သံတွဲငပလီကို အေအေ ထိန်းချုပ်နိုင်ပြီလား

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နဲ့ ၃ မိုင်ဝန်းကျင်ကွာဝေးတဲ့ သံတွဲ(ငပလီ)လေဆိပ်အပါအဝင် သံတွဲတစ်မြို့လုံးကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ)က ထိုးစစ်အရှိန်မြှင့်နေပါတယ်။

ရခိုင်တောင်ပိုင်းက သံတွဲမြို့ကို အေအေက (၁၁) မြို့မြောက်အဖြစ်သိမ်းဖို့ ကြိုးပမ်းနေချိန်မှာပဲစစ်ကောင်စီကလည်း သံတွဲနဲ့ ငပလီလေဆိပ်ကို လက်မလွှတ်ရရေးမြေပြင်ခံစစ်သာမက လေကြောင်းပစ်ကူတွေပါ သုံးပြီးအပြင်းအထန် ခုခံနေတာဖြစ်ပါတယ်။

ဇွန်နောက်ဆုံးပတ်မှာတော့ အေအေတပ်နဲ့ စစ်တပ်ရဲ့ တပ်ရင်း ၂ ခုပူးပေါင်းထားတဲ့ (ခလရ-၅၅) နဲ့ (ခမရ-၅၆၆) တို့ဟာ သံတွဲ၊ ကုလားတောင်ကွေ့တကြောမှာ တိုက်ပွဲပြင်းထန်နေတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

ကုလားတောင်ကွေ့က သံတွဲမြို့နဲ့ နန်းချောင်းကျေးရွာကြားထဲမှာရှိပြီး စစ်တပ်ခြေမြန်တပ်ရင်း (ခလရ-၅၅)ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတာဖြစ်ပါတယ်။

သံတွဲ(ငပလီ)လေဆိပ်က ဘယ်လောက်အရေးပါလဲ

“ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်” လို့ မြေပြင်မှာရှိတဲ့ စစ်‌ရေးအခြေအနေသိရှိသူတစ်ဦးက သံတွဲနဲ့ ကုလားတောင်ကြောက အခြေအနေကို ဘီဘီစီကိုပြောပါတယ်။

ဇွန်လ ပထမအပတ်ကစပြီး စစ်တပ်နဲ့အေအေကြား ပြင်းထန်ခဲ့တဲ့ သံတွဲ(ငပလီ)လေဆိပ်အနီး တိုက်ပွဲတွေကနေ ဇွန်လ နောက်ဆုံးပတ်မှာတော့ သံတွဲမြို့နဲ့ ၂ မိုင်‌ကျော်အကွာ ကုလားတောင်ကွေ့အထိ တိုက်ပွဲတွေရောက်ခဲ့တာပါ။

နိုဝင်ဘာ ၁၃ ရက်ကနေ စတင်ခဲ့တဲ့ ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီအနေနဲ့ ရခိုင်(မြောက်ပိုင်း) က မြို့ ၉ မြို့ကို လက်လွှတ်ထားရပြီး အေအေကတော့ အဲဒီမြို့ ၉ မြို့အပါအဝင် ရခိုင်နဲ့ချင်းနယ်စပ်က ပလက်ဝမြို့ စုစုပေါင်း (၁၀) မြို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

( အေအေထိန်းချုပ်ထားတဲ့မြို့များ – ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ပလက်ဝ အစရှိတဲ့ မြို့ ၁၀ မြို့)

သံတွဲလေဆိပ်က ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတစ်ခုလုံးအတွက် စစ်ကောင်စီရဲ့ အဓိကကျတဲ့ ထောက်ပို့ရေးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ရှင်းပြပါတယ်။

“ရခိုင်တောင်ပိုင်းက တပ်တွေဆီ လူရော၊ ရိက္ခာရော ထောက်ပံ့ပြီး အားဖြည့်တင်းဖို့ ဒီလေဆိပ်ကိုပဲ အားထားပြီး အသုံးပြုနေတာ”လို့ သူက ပြောပါတယ်။

ငပလီမြို့ထဲက ဂေါ့တောင်ကျေးရွာမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ ဇွန် ၂ ရက်ကတည်းက သံတွဲ(ငပလီ)လေဆိပ်က လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဇွန် ၈ ရက်မှာတော့ ရန်ကုန်-ငပလီ လေကြောင်းလိုင်းတွေကို ဇွန် ၃၀ ရက်အထိ ပိတ်ထားလိုက်တယ်ဆိုပြီး လေယာဉ်လက်မှတ်အရောင်းဌာနတွေကကြေညာထားတယ်လို့ ဒေသခံတွေကအတည်ပြုပြောပြထားပါတယ်။

ကမ္ဘာကျော် ကမ်းခြေငပလီရှိသလို တန်ဖိုးမြင့်ဇိမ်ခံဟိုတယ်လုပ်ငန်းတွေ၊ စီးပွားဖြစ်လေကြောင်းလိုင်းတွေပြေးဆွဲတဲ့ လေဆိပ်ရှိတဲ့ ဒီမြို့ဟာ ရခိုင်က တခြားမြို့တွေထက် ထူးခြားပါတယ်။

ဒီမြို့ကိုရဖို့ အေအေ က ဧပြီလကတည်းကကြိုးစားနေတာဖြစ်ပြီး ဇွန်လမှာတေ့ မြို့နား ၂ မိုင်အကွာအထိ အေအေတပ်တွေ ကပ်နေပါပြီ။

လေဆိပ်ကိုဝန်းရံထားတဲ့ စစ်ကောင်စီတပ်ရင်း ခမရ (၅၆၆) နဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅) အနီးထိလည်း တိုးလာပြီး ဆက်ပြီးထိုးစစ်ဆင်နေတယ်လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ကုလားတောင်ကွေ့ဘက်ကို စစ်ကောင်စီ စစ်ကူတွေပို့

သံတွဲမြို့အနီးက ကုလားတောင်ကွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းပစ်ကူတွေနဲ့ ခုခံနေရသလို စစ်တပ်ဘက်က တပ်ကူတွေထပ်ပြီး စေလွှတ်ရတဲ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

ကွင်းဝိုင်းရွာအခြေစိုက် စစ်ကောင်စီရေတပ်ကနေ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် စစ်ကူပို့လိုက်တာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ရှင်းပြပါတယ်။

ကွင်းဝိုင်းရွာဟာ ငပလီမြို့ကနေ ၆ မိုင်ဝန်းကျင်ကွာဝေးတဲ့ ဂျိတ်တောကျေးရွာရဲ့ သင်္ဘောကျင်းတစ်ဖက်ကမ်းမှာ ရှိတာဖြစ်ပါတယ်။

ဇွန် ၂၃ ရက်မှာလည်း သံတွဲလေဆိပ်နဲ့ ငပလီကမ်းခြေတို့ကို အဓိကအခြေပြုတပ်စွဲထားတဲ့ စစ်တပ်ရဲ့ တပ်ရင်း ၂ ခု (ခလရ-၅၅) နဲ့ (ခမရ-၅၆၆) ကြားထဲကို အေအေက ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် လေဆိပ်အနီးက (ခမရ-၅၆၆) တပ်ဆုတ်ခဲ့ပြီး လေဆိပ်နဲ့ ၂ မိုင်အကွာမှာရှိတဲ့ (ခလရ-၅၅) တပ်မှာ ဝင်‌ရောက်ပူးပေါင်းတပ်စွဲထားတဲ့ အခြေအနေလို့ ဆိုပါတယ်။

သံတွဲ(ငပလီ)လေဆိပ်ကို အေအေ ထိန်းချုပ်နိုင်ပြီလား

သံတွဲလေဆိပ်ကိုရဖို့ ဦးတည်လာတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ သံတွဲလေဆိပ်အကျော် ဇီးဖြူကုန်းရွာမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာလို့ ဒေသခံတချို့က ဘီဘီစီကိုပြောထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများသလို အရပ်သားသေဆုံးမှုတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

ရခိုင်သတင်းတွေကို ‌ဖော်ပြတဲ့ ဒေသတွင်းမီဒီယာတချို့မှာတော့ သံတွဲတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိ ၂ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄၀ ဝန်းကျင်သေဆုံးထားတယ်လို့ ရေးသားဖော်ပြထားကြပေမယ့် ဘီဘီစီအနေနဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇွန် ၂၇ ရက် ညနေပိုင်းမှာတော့ အေအေဘက်က သံတွဲ(ငပလီ)လေဆိပ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ဘီဘီစီသတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

“တချို့တဝက်ပဲ အေအေက ထိန်းချုပ်နိုင်သေးတယ်။ နှစ်ဘက်စလုံး လက်နက်ကြီးတွေနဲ့ ပစ်နေဆဲဆိုတော့ အလုံးစုံထိန်းချုပ်လို့မရသေးဘူး” လို့ စစ်‌ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပြပါတယ်။

သံတွဲမြို့ကို အေအေက တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားနိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သံတွဲလေဆိပ်ကို တပ်စွဲထားတုန်းပဲလို့ ဆိုပြီးသံတွဲလေဆိပ်ပတ်ဝန်းကျင်ကနေ လေဆိပ်ကိုပစ်ခတ်နေတာရှိတယ်လို့ ဖြေပါတယ်။

”သံတွဲလေဆိပ်ကို တပ်စွဲထားတုန်းပဲဖြစ်ပါတယ်။တိုက်ပွဲတွေကနေ့စဥ်ဖြစ်ပွားနေပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၈ ရက်က ပြောပါတယ်။

စစ်ပွဲကြားက ဒေသခံတွေ

သံတွဲမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျရောက်တာနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် မြို့အနီးက ရွာတွေမှာတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတချို့ သေဆုံးတာတွေရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။

“ကင်းမော် ရွာဘက်မှာ လက်နက်ကြီးကျလို့ ဒေသခံတွေသေတယ်” လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကင်းမော်ရွာက သံတွဲမြို့ကနေ ၃ မိုင်ကျော်ကွာဝေးပြီး မြို့ရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲလေဆိပ်အကျော်က ဇီးဖြူကုန်းရွာတိုက်ပွဲမှာလည်း အရပ်သားတချို့သေဆုံးမှုတွေရှိသလို တချို့ကတော့ ငပလီဘက်ကို စစ်ရှောင်သွားကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတစ်ဦးကတော့ “ဘာမှလုပ်ကိုင်စရာမရှိချိန် စစ်ပါရှောင်ရလို့ ပိုဆိုးတာပေါ့။ ဆန်မစားရ ဆန်ကွဲစားနေရတယ်။ တချို့လူတွေက မငတ်ရုံတမယ် ဖြစ်သလို စားနေရတယ်။ စစ်ရှောင်သွားတာ အိမ်တွေပစ်သွားရလို့ တချို့အဖောက်ခံရတာတွေ ရှိတယ်” လို့ သံတွဲမြို့ခံတစ်ဦးက ရင်ဖွင့်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာလည်း သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ ပစ်ခတ်မှုအပြင် တိုက်လေယာဉ်နဲ့ ဒရုန်းတွေကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး နောက်ထပ် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‌အေအေက ထုတ်ပြန်ထားပါတယ်။

သံတွဲမြို့ပေါ်က ဒေသခံတော်တော်များများကတော့ ဇွန်လနောက်ဆုံးပတ်ကစပြီး မြို့ကို စွန့်ခွာပြီး ဂွမြို့နဲ့ ရန်ကုန်ဘက်ကို တိမ်းရှောင်သွားကြပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အိမ်စောင့်လောက်ပဲကျန်တော့တယ်။ မြို့ကြီးက ခြောက်ကပ်နေပြီ။ ဈေးထဲမှာဆိုရင် ကုန်စုံဆိုင် ၂ ဆိုင်လောက်ပဲဖွင့်တော့တယ်။ ဆိုင်မှာလည်း အာလူးလေး၊ ကြက်သွန်လေး၊ မုန့်ထုပ်ကလေးလောက်ပဲရှိတော့တယ် ” လို့ ဆိုပါတယ်။

သံတွဲမြို့ဝင်၊ မြို့ထွက်တွေကို စစ်တပ်က တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေပြီး မြို့ပေါ်ကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်နေတုန်းပဲလို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

သံတွဲမြို့ပေါ်က အထက (၁) ကျောင်းနဲ့ ရဲစခန်းမှာ စစ်တပ်ဘက်က တပ်စွဲနေရာယူထားသလို မြို့ထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လည်သွားလာပြီး လုံခြုံရေးစစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။

သံတွဲမြို့ကနေ စစ်ရှောင်ချင်တဲ့ ဒေသခံတချို့ကလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထောက်ခံချက်ရှိမှ မြို့ကနေထွက်ခွာခွင့်ရကြတဲ့အခြေအနေကို ကြုံနေရတယ်လို့ မြို့မှာကျန်နေသူတချို့က ဘီဘီစီကိုပြောပါတယ်။

ဒါပေမဲ့ မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးတွေမရှိတော့တာကြောင့် မြို့ကနေ ထွက်ခွင့်မရမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သံတွဲမြို့ကနေ ထွက်ခွာမယ်ဆိုရင် ထွက်ခွာမယ့်အကြောင်းအရာအလိုက် စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာရုံးအသီးသီးကနေ ရရှိထားတဲ့ ထောက်ခံစာတွေ၊ ခွင့်ပြုချက်တွေကို မြို့အထွက်စစ်‌ဆေးရေး ဂိတ်မှာ ပြဖို့လိုတယ်လို့ သူက ရှင်းပြပါတယ်။

” သူတို့ ( စစ်ကောင်စီ) ရုံးတွေမှမရှိတော့တာ။ ထောက်ခံစာလည်းယူလို့မရတော့ဘူး။ ထွက်သွားရင်လည်း လက်မခံတာရှိတယ်။ အခုက ရွာဘက်ကို ပြေးတဲ့သူလည်း မြို့ထဲမှာ ပစ္စည်းလေး ဘာလေး ပြန်ဝင် ယူချင်လည်းမရဘူး။ အထွက်လည်း ခက်ခဲတယ်” လို့ မြို့မှာကျန်ခဲ့သူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဟာ စစ်တပ်ရဲ့လွှမ်းမိုးနိုင်မှုပိုများပြီး ဒေသခံတွေက စစ်ရေးအပေါ် စိတ်ဝင်စားမှု နည်းပါးတာ၊ အေအေအပေါ် လက်ခံသူနည်းပါးပြီး အေအေရဲ့ လွှမ်းမိုးမှုအားနည်းတာကြောင့် မြောက်ပိုင်းဒေသတွေလို စစ်ရေးအားကောင်းလာဖို့ခက်မယ်လို့ စစ်တပ်က တွက်ဆခဲ့တယ်လို့ စစ်ရေး အကဲခတ်တွေကပြောပါတယ်။

ဒါပေမဲ့ အေအေ ရဲ့ သံတွဲထိုးစစ် ၂ လကြာရောက်လာချိန်မှာတော့ အေအေ ကအသားစီးရပြီး စစ်ရေးအလှည့်အပြောင်းဖြစ်လာတယ်လို့ စစ်ရေး အကဲခတ် က ဆက်ပြောပါတယ်။

” သံတွဲတိုက်ပွဲ ၂ လကျော်ကြာတဲ့အချိန် အခုအခြေအနေအရတော့ အေအေက သံတွဲမြို့တွင်းနဲ့လေဆိပ်တဝိုက်အထိ နီးနီကပ်ကပ် ရောက်လာပြီး စစ်ကောင်စီကို ခြိမ်းခြောက်နေပြီ” လို့ သူကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *