စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။
၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် တွေ့ရသော စစ်တိုင်းမှူး ဗိုလ်ချုပ် ၁၄ ဦးတွင် Defence Service Academy-DSA ကျောင်းဆင်း ၈ ဦးနှင့် အလုပ်သင် ဗိုလ်သင်တန်း ကျောင်းဆင်း ၆ ဦးတို့သာ တွေ့ရနိုင်ပြီး OTS ကျောင်းဆင်း တဦးမှ မတွေ့ရတော့ပေ။
မြန်မာစစ်တပ်တွင် စစ်ဗိုလ်သင်တန်းကျောင်း ၃ ခုရှိသည်။ DSA နှင့် အလုပ်သင် ဗိုလ်သင်တန်းကျောင်းများသည် ၁၀ တန်းအောင်ပြီး တက်ရောက်ရပြီး OTS ကျောင်းသည် ဘွဲ့ရပြီးသူများ တက်ရသည့် ဗိုလ်သင်တန်းကျောင်း ဖြစ်သည်။ အလုပ်သင်ဗိုလ်သင်တန်းကျောင်းသည် ၁၀ တန်းအား (ခ) အဆင့်ဖြင့် အောင်သူများ DSA တက်ရန် အမှတ်မမှီသူများ တက်ရောက်သည့် ဗိုလ်သင်တန်းကျောင်း ဖြစ်သည်။
နဝတခေတ်မှစ၍ ၂၀၁၅ ခုနှစ်အထိ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်တက္ကသိုလ်တခုခုမှ ဘွဲ့ရပြီးနောက် ဗိုလ်သင်တန်းတက်ကာ စစ်ဗိုလ်ဖြစ်လာသော OTS ကျောင်းဆင်းများစွာ ရှိ နေခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးများထဲတွင်လည်း OTS ကျောင်းဆင်း များစွာရှိခဲ့သည်။
နဝတခေတ်မှစ၍ ၂၀၁၅ ခုနှစ်အထိ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်တက္ကသိုလ်တခုခုမှ ဘွဲ့ရပြီးနောက် ဗိုလ်သင်တန်းတက်ကာ စစ်ဗိုလ်ဖြစ်လာသော OTS ကျောင်းဆင်းများစွာ ရှိ နေခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးများထဲတွင်လည်း OTS ကျောင်းဆင်း များစွာရှိခဲ့သည်။
အရပ်ဖက် တက္ကသိုလ်တွင် ကျောင်းတက်ဖူးသူ OTS ကျောင်းဆင်း စစ်ဗိုလ်များသည် အများပြည်သူနှင့် နီးစပ်ပြီး ပြည်သူလူထုကို စည်းရုံးရေး ကောင်းမွန်ခြင်းနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကြောင့် စစ်တပ်တွင် အရေးပါသည့် တိုင်းမှူးများ ခန့်အပ်ရာတွင် OTS ကျောင်းဆင်းများအား မဖြစ်မနေ ထည့်ခန့်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူဝါဒချမှတ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၁ ခုနှစ် တပ်ချုပ်ဖြစ်လာပြီးနောက် ၂၀၁၅ ခုနှစ်အထိ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူများနှင့် ဒု ဗိုလ်ချုပ်ကြီးအများစုတွင် OTS ကျောင်းဆင်းများ ပါဝင်ခဲ့သည်။ ထိုသူများမှာ ဦးသန်းရွှေ တပ်ချုပ်ဖြစ်စဉ်က ခန့်ထားခဲ့သူ အများစု ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်သည့် တိုင်းမှူးများထဲတွင် အလုပ်သင်ကျောင်းဆင်း ဗိုလ်ချုပ်များ တဖြည်းဖြည်းများလာခဲ့သည်။ ထိုကဲ့သို့ ဖြစ်လာရသည့် အကြောင်းရင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် အမြဲတမ်းနုပျိုနေသည့် တပ်မတော် ဖြစ်ရမည် ဆိုသော မူဝါဒကြောင့် OTS များအား ရာထူးပေးရာတွင် ချန်လှပ်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။ OTS ကျောင်းဆင်းများသည် DSA နှင့် အလုပ်သင်ကျောင်းဆင်းများထက် တပ်ရင်းမှူးဖြစ်သည့်အချိန်တွင် အသက် ၂ နှစ်ခန့် ပိုကြီးနေတတ်သည်။
သို့သော် ထိုအချက်မှာ ဆင်ခြေပေးခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ တိုင်းမှူးနှင့် တပ်မမှူးများထဲတွင် အလုပ်သင် ဗိုလ်သင်တန်းကျောင်းဆင်းများ များလာရသည့် အဓိက အကြောင်းအရင်းမှာ တပ်ချုပ်၏ စစ်ဘက်လက်ထောက်ကြောင့် ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။
လက်ရှိ တပ်ချုပ်၏ စစ်ဘက်လက်ထောက် တာဝန်ယူထားသူ ဗိုလ်ချုပ်မိုးမြင့်ဆွေသည် အလုပ်သင်ဗိုလ်တန်း အပတ်စဉ် ၂၃ ကျောင်းဆင်းတဦးဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့တပ်ချုပ်စ ဖြစ်သည့် အချိန်မှစ၍ သူ၏ PSO နှင့် စစ်ဘက်လက်ထောက် တာဝန်ယူခဲ့သူ DSA-36 ကျောင်းဆင်း ဗိုလ်မှူးကြီး လင်းဇော်ထွန်းအား ၂၀၁၅ ခုနှစ်တွင်အနားပေးခဲ့သည်။ ကြံခိုင်ရေးပါတီတွင် CEC ခန့်ခဲ့သည်။
ထို့နောက် အလုပ်သင် ၂၃ ကျောင်းဆင်း ဗိုလ်မှူးကြီးမိုးမြင့်ဆွေအား တပ်ချုပ်၏ စစ်ဖက်လက်ထောက် သို့မဟုတ် “ကိုယ်ရံတော်ကြီး”အဖြစ် ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူတပ်ချုပ်ဖြစ်သည့်အချိန်မှစ၍ သူ၏ လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေအား သူ့အနားခေါ်ထားခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ် မိုးမြင့်ဆွေမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်သာရှိသေးသည်။
တပ်ချုပ်၏ စစ်ဘက်လက်ထောက်သည် တပ်ချုပ်၏ နားမျက်စိ ဖြစ်သည်။ တပ်ချုပ်၏ အထူးယုံကြည်ရသည့် လူယုံဖြစ်ပြီး တပ်ချုပ်အနေဖြင့် သူသိလိုသည်များအား သူ၏ စစ်ဘက်လက်ထောက်ကိုသာ မေးလေ့ရှိသည်။ တပ်ချုပ်အနေဖြင့် နေပြည်တော် စစ်ရုံးချုပ်မှ တခြားဒေသ သို့မဟုတ် ပြည်ပနိုင်ငံများသို့ ခရီးထွက်သည့်အခါ အာဏာမသိမ်းလာစေရေး သူ၏ စစ်ဘက်လက်ထောက်အား စစ်ရုံးချုပ်တွင် ထားလေ့ရှိသည်။
“အခုနောက်ပိုင်း တိုင်းမှူးတွေ တပ်မမှူးတွေ ဗျူဟာမှူးတွေက တပ်ချုပ်နဲ့ကွာလွန်းတယ်။ ၁၅ နှစ် နှစ် ၂၀ လောက် ကွာတဲ့သူတွေဖြစ်လာတော့ သူ သိပ်မသိတော့ဘူး။ ဗိုလ်ချုပ်မိုးမြင့်ဆွေက ကောင်းတယ်ဆို နေရာပေးတော့တာပဲ” ဟု CDM ဗိုလ်မှူးတဦးက ဆိုသည်။
ထို့ကြောင့် ဗိုလ်ချုပ်မိုးမြင့်ဆွေ စစ်ဘက်လက်ထောက်ဖြစ်လာပြီးနောက် အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများ စစ်တပ်ထဲတွင် တပ်မမှူးများ၊ တိုင်းမှူးများ စဖြစ်လာခဲ့သည်။ တပ်မ ၉၉ တပ်မမှူး တာဝန်ယူခဲ့သော ဗိုလ်ချုပ်ခင်လှိုင် (အလုပ်သင်-၁၇) သည် အလုပ်သင် ကျောင်းဆင်း ပထမဆုံး တိုင်းမှူးဖြစ်လာခဲ့သည်။ ထိုမှတဆင့် အာဏာသိမ်းပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ ရောက်ရှိလာခဲ့ပြီး ကစထ (၄) မှူးဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်မိုးမြင့်ဆွေ စစ်ဘက်လက်ထောက်ဖြစ်လာပြီးနောက်ပိုင်း တိုင်းမှူးများထဲတွင် အလုပ် သင်ကျောင်းဆင်း ဗိုလ်များ တဖြည်းဖြည်း များလာခဲ့သည်။ ၂၀၁၈ ခုနှစ်ထိ တိုင်းမှူး ၁၄ ဦးတွင် အလုပ်သင်ကျောင်းဆင်းထဲမှ တိုင်းမှူး တဦးသာရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၆ ဦးထိရှိလာခဲ့သည်။ လက်ရှိအချိန်တွင် စစ်ရေးအရ အလွန် အရေးပါသည့် ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများမှာ အလုပ်သင် ကျောင်းဆင်း ဗိုလ်ချုပ်များ ဖြစ်သည်။
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် တပ်မမှူး ၅ ဦးထဲတွင် အလုပ်သင်ကျောင်းဆင်း ၃ ဦးပါဝင်ပြီး လက်ရှိ တပ်မမှူး၊ ဗျူဟာမှူးနှင့် တပ်ရင်းမှူးများထဲတွင် အလုပ်သင်ကျောင်းဆင်း များစွာရှိနေသည်။
ဒုတိယ အချက်အနေဖြင့် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာထူးခန့်ထားရေး မူဝါဒမရှိဘဲ အစဉ်အလာနှင့် လုပ်ရည်ကိုင်ရည်အား ထည့်မတွက်ဟု လေ့လာသူများက ဆိုသည်။ ထို့ကြောင့်လည်း သူ၏ စစ်ဘက်လက်ထောက်ဖြစ်သူမှ အကြံပြုသည့် အလုပ်သင်ဗိုလ်သင်တန်းဆင်းများ နေရာရလာခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်ဘက်လက်ထောက် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်လေးနေဝင်းသည် လည်း အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၁) ကျောင်းဆင်းတဦးဖြစ်သည်။ သို့သော် ဦးသန်းရွှေသည် မူဝါဒ၊ အစဉ်အလာနှင့် လုပ်ရည်ကိုင်ရည်ကို ကြည့်၍သာ ရာထူးပေးခဲ့သည်။ ထို့ကြောင့် သူ့လက်ထက် တိုင်းမှူး၊ ကစထမှူးများထဲတွင် အလုပ်သင် ကျောင်းဆင်းဗိုလ်များ မရှိခဲ့ပေ။
ထို့အပြင် ဦးသန်းရွှေလက်ထက်တွင် ဒု ဗိုလ်ချုပ်ကြီးအဆင့်များအား တိုင်းမှူးတာဝန် ထမ်းဆောင်ဖူးသူကိုသာ တိုးပေးလေ့ရှိပြီး တိုက်ပွဲအတွေ့အကြုံရှိသည့် တပ်မမှူးတာဝန်ထမ်းဆောင်သူများကိုသာ တိုင်းမှူးပေးလေ့ရှိသည်။ တိုက်ခိုက်ရေးလိုင်းမှ တက်လာသူများကိုသာ တိုင်းမှူးတာဝန်ပေးခဲ့သည်။
တိုက်ခိုက်ရေးလိုင်းမဟုတ်သည့် လက်ရုံးတပ်များမှ ဗိုလ်ချုပ်များအား တိုင်းမှူးရာထူး ပေးလေ့မရှိပေ။ လက်ရုံးတပ်များမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များအား ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ထိ တိုးပေးလေ့မရှိပေ။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီနောက် ထိုကဲ့သို့ မဟုတ်တော့ပေ။ တိုင်းမှူးတာဝန် မထမ်းဆောင်ဖူးသည့် ဗိုလ်ချုပ်များအား ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးကာ အရာရှိချုပ်များ ခန့်အပ်လာခဲ့သည်။
ဥပမာအားဖြင့် တပ်မတော်အင်အားဖြည့်တင်းရေး (ကကအင်) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသက်နောင်အား ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် ရာထိုးတိုးပေးကာ စစ်ဥပဒေချုပ် တာဝန်ပေးခဲ့သည်။ သူသည် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ မဟုတ်ပေ။
ထို့အပြင် လက်ရှိ စစ်ရေးချုပ်တာဝန်ယူထားသော ဗိုလ်မှူးချုပ်ပြည့်စုံ၏ သားမက်ဖြစ်သူ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးမင်းဦးအား ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် တိုးပေးကာ စစ်ရေးချုပ် တာဝန်ပေးခဲ့သည်။ တပ်ချုပ်သား၏ စီးပွါးရေးအား ဆောင်ရွက်ပေးခဲ့သူ တိုင်းမှူးတာဝန်မထမ်းဆောင်ဖူးသည့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်တပ်၏ အဆင့်မြင့်ရာထူးများပေးရာတွင် အရည်အချင်း၊ မူဝါဒနှင့် အသက်ကို မကြည့်တော့ပေ။ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၅ နှစ်ပြည့်ပြီးနောက် အနားယူရမည်ဟု ကကန ကောင်စီမှ အမိန့်ထုတ်ထားသော်လည်း သူနှင့် အဆင်ပြေသော ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးခင်အောင်မြင့်တို့ကိုလည်း ၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် သူ့အပေါ် သစ္စာခံသူများနှင့် သူနှင့် သူ့သားသမီးများ၏ အကျိုးစီးပွါးကို ဆောင်ရွက်ပေးသူများနှင့် သူ၏ စစ်ဘက်လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ဆွေမှ ထောက်ခံပေးသူများအား ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူး ခန့်အပ်လာသည်ဟု တပ်မတော်အရာရှိဟောင်းများစွာက မှတ်ချက်ပေးကြသည်။ သို့ဖြင့် OTS ကျောင်းဆင်း စစ်ဗိုလ်များသည် စစ်တပ်ထိပ်ပိုင်းရာထူးများတွင် တဖြည်းဖြည်းပျောက်ကွယ်လာရတော့သည်။
Leave a Reply