စစ်သားတိုင်း အတွက် နောက်ဆုံးအချိန်

တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ကျော်က စစ်တပ်စခန်းတွေကိုထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် သမိုင်းမှာ ပထမဆုံးအကြိမ် စစ်ကာင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကိုပါ သိမ်းပိုက်နေတာကိုမြင်တွေ့နေကြရပြီဖြစ်ပါတယ် ။

စစ်တပ်သမိုင်းမှာ တိုင်းစစ်ဌာနချုပ် ဆုံးရှုံးခဲ့ရတာမျိုးမရှိခဲ့ဖူးပေမယ့် နွေဦးတော်လှန်ရေးမှာတော့ မကြုံဖူးတဲ့ အရှုံးရဲ့အရသာကို အာဏာလုစစ်အုပ်စု ခံစားနေကြရပါပြီ ။၁၉၆၂ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တိုင်းပြည်ရဲ့ အကောင်းဆုံးရင်းမြစ်အားလုံးကို စုပ်ယူပြီး ပြည်သူတွေအပေါ် ဆယ်စု ငါးခုကျော် ဖိနှိပ်ခဲ့တဲ့ စစ်တပ်တစ်ခုရဲ့ ကျရှုံးခန်းကို ယနေ့ မြန်မာပြည်သူတွေ မျက်မြင်သက်သေတွေအဖြစ် မြင်တွေ့ခွင့်ရနေကြတဲ့ကာလတွေပဲဖြစ်ပါတယ် ။

ဒါကြောင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း ပြောသလို စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။သင်္ဘောပျက်ကြီးပေါ်က စစ်ကောင်စီတပ်သားတွေအနေနဲ့အမြန်ခုန်ချ မှ အသက်ရှင် လွတ်မြောက်မှာဖြစ်သလို စစ်ရာဇဝတ် ကောင်အုပ်စုဆီက အမြန်စွန့်ခွာရမယ့်အချိန်ရောက်နေပါပြီ။ စစ်အုပ်စုကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင် အချိန်မီခိုလှုံ့မှသာ မင်းအောင်လှိုင်နဲ့အတူ စစ်ရာဇဝတ်မှုတွေအတွက် အစီရင်ခံရမှုကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလွတ်မြောက်မှသာ လက်ကျန်ဘဝကိုလိပ်ပြာသန့်သန့် ရှင် သန်ခွင့်ရမှာဖြစ်သလို ၊ဆွေစဥ်မျိုးဆက် လူညွန်တုံးရမယ့် ဘေးက လွတ်မြောက်နိုင်မှာဖြစ်ပါတယ် ။

မိသားစုအရေးထက်ပိုတဲ့ရည်မှန်းချက်ရှိပြီတော့ တပ်မတော်ကို ချစ်ပါတယ်ဆိုတဲ့ စစ်သားတွေအတွက်လည်းသင်္ဘောပျက်ရေမြှပ်သလို တအိအိနစ်မြှုပ်ပျက်စီးနေတဲ့ စစ်တပ်ကို ကယ်တင်ဖို့အချိန် သိပ်မကျန်တော့ပါဘူး။ အာဏာလုစစ်တပ်အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာကို အချက်ပြမှုများစွာ ကျယ်ကျယ် လောင်လောင်အချက်ပြပြီးဖြစ်ပါတယ် ။

အဲဒီအချက်ပြမှုတွေက ၁၂ လအတွင်းမှာတော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ ကျော်သိမ်းပိုက်လိုက်တာ ၊ လက်ဗလာနဲ့ပေတရာလမ်းမတွေထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်တွေ နှစ်ပိုင်းအတွင်းစစ်တပ်ကို အသာစီးကတိုက်ပြီး နိုင်ငံဗဟိုချက် မန္တလေးမြို့ နဲ့ မိုင် ၅၀ကျော် အကွာက စဥ့်ကူးတစ်မြို့နယ်လုံးသိမ်းပိုက်ပြီး မတ္တရာမြို့နယ်တစ်ခုလုံးကိုပါသိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာ ၊ မိုးကုတ်မြို့လို ၊သံတွဲ မြို့လို စစ်တပ်ရဲ့ အကျိုးစီးပွားများစွာရှိတဲ့ မြို့တွေကိုတော်လှန်ရးတပ်တွေသိမ်းပိုက်တာ ၊နယ်စပ်ဂိတ်စခန်းအားလုံးနီးပါးတော်လှန်ရေးတပ်တွေထိန်းချုပ်တာ ၊ ပြည်သူအများစု ရွံ့မုန်းပြီး စစ်တပ်ထောက်ခံသူတွေတောင် မကြိုက် တဲ့ မိသားစုအကျိုးစီးပွားကိုသာရှေ့တန်းထားတဲ့ မင်းအောင်လှိုင် ဝန်ကြီးချုပ် ၊တပ်ချုပ်ရာထူးတွေအပြင် ယာယီသမ္မတလုပ်တာ ၊ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုတဲ့ အောင်ဇေယျစစ်ကြောင်း စစ်ရှုံးတာ ၊ အခုနောက်ဆုံး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကိုပါ MNDAAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်တာ စတဲ့ဖြစ်ရပ်ကြီးတွေ ပဲဖြစ်ပါတယ် ။

ဒါတွေထက် အရေးကြီးဆုံးအချက်က နိုင်ငံတစ်ဝန်းက တော်လှန်ရေးအဖွဲ့အများစုက ဘုံရန်သူဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ရဲ့စစ်တပ် ကို သမိုင်းမှာပထမဆုံးအကြိမ် စုပေါင်းတွန်းလှန်တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ် ။ ဒီလိုဖြစ်စဥ် တွေကမြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။

ဒီအချက် ကစစ်အုပ်စုအတွက် စစ်ရှုံးမှာကို သေချာစေပါတယ် ။

တရုတ်ဖြူ ကျူးကျော်မှုကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့တယ် ၊ ဗကပတွေကိုအောင်နိုင်ခဲ့တယ် စတဲ့ ဝါဒဖြန့်မှုတွေနဲ့ အတူ စစ်တပ်သင်ရိုးတွေမှာ ခမ်းနားတဲ့သမိုင်းကြောင်းတွေရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နဲ့ လက်အောက်ခံတပ်ရင်းတွေကို MNDAA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူ နေတာကို ကြည့်ရင် စစ်တပ်ရဲ့ ပြိုလဲမှုကထင်ရှားလှပါတယ် ။ စစ်တပ်မှာ စစ်တိုင်း ၁၄ တိုင်းရှိတာမှာ ရမခ က တပ် အဂါ်စဥ်အရ အဆင့် ၃ ပါ။ ၁၀၂၇ စစ်ဆ်ရေး ပထမလှိုင်းမှာ ညီနောင် ၃ ဖွဲ့ မသိမ်းဖို့ တရုတ် ခြေဖက်ပြီး အကူအညီယူခဲ့တဲ့စစ်တပ်ဟာ ဟိုင်ဂင်သဘောတူညီချက်နဲ့ ခမရ ကို ၅ ကျော်တောင် လက်နက်ခဲယမ်း လူအင်အားဖြည့်ပြီး ခံစစ်ပြင်ချိန် ရခဲ့တာပါ ။

ဒီလိုခံစစ်ပြင်ထားတယ်ဆိုပေမယ့် ပူးပေါင်းတပ်တွေ တကယ်တိုက်တဲ့အခါတစ်လ လောက်နဲ့ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ် ။

“တိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်တာ ပထမဆုံးလို့ပြောလို့ရတယ် တိုက်ခိုက်သိမ်းပိုက်နိုင်တာပေါ့။ အရင်တုန်းကတော့ တပ်ရင်း ဌာနချုပ်တွေကိုပဲ တိုက်ခိုက်သိမ်းပိုက်တာက အခုကတော့ တိုင်းစစ်ဌာနချုပ်ဆိုတာ တကယ့်ကို Central Command အမျိုးအစားထဲမှာပါတယ် ။အဲတော့ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုကနေ စစ်တပ်ရဲ့ အရှက်တကွဲရှုံးနိမ့်မှု ကြီးလာပြီလို့ကျွန်တော်တို့ပြောလို့ရတယ် “လို့ CDM ဗိုလ်ကြီးလင်းထင်အောင်က ရမခ ကိုပူးပေါင်းတပ်တွေ သိမ်းပိုက် နိုင်ခြင်းအပေါ် သူရဲ့အမြင်ကို လူထုနွေဦးကိုပြောပါတယ် ။

“ဒါကနေ အကျိုးဆက်တွေဘာဖြစ်မလဲတိုတာကတော့ ဒီတိုက်စစ်ဌာနချုပ်နဲ့ ဆက်စပ်တဲ့နယ်မြေတွေအားလုံးလက်လွတ်ဆုံးရှုံးရမယ်။ နောက်ပြီးတော့ အခြားသောနယ်မြေဒေသတွေကိုသိမ်းပိုက်နိုင်ဖို့ အခွင့်အ ရေး တွေ တော်လှန်ရေးတပ်တွေအတွက် ပိုပြီးတော့ရလာမယ် ။အဓိကတော့စစ်တိုက်တယ်ဆိုတာ စိတ်ဓါတ်နဲ့ တအားဆိုင်တယ်လေ။ တော်လှန်ရေးတပ်တွေရဲ့ စိတ်ဓါတ်နဲ့စစ်ရေးစွမ်းရည် တအားတက်လာတဲ့ဒီအချိန်မှာ ဆက်လက်ပြီး တော့တိုက်ခိုက်သိမ်းပိုက်ဖို့ လမ်းတွေပိုပြီး တော့ပွင့်သွားမယ်လို့ ကျွန်တော့အနေနဲ့မြင်ပါတယ် “လို့ CDM ဗိုလ်ကြီးလင်းထက်အောင်ကသုံးသပ်ပါတယ် ။

စစ်ရေးအတွေ့အကြုံကောင်းကောင်းရှိသလိုလက်နက်ခဲယမ်း၊လူသူ အင်အားတောင့်တင်းတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားတာရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ၊ ဆင့်ကဲသက်ရောက်မှုတွေ မကြာခင် စစ်တပ်အတွင်းထင်ထင်ရှားရှားမြင်ရတော့မှာပါ ။

စစ်သည်အင်အား သုံးသိန်းကျော်ရှိတယ်တို့ ၊ စစ်တပ်ဟာ ကမ္ဘာ့မှာ Fire power အဆင့် ၃၅ ရှိတယ်တို့ဆိုတဲ့ ဂျင်းတွေက နွေဦးတော်လှန်ရေးမှာ အသုံးမဝင်တော့ပါဘူး။

စစ်ရေးပြအခမ်းအနားတိုင်းထုတ်ပြတဲ့ အတွဲလိုက်ပစ်ဒုံးတွေ ၊ဟောင်ဝစ်ဇာတွေ ၊တင့်ကားတွေ ၊လေယာဥ်ပစ်လက် နက်တွေစတဲ့အပြကောင်းလှတဲ့လက်နက်တွေဟာလည်း တော်လှန်ရေးတပ်တွေရဲ့သိမ်းဆည်းရရှိတဲ့စာရင်းဝင်ကုန်တာမနည်းမနောရှိနေပါပြီ။ တကယ်တော့နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်းရှုံးပြီး တပ်ပျက်နေတဲ့ အခြေအနေကို စစ်တပ်ထဲက စစ်သားတွေ အထူးသဖြင့် အရာရှိတွေက အပြင်ကလူတွေထက် ပိုသိကြပါတယ် ။

အချိန်မီ အလင်းဝင် ပြည်သူနဲ့ပူးပေါင်းလိုက်တဲ့အတွက် ပြည်သူတွေ ချီးကျူးနေတဲ့ ဒုဗိုလ်မှူးကြီးဝင်းနိုင် နဲ့ ဆုံးဖြတ်ချက်မှားလို့ ကိုယ်တင်မက လက်အောင်ငယ်သားတွေ စစ်သားမိသားစုတွေရာ ပေါင်း များစွာကိုသေတွင်းထဲပို့မိတဲ့ ဗျူဟာမှူးတို့ရဲ့ အဖြစ်အပျက်မူနာတွေ လောလောလတ်လတ်မှာကိုရှိနေပါတယ်။

လားရှိုးမြိုသိမ်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်မှူး ၂ ဦး ၊ဗိုလ်ကြီး ၅ ဦး အပါအဝင် စစ်သားသုံးရာကျော် MNDAA ထံ ဇူလိုင် ၂၁ရက်မှာ လက်နက်ချအလင်းဝင်ခဲ့ပါတယ် ။ သင်တန်းသားစစ်သားအများစုပါဝင်တဲ့ စစ်သား ၃၀၀ ကျော်လက်နက်ချတာကို ဒုဗိုလ်မှူးကြီးဝင်နိုင်မိုးကဦးဆောင်ခဲ့တာပါ။ ဒုဗိုလ်မှူးကြီး ဝင်းနိုင်မိုးက လက်အောက်ငယ်သား တွေရဲ့ အသက်တွေကိုတန်ဖိုးထားလက်နက်ချတာဖြစ်ပါတယ်။သူ့နဲ့အရာရှိတွေရဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်သူရဲ့အသက်မှ မဆုံးရှုံးရတဲ့အတွက် ပြည်သူတွေ သူ့ကို ရာပေါင်းများစွာသော လူ့အသက်တွေ ကယ်တင်ခဲ့သူအဖြစ်ချီးကျူးနေကြပါတယ် ။

ဒါပေမယ့် မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ရှုံးမှာသေချာတဲ့အခါမှာ ဗျူဟာမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးဇော်မျိုးထွန်းဟာ လက်နက်ချအလင်းဝင်တဲ့ နည်းလမ်းကို မရွေးပဲ ထွက်ပြေးကြပါတယ် ။ဇွန်လကုန်ပိုင်းမှာ လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့ ချင်းတောင်တန်း တွေပေါ်မှာ မိုးရာသီ ကြီးထွက်ပြေးတာပါ။ စစ်သား တွေသာမက ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေပါ ပါတဲ့ စစ်သားမိသားစုတွေ စုစုပေါင်း လူ ၆၀၀ ကျော် ထွက်ပြေးဖို့ ဗျူဟာမှူးကဆုံးဖြတ် ခဲ့တာကြောင့် ရာနဲ့ချီတဲ့ လူအသက်တွေသေဆုံးခဲ့ပါတယ်။ တောင်ချကျောင်းထဲမျောပါတာ၊ အစာငတ်တာ၊ဒဏ်ရာရပြီး ဆေးကုသဖို့ခက်ခဲတာ စတဲ့အခက်အခဲတွေကြောင့် စုစုပေါင်း ထွက်ပြေးသူ ၆၀၀ လောက်မှာ အများအပြားသေဆုံးခဲ့ရတာဖြစ်ပါတယ် ။ ဆုံးဖြတ်ချက် မှားပြီး ဦးဆောင်ထွက်ပြေးတဲ့ဗိုလ်မှူးကြီး ဇော်မျိုးထွန်းတောင် သေပြီလို့ သတင်းထွက်နေပြီဖြစ်ပါတယ် ။

ဒါကြောင့် စစ်တပ်ထဲက အရာရှိတွေဟာ မိမိအတွက်သာမကပဲ လက်အောက်ငယ်သားတွေရဲ့ အသက်တွေကို ငဲ့ကွက်ပြီး ဆုံးဖြတ်ချက်မှန်ဖို့လိုပါတယ် ။လားရှိုးမြို့သိမ်းတိုက်ပွဲမှာဆိုရင်လည်း စစ်သားတွေအနေနဲ့ လက်နက်နဲတကွ အလင်းဝင် ရင် တစ်ဦးကို အနည်းဆုံးကျပ် ၁၅ သိန်းက နေ ၃၅ သိန်းအထိ့အဆင့်လိုက် ဆုကြေးချီးမြှင့်မယ်လို့ MNDAA ကကြေညာထားပါတယ် ။အခြားတော်လှန်ရေးတပ်ဖွဲ့တွေက လည်း လက်နက်နဲ့အတူအလင်းဝင်တာတွေကို ဆုကြေးတွေအသီးသီးချီးမြှင့်ပေးနေကြပါတယ် ။

” စစ်တပ်ထဲကသူတွေအနေနဲ့ ပြည်သူနဲ့ မပူးပေါင်းရင် ဖြစ်လာမယ့်အကျိုးဆက်က အများကြီးရှိပါတယ် ။ ကျွန်တော်တို့တရားမျှတမှုကိုရှာဖွေတဲ့အ ချိန်မှာ မင်းအောင်လှိုင် နဲ့အတူ ပစ်ဒဏ်တွေခံရနိုင်တယ် ။အခုလို အဆုံးသတ်တိုက်ပွဲတွေမှာလက်နက်ချမပူးပေါင်းရင် မိမိတို့ ဘဝ ၊မိမိတို့မိသားစုတွေ စွန့်လွတ်ပြီးတော့သေရွာကိုသွားရဖို့ အလားအလာတွေအများကြီးဖြစ်သွားမယ်”လို့ နွေဦးတော်လှန်ရေးအစပိုင်းမှာပဲ ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ CDM. ဗိုလ်ကြီးလင်းထက်အောင်ကပြောပါတယ်။

အလင်းဝင်လို့ရတုန်း လက်နက်ချလို့ရတုန်းမှာ စစ်သားတွေက တစ်ဦးလိုက် ၊တပ်ရင်းတပ်ဖွဲ့အလိုက်အလင်းဝင်တာဟာ မိမိကိုယ်ကို ကယ်တင်ရာ ၊ လက် အောက်ငယ်သားနဲ့ မိသားစု ဝင်တွေကို ကယ်တင်တာဖြစ်ပါတယ် ။ အဲလိုမဟုတ်ရင် တော်လှန်ရေးအလွန်မှာ ကြားကာလတရားမျှတရေးအတွက် စစ်သားတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာကြောင့်မဖြစ်မနေ ပစ်ဒဏ်​ပေး စီရင်ခံကြရမှာဖြစ်ပါတယ် ။

တပ်မတော်ကိုချစ်လို့ကယ်တင်ချင်တယ်ဆိုတဲ့စစ်သား တွေအတွက်လည်း အာဏာရူးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်အုပ်စု ဆီကနေ မတရားတဲ့အမိန့်တွေ မနာခံတော့ပဲ ၊ ပြည်သူနဲ့ပူးပေါင်းပြီး နိုင်ငံရေးမှာမပါတ်သက်ပဲ ပရော်ဖက်ရှင်နယ်ပီသတဲ့ ဖက်ဒရယ်တပ်မတော်ပြန်တည်ဆောက်ရေးမှာပါဝင်တဲ့နည်းနဲ့ စစ်တပ်ကို ကယ်တင်ဖို့ အချိန်ဟာ သိပ်မကျန်တော့ပါဘူး။

တပ်ချုပ်ရာထူးယူပြီး မတရားလာဘ်စားမှုကြောင့် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဟာ တိုင်းပြည်ဆင်းရဲ နေချိန်မှာပဲ ခရိုနီလုပ်ငန်းရှင်တွေလို အလွန်အင်မတန်ချမ်းသာနေပြီဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဓနတွေဟာ မင်းအောင်လှိုင်အတွက် မလုံလောက်သေးပါဘူး။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဌ စတဲ့ရာထူးတွေအားလုံးကိုလည်း တခြားသူခွဲမပေးနိုင်ပဲ သူတစ် ယောက်တည်းအကုန်ယူထားပါတယ် ။

မင်းအောင်လှိုင်ဟာသူ့ကို သူ့ကို ဘယ်သူမကြိုက် မကြိုက် ဂရုစိုက်မှာမဟုတ်ပဲ အင်အားသုံးမဖယ်ရှား မချင်းဆင်းပေးမှာလည်းမဟုတ်ပါဘူး ။နောက်ဆုံးအချိန်ထိ့ စစ်တပ်ကိုရော ၊တိုင်းပြည်ကိုပါအစွမ်းကုန်ဖျက်ဆီးမှာပါ။

ဒါကြောင့် မင်းအောင်လှိုင် နဲ့သူ့မိသားစုအတွက်၊စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ အကျိုးစီးပွားအတွက် အသက်သေခံပြီးစစ်တပ်မှာ တာဝန်ဆက်ထမ်းမလား ၊ သင်နဲ့ သင့်မိသားစု အနာဂါအတွက် ပြည်သူနဲ့ပူးပေါင်းမလားဆိုတာ စစ်သားတိုင်းရွေးချယ်ဖို့ နောက်ဆုံးအချိန်ဖြစ်ပါတယ်။ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *