစီမံ၊ မခန့်ခွဲတတ်တာကို အခုလို လူသစ်တွေခေါ်ပြီး တပ်သစ် တည်မယ်ဆိုတာကတော့ သူမတော်မတရား ရယူထားတဲ့ အာဏာတည်မြဲရေးနဲ့ သူ့ မိသားစု အကျိုးစီးပွား တည့်တံ့ရေးအတွက် နိုင်ငံသား ပြည်သူလူထုကိုပါ ချနင်းလာတဲ့ စစ်မိစ္ဆာတွေရဲ့ လုပ်ရပ်လို့သာ ဆိုရမှာပါ” ဟု တရား လွှတ်တော် ရှေ့နေ စောဘဦးလေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး သာမန် အရပ်သား အမျိုးသားများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လည်းကောင်း၊ ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှု လက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ) အမျိုးသား များဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းလည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရသည်။

ထို့အတူ သာမန်အရပ်သား အမျိုးသမီးများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း လည်းကောင်း၊ ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းနေသူများ) အမျိုးသမီးများဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း လည်းကောင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒါက ပြည်ပစစ် မဟုတ်ဘူး၊ ပြည်တွင်းစစ်ကြီး ဖြစ်နေတာလေ။ နောက်ပြီး အာဏာသိမ်း တာကို မကြိုက်လို့ ပြည်သူလူထုက တော်လှန်တာဆိုတော့ သူတို့နဲ့ ဘယ်သူက ပူးပေါင်းမှာလဲ။ ကျူးကျော်စစ်မျိုးဆိုရင်တော့ ပြည်သူတစ်ယောက်အနေနဲ့ အား တက်သရော ပါကောင်းပါမှာပေါ့လေ။ ဒါလုံးဝကို လက်မခံနိုင်တဲ့ အကြောင်းတရားက ခိုင်လုံစွာ ရှိနေတယ်” ဟု ရန်ကုန်မြို့နေ အသက် ၃၀ နှစ်ကျော် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် စစ်မှုထမ်းရမည့် ကာလကိုလည်း သာမန်အရပ်သားများဖြစ်ပါလျှင် အများဆုံး ၂ နှစ်၊ ကျွမ်းကျင်သူများဖြစ်ပါလျှင် အများဆုံး ၃ နှစ်၊ အရေးပေါ် အခြေ အနေဖြစ်ပေါ်လျှင် အများဆုံး ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သလို စစ်မှု ထမ်းခြင်းကို အကြောင်းအမျိုးမျိုးပြ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိုဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်း၍ ၎င်းမှတဆင့် တိုင်း/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းကာ စစ်မှုထမ်းရန် အရွယ်ရောက်သူတိုင်းအား ဆင့်ခေါ် မှတ်ပုံတင်ရမည်ဖြစ်ပြီး ကျန်းမာရေး အဆင့်မမီဟု စစ်ကောင်စီ ဆေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူ၊ Non CDM၊ ပညာသင်ကြားနေသူ၊ သက်ကြီးမိဘများကို ပြုစုလုပ်ကျွေးနေသူ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူနှင့် ထောင်ကျနေသူများကိုမူ စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်း နိုင်ကြောင်း သိရသည်။

ထို့အတူ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ (သားသမီးရှိသူ)၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊ စစ်ကောင်စီ ဆေးဘုတ်အဖွဲ့က ကျန်းမာရေးကြောင့် စစ်မှုထမ်းရန် အမြဲမ သင့်လျော်ဟု သတ်မှတ် ထားသူများနှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသူများကိုလည်း စစ်မှုထမ်းရန် မလိုကြောင်း ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူသည့် ညွှန်ကြားချက်တစ်စောင်ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ထုတ်ပြန် ခဲ့သလို အငြိမ်းစားဗိုလ်ကြီး အောင်ချစ်မင်းအား အမှတ်(၂၆) ခြေလျင်တပ်ရင်း (တောင်ငူ) သို့ တပ်ခွဲမှူး(ဗိုလ်ကြီး)အဖြစ်လည်းကောင်း၊ အငြိမ်းစားဗိုလ်ကြီး ဘုန်းမြင့်အောင်ကို အမှတ်(၁၉) ခြေမြန်တပ်ရင်း(ဆွာ)သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ် လည်းကောင်း ယခုလ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြန်လည်ခန့်အပ် လိုက်ကြောင်း သိရသည်။

“ခုက ရှေ့တန်းကိုလွှတ်ဖို့ လူမရှိတာ။ စစ်သင်တန်းကိုလည်း ရက်တိုလေးပေးပြီး လွှတ် နေတာ။ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်တယ်။ အများစုက တပ်ပြေးတွေ၊ အမှုထမ်းဟောင်းတွေ၊ ရောဂါရှိလို့ နားထားသူတွေ၊ ပြစ်ချက်တွေနဲ့ လူတွေပေါ့။ အဲဒါ တွေကိုပါ ပြန်ခေါ်သုံးနေရတဲ့အဆင့်က လူမရှိတာသိသာပါတယ်။ ပြီးရင် တပ်ကူအနေနဲ့ ရှေ့တန်းသွားရမှာ” ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ စစ်ရေးချုပ်ရုံး၏ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များသည် အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်း လက်မှတ်ထိုးရမည်ဖြစ်ပြီး စစ်မှုထမ်း သက်တမ်းအား အနည်းဆုံး (၁)နှစ် သတ်မှတ်ထားကာ အသက်အရွယ် နှင့် ကျန်းမာရေး အခြေအနေပေါ် မူတည်၍ သင့်လျော်သော နေရာဒေသ၌ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်တွင် လူသစ်စုမရသည့် ပြဿနာနှင့် ရှမ်းမြောက်၊ ရခိုင် စသည်တို့၌ ၎င်းတို့တပ်ဖွဲ့ဝင်များ သေဆုံး၊ ထွက်ပြေး၊ ဖမ်းဆီးခံရမှုများ များပြားလာသောကြောင့် အဓိကလိုအပ်ချက်ဖြစ်သော တပ်အင်အားကို မဖြည့်တင်းနိုင်သလို ကာလတို သင်တန်းပေး ထားသည့် ပြည်သူ့စစ်များကိုလည်း ယုံကြည်မှုသိပ်မရှိသော အနေအထား တွေ့ ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“တချို့ဗိုလ်ကြီးတွေက ဘီပိုးစီပိုးတို့ အဲလိုမျိုး ရောဂါတွေနဲ့ ထုတ်ပြီးတော့ ဝန်ကြီးဌာန တွေမှာ ပြန်ခန့်ထားတဲ့သူတွေ ရှိတယ်။ အဲထဲကနေမှ ခြေလက်အင်္ဂါ စုံလင်တဲ့သူပေါ့။ ဆန္ဒတောင်မယူဘဲ ဝန်ကြီးဌာနတွေကနေတဆင့် ပြန်ခေါပြီး တာဝန်ပေး လာတာ ကိုလည်း တွေ့ရတယ်။ အရာရှိမှာဆိုရင် တဆင့်မြှင့်ရာထူး ပုံစံမျိုးနဲ့ ပေးခေါ်တာတွေ တောင် ရှိနေတယ်။ အဲဒီသူတွေကို ရှေ့တန်းစစ်မြေပြင် တန်းလွှတ်မယ့် သဘော” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

အဆိုပါ စစ်မှုထမ်းဟောင်းများကို ၎င်းတို့ယခင် တာဝန်ထမ်းဆောင်စဉ်က တည်ရှိခဲ့သော မူလရာထူးအတိုင်း စစ်ကောင်စီက ပြန်လည်ပေးအပ်၍ ခေါ်ယူခြင်းဖြစ်ပြီး လက်ရှိတွင် လစာ၊ စရိတ်အပါအဝင် အကျိုးခံစားခွင့်နှင့် ဂုဏ်ပြုချီးမြှင့် ခြင်းကိုလည်း တိုးမြှင့် မက်လုံး ပေးထားကြောင်း သိရှိရသည်။

ရှေ့တန်းတွင် ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်သားများကို ချောင်းသာနှင့်ငပလီတွင် တွေ့ရစဉ်(ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *