“ရှေ့က အရင်ပြေးနှင့်။ ဒါတွေ သိမ်းဆည်းပြီးရင် လိုက်ခဲ့မယ်။ ပြေးနှင့်တော့”
ကိုဖိုးအောင် နောက်ဆုံးကြားခဲ့ရတဲ့ ဇနီးသည် မရင်သွေးရဲ့ စကားသံ။
မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လက်စ ထမင်းဟင်းတွေကို သိမ်းဆည်းနေရင်း မရင်သွေးက သူ့ကို အရင် ပြေးခိုင်းတဲ့ အကြောင်း ကိုဖိုးအောင်က ပြန်ပြောပြနေတာပါ။
“ကျွန်တော်က ရှေ့ကနေ သစ်ပင်ပေါ်ကို တက်ပြီးတော့ အခြေအနေ ကြည့်တာပေါ့။ မိန်းမရေ ငါတို့တော့ မလွတ်တော့ဘူး ထင်တယ်ဟေ့။ (စစ်အုပ်စု) လာနေကြပြီ ပြေးရကြအောင်လို့။ သူက ကျွန်တော့်ကို ပြောတာ၊ ရှင်ရှေ့ကနေ ပြေးနှင့်တဲ့။ ဒီမှာ စစ်ရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ ရှိသေးလို့ သိမ်းရ၊ဆည်းရ ဦးမှာမို့ နောက်ကနေ လိုက်ခဲ့မယ်တဲ့။ သူလည်း ကျွန်တော့် နောက်ကတော့ လိုက်တော့ လိုက်ခဲ့သေးတာပေါ့ဗျာ။ ဒါပေမယ့်…”
ကိုဖိုးအောင် အတွက်တော့ အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပါပဲ။ ကိုယ်ဝန် မပေါ့မပါးကြီးနဲ့ ထမင်းဟင်း ချက်ပြုတ်နေတဲ့ မရင်သွေးရဲ့ လှုပ်ရှားမှုတွေကို မြင်ယောင်နေဆဲလို့ ကိုဖိုးအောင်က ပြောပါတယ်။
“အဲဒီနေ့ကို အခုထိ မေ့လို့ မရသေးဘူးဗျာ။ ဗြုန်းစားဗျင်းစားကြီး (ရုတ်တရက်) ဖြစ်သွားတာ ဆိုတော့။ ကျွန်တော့် အိမ်သူ(ဇနီး)က စစ်ဘေးရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေ တိုးလို့ တွဲလောင်းနဲ့ ဆိုတော့ အဲဒီဟာတွေ သိမ်းနေတာ။ အဲဒါကြောင့် ကျွန်တော့်ကို အရင်ပြေးခိုင်းပြီးမှ သူက နောက်ကနေ လိုက်ခဲ့တာပေါ့။ ကျွန်တော့်က ရှေ့ကနေ ပြေးလိုက်တော့ လွတ်သွားတာပေါ့။ သူက အမျိုးသမီး ဖြစ်နေသလို ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါး ပြေးရတာဆိုတော့ ခွေး(စစ်အုပ်စု)တွေနဲ့ မိသွားတာ”
ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၁၂)ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးရွာမှာ စစ်အုပ်စုက ကိုယ်ဝန်ဆောင် မရင်သွေးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ကာ သတ်ဖြတ်ခဲ့ပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ ဇန်နဝါရီ(၁၂)ရက်က မရင်သွေး တစ်ယောက်တည်း သာမက ခင်ဦးနယ် မြင်းကျရွာ၊ ကျွန်းတောကြီးရွာနဲ့ ကားဆိပ်ဆိုတဲ့ ရွာသုံးရွာကို စီးနင်းပြီး မရင်သွေး အပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အဖိုးအို နှစ်ဦး၊ စုစုပေါင်း လေးဦးကို သတ်ပြီး နေအိမ်(၁၀)လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ နိုင်ငံတဝန်း လူသတ်၊ လုယက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး အထူးသဖြင့် အာဏာသိမ်း စစ်အုပ်စုကို ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း အပါအဝင် အညာမှာ စစ်အုပ်စုက လူသတ်၊ လုယက်၊ မီးရှို့ စတဲ့ အကြမ်းဖက်မှုတွေကို ထမင်းစား၊ ရေသောက် သဖွယ် နေ့စဉ် ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် တစ်ခုတည်းမှာကိုပဲ အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ သုံးနှစ်အတွင်း မရင်သွေး အပါအဝင် စစ်အုပ်စုက သတ်ဖြတ်လို့ သေဆုံးတဲ့ တော်လှန်ရေးရဲဘော်နဲ့ ပြည်သူ (၂၆၀) ကျော် ရှီပါတယ်။ ခင်ဦးနယ်ထဲ စစ်အုပ်စုက ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပြီး သုံးနှစ်တာအတွင်း စစ်အုပ်စု မီးရှို့လို့ ခင်ဦးနယ်၊ ကျေးရွာ(၈၀)ကျော်က နေအိမ် (၆၀၀၀)ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ပြည်သူ(၁၅၆)ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ငွေကျပ်ငါးသိန်း လုယူနိုင်ဖို့ ကိုယ်ဝန်သည် မရင်သွေးကို သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စု
နှင်းမြူတွေ ပြယ်စပြုပြီး မနက်ပိုင်း နေအတော်မြင့်နေပြီ ဖြစ်ပေမယ့် ဇန်နဝါရီလရဲ့ အညာဆောင်းက အအေးဓာတ် မပျယ်သေး။ ကိုယ်ဝန်သည် မရင်သွေးကတော့ မနက် ချမ်းချမ်းစီးစီးကတည်းက တကုတ်ကုတ်နဲ့ ထမင်းဟင်းတွေ ချက်ပြုတ်နေခဲ့ပါတယ်။
ကိုဖိုးအောင်နဲ့ မရင်သွေး တို့ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးကျေးရွာမှာ နေထိုင်တဲ့ သာမန် တောသူတောင်သား မိသားစုပါ။ သူတို့ဟာ အသက်(၄၀)ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး သားသမီး သုံးဦး ရှိကာ လက်ရှိမှာ စတုတ္ထမြောက် သားသမီးကို မွေးဖွားဖို့ မရင်သွေးက ကိုယ်ဝန် ခုနှစ်လ လွယ်ထားပါတယ်။
လွန်ခဲ့တဲ့ သုံးရက် ကတည်းက အာဏာသိမ်း စစ်အုပ်စု အင်အား (၁၀၀)လောက်ဟာ ကိုဖိုးအောင်တို့ ဒေသ၊ ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးနေခဲ့ပါတယ်။ စစ်အုပ်စုဟာ ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာမှာ ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ခိုးရာပါ ပစ္စည်းတွေ သယ်ယူရင်း ခင်ဦးနယ် အနောက်ခြမ်းက ရွာတွေကို စီးနင်းလုယက် အကြမ်းဖက်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ခင်ဦးမြို့နယ်၊ အနောက်ခြမ်း ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရပြီး တချို့က ကိုဖိုအောင်တို့ ကျွန်းတောကြီး ရွာဘက် ထွက်ပြေး ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီ ထွက်ပြေးလာတဲ့ ရပ်ဆွေ၊ရွာမျိုး စစ်ဘေးရှောင်တွေကို ထမင်းဟင်း ကျွေးမွေးဖို့ ကိုယ်ဝန်သည် မရင်သွေးက ချက်ပြုတ် ပြင်ဆင်နေတာပါ။
ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းမှာတော့ ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်အုပ်စု အသေအပျောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုက ထုံးစံအတိုင်း မိုင်းဆွဲခံရတဲ့ နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ ကိုဖိုးအောင်တို့ ရွာဘက် သေနတ် ပစ်ဖောက်ပြီး ဦးတည်လာလို့ ရွာခံတွေရော၊ စစ်ရှောင်တွေပါ ထပ်မံ ထွက်ပြေးကြရပါတယ်။
အဲ့ဒီလို ထွက်ပြေးရင်းနဲ့ ကိုဖိုးအောင်ကတော့ စစ်အုပ်စု လက်က လွတ်အောင် ပြေးနိုင်ခဲ့ပြီး အသက်ရှင် ခဲ့ပေမယ့် ဇနီးသည် ကိုယ်ဝန်ဆောင် မရင်သွေးကတော့ စစ်အုပ်စုလက်က မလွတ်ဘဲ ဖမ်းဆီးခံရပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ကာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဇနီးသည် ကိုယ်ဝန်ဆောင် မရင်သွေးကို ပစ်သတ်ပြီးနောက် သူမလက်ထဲမှာ ပါတဲ့ ငွေကျပ် ငါးသိန်းကို လုယူသွားတယ်လို့ ကိုဖိုးအောင်က ပြောပါတယ်။
“ကျွန်တော်က ရှေ့ကနေ ပြေးတာပေါ့။ ကျွန်တော့် အမျိုးသမီးကလည်း သိပ်မကွာဘူး၊ နောက်ကနေ ပါလာတယ်။ ဟိုကောင်တွေ (စစ်အုပ်စု) ကလည်း ရမ်းသမ်းပြီး (သေနတ်တွေ) ပစ်ဖောက်လာတာ။ သူ(မရင်သွေး)က အဲဒီအချိန်မှာ အင်းကမ်းပါးစောင်းဘေးက သစ်ငုတ်တိုကြီး နားမှာ ဝပ်ချလိုက်ပြီးတော့ ပုန်းနေတာ။ မိန်းမသား ဆိုတော့ ဘယ်လိုမှလည်း မပြေးတတ်ဘူးလေ။ အဲဒီလို သူက ဝပ်ပြီးတော့ ပုန်းနေတဲ့ အချိန်မှာ (စစ်အုပ်စုနဲ့) မိသွားပြီးတော့ ခေါင်းကိုတေ့ ပစ်သတ်သွားတာ။ သူ့ဆီက (မရင်သွေး) ပိုက်ဆံ ငါးသိန်းလည်း ဒီကောင်တွေ (စစ်အုပ်စု)က ယူသွားတယ်။ ပိုက်ဆံ ထည့်ထားတဲ့ လွယ်အိတ်ခွံနဲ့ သူ့ရဲ့ မှတ်ပုံတင်ကိုတော့ ဒီအတိုင်း ပစ်ထားခဲ့တာ။ ကျွန်တော်တို့ ကျန်ခဲ့တဲ့ သူတွေကတော့ ခြေမဲ့ လက်မဲ့ ဖြစ် ကျန်ခဲ့တာပေါ့ဗျာ”
စစ်အုပ်စုဟာ ငွေကျပ် ငါးသိန်းကို မြင်ပြီးနောက် ဇနီးရော၊ ဗိုက်ထဲက သားသမီးကိုပါ၊ သတ်ဖြတ်သွားတာမို့ လူ့အသက် နှစ်ချောင်း ဆုံးရှုံးလိုက်ရတာလို့ ကိုဖိုးအောင်က ဆိုပါတယ်။
“လူ့အသက် နှစ်ချောင်း ပေးလိုက်ရတာပေါ့။ သတ်ဖြတ်ခံလိုက်ရတာ။ ပြန်တွေးမိတိုင်း ဒီစစ်ခွေးတွေကို ကျေကို မကျေနပ်ဘူး”
စစ်အုပ်စု ဖမ်းဆီး သတ်ဖြတ်သွားတဲ့ မရင်သွေးရဲ့ ကိုယ်ဝန်ဟာ ခုနှစ်လအထိ ရှိပြီဖြစ်ပေမယ့် သူ့မရဲ့ ရင်သွေးလေးဟာ ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုတာ မရင်သွေး သိမသွားခဲ့ရပါဘူး။ အလားတူပဲ ဖခင်ဖြစ်တဲ့ ကိုဖိုးအောင်လည်း ဇနီးသည် မရင်သွေး လွယ်ထားတဲ့ ရင်သွေးလေးဟာ ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုတာ မသိခဲ့ရပါဘူး။ ကိုယ်ဝန်ဆောင် ဇနီးသည်ရဲ့ နောက်ဆုံး မြေချ သင်္ဂြိုဟ်ခဲ့တဲ့ နေရာကိုတောင် ကိုဖိုးအောင်တစ်ယောက် စစ်ဘေးတိမ်းရှောင် နေကြရတာကြောင့် အရောက် မသွားနိုင်ခဲ့ပါဘူး။
ဇနီးသည်ရဲ့ နောက်ဆုံးအချိန်မှာ ပြုစုခွင့် မရလိုက်တဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ကိုဖိုးအောင်က ပြောပါတယ်။
“အဲဒီနေ့က ဗြုန်းစားဗျင်းစား (ရုတ်တရက်) ကြီး ဖြစ်သွားတာ ဆိုတော့ ကျွန်တော် ကိုယ်တိုင်တောင် သူ့ဆီ (မရင်သွေးနာရေး) ကို မရောက်လိုက်ပါဘူးဗျာ။ အခြေအနေ တွေကလည်း အရမ်း ရှုပ်နေတော့ သူ့ရဲ့ မိဘတွေနဲ့ ရပ်ရွာက လူကြီးတွေကပဲ အဲဒီနေ့မှာပဲ မြေမြှုပ် သင်္ဂြိုဟ်ပေး လိုက်ကြတာ။ သူ့ဗိုက်ထဲက ကလေးလေးကလည်း ဘာလေးလဲ ဆိုတာ မသိလိုက်ရပါဘူး။ ဗိုက်လည်း ခွဲမကြည့်ဘူးလေ၊ ခွေးတွေ(စစ်အုပ်စု)ကလည်း ရှုပ်နေတာဆိုတော့ အဲဒီလို ဗိုက်ခွဲကြည့်ဖို့ စဉ်းစားချိန်လည်း မရလိုက်ပါဘူးဗျာ။ ဒီအတိုင်း မြေမြှုပ်လိုက်တာ။ ကျွန်တော်တောင် သူ့ကို ဘာမှ ပြုစုပေးချိန် မရလိုက်ပါဘူးဗျာ”
စစ်အုပ်စုဟာ အဲ့ဒီ ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်နောက် မြင်းကျရွာ၊ ကျွန်းတောကြီးရွာနဲ့ ကားဆိပ် ကျေးရွာတွေကို စီးနင်းကာ ကျွန်းတောကြီးရွာက ကိုယ်ဝန်ဆောင် မိခင် အပါအဝင် ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီးပြီး တချို့ကို လည်လှီး၊ တချို့ကို သေနတ်နဲ့ တေ့ကာ တစ်ချက် ထက်မက ပစ်သတ်ဖြတ်ခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ဒေသခံ ပြည်သူ လေးဦးကို စစ်အုပ်စုက တစ်ရွာတည်း၊ တစ်နေရာ တည်းမှာ သတ်ဖြတ်တာ မဟုတ်ဘဲ တရွာဝင် တရွာထွက်နဲ့ တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။
“မြင်းကျ ကျေးရွာမှ အဖိုးအို နှစ်ဦးဖြစ်သော ဦးလှဝင်း (၆၅နှစ်) (ရင်ဘတ် သေနတ် သုံးချက် ပစ်သတ်)၊ ဦးမြင့်ဆွေ (၆၃နှစ်) (လည်ပင်း ဓါးဖြင့်လှီးသတ်) တို့ကို သတ်ပစ်ထားခဲ့။ …..။ ကျွန်းတောကြီးကျေးရွာ အတွင်း အကြမ်းဖက် ဝင်ရောက်စဥ် ကိုယ်ဝန်သည် မိခင် မရင်ရင်သွေး (၃၉နှစ်)ကိုလည်း ဦးခေါင်းကို သေနတ်ဖြင့် တေ့ ပစ်သတ်ခဲ့သလို နေအိမ်(၁၀)လုံးကိုလည်း မီးရှို့ ဖျက်ဆီး ခဲ့ကြပါတယ်။ အလားတူ သက်သာပန်းတောင်းရွာ (ကားဆိပ်ရွာ)မှ ဒေါ်ရင်မိုး(၄၄နှစ်)ကိုလည်း ညာရင်ဘတ်ကို သေနတ်ဖြင့် တေ့ ပစ်သတ်ခဲ့ပြီး တစ်ရွာတည်းနေ ဒုက္ခိတ ဦးရှမ်းကြီးကိုလည်း ခြေထောက်တစ်ဖက်ကို သေနတ်ဖြင့် တေ့ပစ် သွားခဲ့ကြပါတယ်” လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
အညာမှာ ပြည်သူတွေကို ခေါင်းဖြတ်သတ်နေတဲ့ စစ်အုပ်စု ဘီလူးစစ်ကြောင်း
ကိုယ်ဝန်ဆောင် မိခင် မရင်သွေးကို သတ်ဖြတ်ပြီး ငွေကျပ်ငါးသိန်း လုယက်သွားတဲ့ စစ်အုပ်စုဟာ သူတို့ကိုယ် သူတို့ ဘီလူး စစ်ကြောင်းလို့ နာမည်ခံထားတဲ့ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း (ခမရ) – ၇၀၈ နဲ့ ခြေလျင်တပ်ရင်း (ခလရ) – ၁၁ တို့ စုပေါင်းထားတဲ့ အင်အား(၁၀၀)ဝန်းကျင်ရှိ စစ်အုပ်စု ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စု ဘီလူးစစ်ကြောင်းကို ဒေသခံတွေက ခွေးဘီလူးစစ်ကြောင်းလို့ ခေါ်ကြပါတယ်။
ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲတဲ့ အောက်တိုဘာကနေ ဇန်နဝါရီ လဆန်းအထိ အဲ့ဒီ ခွေးဘီလူး စစ်ကြောင်းဟာ ရေဦးမြို့ပေါ်မှာ အထိုင်ချနေခဲ့ပြီး အနီးဝန်းကျင်က ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည် စတဲ့ မြို့နယ်တွေထဲက လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ရင်းနဲ့ ရှိနေခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဘီးလူးစစ်ကြောင်း အမည်ခံ ခွေးဘီလူး စစ်ကြောင်းဟာ တိုက်ခိုက်ရေးမှာ နာမည်ကြီးတာ မဟုတ်ဘဲ အာဏာသိမ်း စစ်အုပ်စုက ဒေသခံ အရပ်သား ပြည်သူတွေကို သတ်ဖြတ်ဖို့၊ ရွာမီးရှို့ဖို့နဲ့ ပြည်သူပိုင်ပစ္စည်း လုယက်ဓားပြတိုက်ဖို့ သီးသန့် စုဖွဲ့ပေးထားတဲ့ အဖွဲ့ဖြစ်နိုင်ပြီး အညာတခွင် ရွာစဉ်ပတ်မွှေ စီးနင်းလုယက် မီးရှို့ပြီး ပြည်သူတွေကို ဖမ်းဆီး ညှဉ်းပန်း၊ ခေါင်းဖြတ် သတ်ပြတာကြောင့် နာမည်ကြီးတာ ဖြစ်တယ်လို့ အဲ့ဒီ ခွေးဘီလူး စစ်ကြောင်းနဲ့ တစ်ကြိမ်မက တိုက်ခိုက်ခဲ့ဖူးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ်(၁) စစ်ဒေသ က တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စု ခွေးဘီလူး စစ်ကြောင်းဟာ ခင်ဦးနဲ့ ထိစပ်နေတဲ့ တန့်ဆည်နယ်ထဲက တိုက်ပွဲတွေမှာကိုပဲ PDF တွေကို ယှဉ်မတိုက်ရဲဘဲ ခွေးပြေး၊ ဝက်ပြေး ထွက်ပြေးလေ့ရှိတယ်လို့ အထက်ပါ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။
“ဒီဘက် ဒေသမှာတော့ ခွေးဘီလူး စစ်ကြောင်းဆိုပြီး နာမည်ကြီးတာပေါ့။ တိုက်ပွဲတွေမှာ တိုက်ခိုက်တာ တော်လွန်းလို့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာမှာ နာမည်ကြီးတာ။ သူတို့ သတ်တဲ့အချိန်မှာလည်း စိတ်ပုံမှန် မဟုတ်တဲ့ လူတွေလိုပဲ ပြုမူတာတွေ တွေ့ရတာပေါ့။ အသတ် ခံရသူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစစီ၊ အပိုင်းပိုင်း ခုတ်ဖြတ်တာတွေ လုပ်တယ်။ ဥပမာ ခေါင်းဖြတ်ပြီးတော့ နှုတ်ခမ်းနီ ဆိုးပေးထားတာတို့ပေါ့။ ကျွန်တော်တို့နဲ့ ဖြစ်တဲ့ တိုက်ပွဲဆိုရင် သူတို့ဘက်က အထိနာသွားပြီးတော့ ကစဉ့်ကလျား ဖြစ်ပြီးတော့ကို ထွက်ပြေးတာ”
ကိုယ်ဝန်သည် မရင်သွေး အပါအဝင် ခင်ဦးမြို့နယ် အနောက်ခြမ်း ကျေးရွာတွေက ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်ခဲ့တဲ့ ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းက တိုက်ပွဲမှာလည်း အဲ့ဒီ ခွေးဘီလူးစစ်ကြောင်း အထိနာပြီး ခွေးပြေး၊ ဝက်ပြေး ထွက်ပြေးကာ မရင်သွေးတို့လို ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့တာလို့ ဒေသခံ တော်လှန်ရေး တပ်တွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာ၊ နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖိနှိပ်တာတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် မရင်သွေး သတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၂၄ ဇန်နဝါရီလ တစ်လတာ အတွင်းမှာပဲ နိုင်ငံတဝန်း စစ်အုပ်စု လက်ချက်နဲ့ အမျိုးသမီး (၅၉)ဦး သေဆုံးတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU က စာရင်းပြုစု ထုတ်ပြန်ပါတယ်။
အဲဒီအထဲက အမျိုးသမီး ခုနှစ်ဦးကို စစ်အုပ်စုက ပစ်သတ်တာ ဖြစ်ပြီး အမျိုးသမီး သုံးဦးကိုတော့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တာပါ။ ကျန်သူတွေထဲက အမျိုးသမီး (၂၈)ဦးဟာ စစ်အုပ်စုက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးပြီး ကျန်(၂၁)ဦးကတော့ လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးတာလို့ BWU က ဆိုပါတယ်။
စစ်အာဏာသိမ်းစကနေ ၂၀၂၄ ဖေဖေါ်ဝါရီအထိ သုံးနှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်အုပ်စု လက်ချက်နဲ့ သေဆုံးတဲ့ အမျိုးသမီး (၈၀၆)ဦး ရှိပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အမျိုးသမီး (၃၃၃၂)ဦး ရှိတယ်လို့လည်း BWU က ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ဟာ မြန်မာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဉ်မှတ်တမ်းပြုစု ဖော်ပြနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ အာဏာသိမ်းစကနေ ၂၀၂၄ ဖေဖေါ်ဝါရီအထိ စစ်အုပ်စု လက်ချက်နဲ့ သေဆုံးတဲ့ ပြည်သူ (၄၇၀၀) ကျော် ရှိပြီး အဲ့ဒီထဲက (၈၀၀)ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ AAPP က ထုတ်ပြန် ထားပါတယ်။
ကိုယ်ဝန်ဆောင် ဇနီးသည် မရင်သွေး ဆုံးပါးပြီးနောက် သုံးနှစ်အရွယ် သမီးငယ်၊ ဆယ်ကျော်သက် အရွယ် သားနှစ်ယောက်နဲ့အတူ ကိုဖိုးအောင်ကတော့ ဘဝကို ခက်ခဲစွာနဲ့ ရှေ့ဆက်နေဆဲပါ။
ဇနီးသည် မရင်သွေး ဆုံးပါးချိန်မှာ ကုသိုလ်ကောင်းမှုတွေ ပြုမပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး စစ်ဘေးရှောင်တွေကို ချက်ပြုတ်ကျွေးမွေးတာ အပါအဝင် မရင်သွေး လုပ်ဆောင်ခဲ့တဲ့ ကောင်းမှု ကုသိုလ်လေးတွေ ရှိတာကြောင့် အဲဒါတွေနဲ့ တွေးပြီး ဖြေသိမ့်နေရတယ်လို့ ကိုဖိုးအောင်က ပြောပါတယ်။
“ကျွန်တော့်အိမ်သူက ပရဟိတစိတ် ရှိတယ်ဗျ။ ကျွန်တော်နဲ့ကလည်း စိတ်တူကြတယ်။ သူ မဆုံးခင် အချိန်ထိ ကျွန်တော်နဲ့အတူ စစ်ဘေးရှောင်တွေကို ကျွေးမွေးဖို့ ချက်ပြုတ်သွားသေးတာ။ သူ့အတွက် ကုသိုလ်လေးတော့ လုပ်သွား နိုင်တယ်ပေါ့ဗျာ။ ရပ်ရေးရွာရေးမှာလည်း တက်ကြွတယ်၊ ကူညီ လုပ်ကိုင်ပေးတယ်ဗျ”
ဇနီးနဲ့ ရင်သွေးကို သတ်ဖြတ်သွားတဲ့ စစ်အုပ်စုကိုတော့ အခဲမကျေဘဲ တတ်နိုင်တဲ့နည်းနဲ့ လက်တုန့်ပြန်မယ်လို့ ကိုဖိုးအောင် ကြုံးဝါးပါတယ်။
“ဒီကောင်တွေ(စစ်အုပ်စု)က လူစိတ် မရှိဘူး။ ခွေးထက်မိုက်တဲ့ အကောင်တွေ။ ကျွန်တော်ကတော့ ကျွန်တော့် မိန်းမနဲ့ကလေး သတ်သွားတဲ့ ကောင်တွေကို ကျေကို မကျေနပ်သေးဘူးဗျာ။ အဲဒီ ခွေးတွေကို လုံးဝ မကျေနပ်သေးဘူး”
Leave a Reply