ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသော်လည်း ဒေါ်ရတီအုန်း အပါအဝင် နေအိမ်ရှိ လူများသည် အန္တရာယ်ကို ဂရုမစိုက်နိုင်အား။ ဗိုက်နာနေသည်မှာ ၁၅ နာရီခန့် ရှိပြီဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုသာ စိတ်ပူနေကြပြီး ဒေါ်ရတီအုန်းမှာလည်း ယင်းကိုယ်ဝန်ဆောင် အမြန်ဆုံး မီးဖွားနိုင်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်နေသည်။ သားဖွားဆရာမအဖြစ် ကူညီနေသည့် ဒေါ်ရတီအုန်းအတွက် ယခုအတွေ့အကြုံသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့်လည်း စိုးရိမ်ပူပန်မှုက အပြည့်။

သားဖွားဆရာမဖြစ်သူ မိခင်ထံမှ လက်ဆင့်ကမ်း အတွေ့အကြုံများနှင့် မိတ်ဆွေ သားဖွားမီးယပ်ဆရာဝန်၏ ဖုန်းဖြင့် အကြံပေးမှုများအတိုင်း ဒေါ်ရတီအုန်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ နှစ်နာရီခန့်အကြာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့သည်။ သို့သော်လည်း ယင်းအချိန်က ဖြစ်ခဲ့သည့် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုကို သူ မမေ့။ လက်နက်ကြီး ပစ်ခတ်သံများကြား ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရသည့် ကလေး၏ဖခင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ဒုတပ်ခွဲမှူးတဦးဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ပွဲတခု၌ ကျဆုံးခဲ့သည်။

“ကလေးမြို့တောင်ဘက်မှာ နွေဦးတော်လှန်ရေးအစ အစောဆုံးတိုက်ပွဲ စဖြစ်တဲ့အချိန်ပေါ့။ အဲ့ဒီနေရာရောက်ဖို့ကိုလည်း ရေတတန်၊ ထော်လာဂျီတတန်နဲ့ ခက်ခက်ခဲခဲ သွားခဲ့ရတယ်။ အဲဒီမှာမွေးတော့ လက်နက်ကြီးတွေကထု၊ ပစ်ခတ်ကြတဲ့အချိန် လမ်းထောင့်တွေအကုန်လုံးမှာ ကင်းတွေချပြီးတော့ မီးဖွားပေးခဲ့ရတာ” ဟု လွန်ခဲ့သည့်သုံးနှစ်က ပထမဆုံးအကြိမ် မီးဖွားပေးခဲ့ရသည့် ဖြစ်စဉ်ကို ဒေါ်ရတီအုန်းက ပြန်လည်ပြောပြသည်။

ဒေါ်ရတီအုန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူးတဦးဖြစ်ပြီး သူနေ့စဉ်ထိတွေ့ ကိုင်တွယ်ရသည်မှာလည်း စက်မှုပစ္စည်းများပင် ဖြစ်သည်။ အသက် ၄၀ ကျော်အရွယ် အင်ဂျင်နီယာဆရာမတဦးအတွက် သားဖွားဆရာမ အလုပ်သည် မည်သို့မျှ ဆက်စပ်ပတ်သက်ခြင်း မရှိခဲ့။ သို့သော် စပ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှစ၍ ဒေါ်ရတီအုန်းသည် အင်ဂျင်နီယာဆရာမ ဘဝမှသည် တော်လှန်ရေး ဆေးတပ်သားအဖြစ် သူ့ဘဝကို ရဲရဲကြီး ကွေ့ချခဲ့သူဖြစ်သည်။

တော်လှန်ရေးခရီးအစ

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ကလေးနယ် တောင်ပိုင်းတခွင် မဲစာရင်းစိစစ်ရေး လုပ်အားပေးအဖြစ် လုပ်ဆောင်ခဲ့သည့် ဒေါ်ရတီအုန်းသည် အာဏာသိမ်းစစ်တပ်၏ မဲမသမာမှုစွပ်စွဲချက်ကို လုံးဝလက်မခံ။ ထို့ပြင် သူသည် ကလေးမြို့နယ်၊ ထိုမာကျေးရွာအုပ်စု မဲစိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး ကြိုတင်မဲပေးသည့်နေ့တွင်လည်း မဲရေတွက်မှုကို စနစ်တကျ စောင့်ကြည့်မှတ်တမ်းယူခဲ့သည်။

“အဲ့ဒါကြောင့်မို့ သူတို့ (စစ်တပ်) က မဲလိမ်လို့ အာဏာသိမ်းရပါတယ်ဆိုတာ ကျမတို့က လုံးဝလက်မခံဘူး”ဟု ဒေါ်ရတီအုန်းက ပြောသည်။

၂၀၁၅-၂၀၂၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုးတက်ပြောင်းလဲမှုများ ကြုံတွေ့ခဲ့သဖြင့် ပြည်သူတဦးအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို သူမျှော်လင့်ချက်ကြီးခဲ့သည်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးများထိုးရန် ပြင်ဆင်နေချိန် ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရသစ်နှင့်အတူ ပိုကောင်းသည့်အနာဂတ်အတွက် အလုပ်များ ကြိုးစားလုပ်ဆောင်ရန် ရည်မှန်းထားချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ ဒေါ်ရတီအုန်းသည် အာဏာသိမ်းပြီးနောက်တရက် (ဖေဖော်ဝါရီ ၂ ရက်) မှစ၍ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည်။

“ကိုယ်ရွေးချယ်ခဲ့တဲ့ အစိုးရကလွဲလို့ ဘယ်အစိုးရ အုပ်ချုပ်တာကိုမှ မလိုချင်ဘူး။ အဲ့ဒါကြောင့်ပဲ တော်လှန်ရေးထဲကို ပါဝင်လာတာ” ဟု လက်ရှိ တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါ်ရတီအုန်းက ပြောသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ညတွင် ဝန်ထမ်းအိမ်ရာမှ ထွက်ခွာလာခဲ့ပြီးနောက် အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် CDM ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများဖြင့် ရွေ့လျားဆေးအဖွဲ့ (Mobile Medical Team – MMT) ကို ဖွဲ့စည်းခဲ့သည်။ ဒေါ်ရတီအုန်း ခေါင်းဆောင်သည့် အဆိုပါဆေးအဖွဲ့သည် ကလေးမြို့၊ တာဟန်းခံတပ်တွင် အထိုင်ချခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဒဏ်ရာရသူများအား ကုသပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် စစ်တပ်က တာဟန်းခံတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွဲခဲ့ရာ ပြည်သူ ၁၂ ဦး သေဆုံးခဲ့သည်။

“အဲဒီအချိန်တုန်းက ကျမတို့မှာ လက်နက်ဆိုလို့ ဘာမှမရှိပါဘူး။ ဒါပေမယ့် အဲဒီလို ကြုံလိုက်ရချိန်မှာ အတွေးတခုတော့ ဝင်လာတယ်။ ကိုက်မလို့ ပြေးလာတဲ့ခွေးကို နှုတ်သီးတော့ ဖြတ်ကန်မှ ဖြစ်တော့မယ်လို့” ဟု ဒေါ်ရတီအုန်းက ပြောသည်။

ထို့နောက် ဒေါ်ရတီအုန်းနှင့်အတူ ဆန္ဒပြအဖွဲ့ဝင်များသည် ကလေးမြို့ကို စွန့်ခွာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် ချိတ်ဆက်ကာ စစ်သင်တန်းများ တက်ရောက်ခဲ့ကြသည်။ သင်တန်းပြီးသောအခါ ဒေါ်ရတီအုန်းသည် လက်နက်ကိုင် တိုက်ခိုက်ခြင်းထက် မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဘက်ကို အားစိုက်လုပ်ရန် ရွေးချယ်ခဲ့သည်။

နွေဦးတော်လှန်ရေး အစကတည်းက အမာခံ တော်လှန်ရေးနယ်မြေတခု ဖြစ်ခဲ့ပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် အကြမ်းဖက် စီးနင်းသတ်ဖြတ်မှုများကို ရင်ဆိုင်နေရသော စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

“တော်လှန်ရေးမှာ လက်နက်ကိုင် တိုက်နေတဲ့အပြင် ပညာရေးဘက်က၊ ကျန်းမာရေးဘက်က၊ အုပ်ချုပ်ရေးဘက်က၊ ပြိုင်တူ တက်လာနိုင်မှသာလျှင် အစိုးရတရပ် ပီပီပြင်ပြင် ဖြစ်လာမယ်။ နိုင်ငံရယ်လို့ ရပ်တည်လို့ ရလာနိုင်မယ်။ ကျန်းမာရေးကိစ္စကလည်းနောက်ကို ရွှေ့သွားလို့မရဘူးလေ”ဟု ကျန်းမာရေးကဏ္ဍတွင် ပါဝင်လှုပ်ရှားဖြစ်သည့်အကြောင်းရင်းကို ဒေါ်ရတီအုန်းက ရှင်းပြသည်။

အင်ဂျင်နီယာ ဆရာမမှ သားဖွားဆရာမ အဖြစ်သို့

‌ဒေါ်ရတီအုန်း ဦးဆောင်သည့် ရွေ့လျားဆေးအဖွဲ့တွင် အဖွဲ့ဝင် ၅၀ ခန့်ရှိပြီး လက်ရှိတွင် စစ်ရှောင်ပြည်သူများကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ်တွင် ကလေးမြို့နယ်အတွင်း ကုသရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာမှ လက်ရှိတွင် မင်းကင်း၊ ကလေးဝနှင့် တမူးမြို့နယ်များတွင်ပါ တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိသည်။

ယင်းသို့လုပ်ဆောင်ရာတွင် CDM ဆရာဝန်များ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပြီး ဆေးဝါးဆိုင်ရာ သင်တန်းများလည်း တက်ရောက်ရသည်ဟု သူကဆိုသည်။‌

“အွန်လိုင်းကနေတဆင့်လည်း ကျမတို့ တောက်လျှောက် သင်တန်းတွေ တက်ရပါတယ်။ တက်ပြီးတော့ လေ့လာမှုလည်း စဉ်ဆက်မပြတ်လုပ်တယ်။ နောက် တခုခုထူးခြားတဲ့ ဖြစ်စဉ်မျိုး၊ ကျမတို့ တတ်ကျွမ်းတဲ့ နယ်ပယ်တွေထက် လွန်လာခဲ့တယ်ဆိုရင် အဲဒီဆရာဝန်တွေရှိရာကိုပဲ ပို့ဆောင်ပေးတယ်။ သူတို့မှာ ခရီးစရိတ် မရှိဘူးဆို ခရီးစရိတ်၊ ဆေးကုသစရိတ် မရှိဘူးဆိုရင် ဆေးကုသစရိတ်၊ ကားမရှိဘူးဆိုရင် ကား အဲဒီလို လုပ်ပေးပါတယ်” ဟု ဒေါ်ရတီအုန်းက ရှင်းပြသည်။

၄င်းအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ငါးနှစ်အောက် ကလေးငယ်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး စစ်ဘေးရှောင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဇနီးများကိုလည်း မီးဖွားပေးနေသည်။

“ကျမက အင်ဂျင်နီယာ ဆိုပေမယ့် ကျမရဲ့မိခင်က ဘက်စုံကျန်းမာရေးနဲ့ သားဖွားဆရာမ အနီဝတ်ပေါ့။ အဲဒီတော့ ကျမ ငယ်စဉ်ကတည်းက မေမေ့ဆီကမှ သင်ဆရာ မြင်ဆရာပေါ့။ မီးဖွားတဲ့ အတွေ့အကြုံက နားရည်ဝနေတာမို့လို့ ခုချိန်မှာ ထပ်မံလေ့လာပြီးတော့မှ ကိုယ်ဝန်ဆောင်မိခင်တွေကို စောင့်ရှောက်မှုပေးနေတာ” ဟု ဒေါ်ရတီအုန်းက ပြောသည်။

တော်လှန်ရေးကာလအတွင်း သားဖွားဆရာမ အနေဖြင့် အရေးပေါ်အခြေအနေများလည်း ကြုံတွေ့ခဲ့ရသည်။

“တခါတုန်းကဆို ကလေးက အချင်းကပ်နေတာ။ ကလေးအပြင်ကို ရောက်လာတာက ည ၉ နာရီလောက်က၊ ဒါပေမယ့် အချင်းက ကျ မလာတော့ ပြာယာတွေခတ်ပြီး ဖုန်းလိုင်းကလည်း ပျောက်နေတော့ ဖုန်းရတဲ့နေရာကို ၁၀ မိနစ်လောက် အပြေးအလွှား ဆိုင်ကယ်နဲ့ပြေး၊ ဆရာဝန်တွေဆီ လှမ်းပြီး ချိတ်ဆက်တော့မှ သူတို့က ဖုန်းထဲကနေ ညွှန်ကြားတဲ့အတိုင်း လိုက်ဆောင်ရွက်ခဲ့တာ။ ည ၁၂ နာရီကျော်ကျော်လေးကျမှ အချင်းက ကျလာတယ်” ဟု အတွေ့အကြုံတခုကို ပြန်ပြောင်းပြောသည်။

ယင်းသို့အရေးပေါ်အခြေအများကို ကျော်ဖြတ်ရင်းပင် လက်ရှိအချိန်အထိ ကလေး ၂၅ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့လေပြီ။

ဒေါ်ရတီအုန်း၏ ရွေ့လျားဆေးအဖွဲ့သည် ပြည်တွင်းပြည်ပ အလှူရှင်များ ပံ့ပိုးမှုဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပြီး အဓိကအခက်အခဲမှာ ဆေးဝါးရရှိရေးပင် ဖြစ်သည်။ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကဲ့သို့သော တော်လှန်ရေး အမာခံနယ်မြေများသို့ ဆေးဝါးသယ်ဆောင်မှု လမ်းကြောင်းများကို ကန့်သတ်ထားသောကြောင့်ပင်။

“ဒါပေမယ့် ကျမတို့က မြေကြီးရှိတယ်၊ ခြေထောက်သာရှိတယ်ဆိုရင် ဘယ်လိုပဲ ပိတ်ထားထား မရ ရအောင် ဆေးဝါးတွေကို နည်းမျိုးစုံနဲ့ သယ်ပါတယ်” ဟု ဒေါ်ရတီအုန်းက ဆိုသည်။

Mobile Medical Team သည် ကျန်းမာရေး စောင့်ရှောက်မှုသာမက စစ်ရှောင်ပြည်သူများအား ဂဟေဆက်သင်တန်း၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ခြင်းသင်တန်း၊ စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ အခြေခံ အိမ်သုံးဆေးဝါးသင်တန်း၊ ခြင်းယက်လုပ် သင်တန်း၊ အစားအသောက် ချက်ပြုတ်ခြင်းသင်တန်း စသည့် သက်မွေးဝမ်းကြောင်း သင်တန်းများကိုပါ ပို့ချပေးနေသည်။

ယင်းသို့ လူထုအခြေပြုလုပ်ငန်းများ လုပ်ဆောင်နေရင်း လက်နက်ကိုင် တိုက်ပွဲများတွင်လည်း ရှေ့တန်းအထိ သွားရောက်ကာ ဆေးဘက်ဆိုင်ရာ အကူအညီများ လုပ်ဆောင်ပေးလျက်ရှိသည်။

“အမြဲ ထောက်ပို့ရှိတယ်။ သူတို့မြေပြင်မှာ တိုက်ပွဲဖြစ်တဲ့အခါတိုင်း ကျမတို့က ဆေးအဖွဲ့အနေနဲ့ အမြဲတမ်းလိုက်ဖြစ်တယ်” ဟု ဒေါ်ရတီအုန်းက ပြောသည်။

‌ရှေ့တန်းရောက် ဆေးတပ်သား

ပထမဆုံးအကြိမ် ဆေးတပ်သားအဖြစ် ရှေ့တန်းသွားရောက်ခဲ့စဉ်က ကြောက်လန့်သည့်စိတ် ဖြစ်ခဲ့သော်လည်း တိုက်ပွဲဝင်လူငယ်များ ထိခိုက်ဒဏ်ရာရသည်ကို မြင်သည့်အခါ အဆိုပါ ကြောက်စိတ်များ ပျောက်ကွယ်ခဲ့သည်ဟု သူကဆိုသည်။

“အရင်တုန်းက မရှိခဲ့ဖူးတဲ့ စိတ်ဓာတ်အင်အားတွေတောင် ရှိလာသလိုပဲ။ သူတို့ ခန္ဓာကိုယ် အလေးကြီးတွေကို ဆွဲဟယ်၊ မဟယ်နဲ့ဆိုတော့ ကြောက်လန့်တယ်ဆိုတာ မရှိတော့ဘူး” ဟု ရှေ့တန်းရောက် ဆေးတပ်သားတဦး၏ ခံစားချက်ကို သူက ဖွင့်ဟသည်။

ကလေးနယ်တောင်ပိုင်း တိုက်ပွဲတခုတွင် ဒဏ်ရာရရဲဘော်ကို တက်ဆွဲသည့်အခါ စစ်ကောင်စီတပ်သားနှင့် ထိပ်တိုက်တိုးခဲ့သော်လည်း ကံကောင်းသဖြင့် သူအပစ်မခံခဲ့ရ။ ကိုယ်တိုင်သေဘေးမှ လွတ်ခဲ့သော်လည်း သူ၏ တပည့်များ၊ ဆန္ဒပြရဲဘော်ရဲဘက်များကိုမူ တော်လှန်ရေးအတွင်း ဆုံးရှုံးခဲ့ရသည်။

သူ၏ ရဲဘော်ရဲဘက်တဦးဖြစ်ပြီး ယခုနှစ် မေလအတွင်း ကျဆုံးခဲ့သည့် ကလေး PDF ဒု တပ်ရင်းမှူး ကိုဒီမိုအကြောင်း ပြောရာတွင်မူ သူ မျက်ရည်ကျခဲ့သည်။ ကိုဒီမိုသည် တာဟန်း သပိတ်ခေါင်းဆောင်အဖြစ် ထင်ရှားပြီး ၂၀၂၁ ခုနှစ်အတွင်း တာဟန်းခံတပ်တွင် ဆန္ဒပြကြစဉ်ကလည်း ဒေါ်ရတီအုန်းကို မိခင်ကဲ့သို့ စောင့်ရှောက်ခဲ့သူလည်း ဖြစ်သည်။

“အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်သွားတဲ့အခါမှာ ကျမက ဘာကို ဆုံးဖြတ်လဲဆိုတော့ သူတို့ ထမ်းလက်စအထုပ် (စစ်အာဏာရှင်ချုပ်ငြိမ်းရေး) တွေ မချချင်ဘဲနဲ့ ချန်ထားခဲ့ရတယ်။ အဲ့ဒါတွေကို ကျမတို့ပခုံးပေါ် ဆက်ထမ်းမယ်” ဟု ဒေါ်ရတီအုန်းက ငိုရှိုက်ရင်းပြောသည်။

တော်လှန်ရေးမျှော်မှန်းချက်

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။ တောထဲတွင် အနေအထိုင်၊ အစားအသောက် အခက်အခဲများ ရှိခဲ့သော်လည်း ကိုယ်တိုင်ရွေးချယ်ခဲ့သည့် လမ်းဖြစ်၍ ပင်ပန်းသည်ဟု မခံစားရကြောင်း သူက ပြတ်ပြတ်သားသား ဆိုသည်။

“ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ခွင့်ရတယ်ဆိုတာ ထူးခြားတဲ့အခွင့်အရေးပဲ” ဟု ပြောသည့် သူ့အသံသည် ယုံကြည်ချက်အပြည့်။

ဒေါ်ရတီအုန်းသည် ထူးခြားသည့် အမျိုးသမီးတဦးဖြစ်ပြီး လူထုအခြေပြု လုပ်ငန်းများနှင့်အတူ မြေပြင်တိုက်ပွဲများတွင်ပါ ဆေးတပ်သားအဖြစ် ပါဝင်လှုပ်ရှားနေသူဖြစ်ကြောင်း တမူးဒေသ ထောက်ပံ့ရေးစင်တာမှ မချစ်မြတ်နိုးက ပြောသည်။

ခမ်းပါတ်မြို့တိုက်ပွဲတွင် ဒေါ်ရတီအုန်းနှင့် ဆေးအဖွဲ့သည် ရှေ့တန်းအထိ လာရောက်ကာ ဒဏ်ရာရရဲဘော်များကို သယ်ဆောင်၍ ကုသရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သူကပြောသည်။

“တီချယ်က မြေပြင်မှာ ရဲဘော်တွေ၊ ပြည်သူတွေနဲ့ တန်းတူ တကယ့်ကို အလုပ်လုပ်နေတဲ့၊ လေးစားအားကျဖို့ကောင်းတဲ့ အမျိုးသမီးပါ” ဟု မချစ်မြတ်နိုးက ပြောသည်။

ဒေါ်ရတီအုန်းသည် စာအသင်အပြကောင်းသူဖြစ်ပြီး စာသင်ရာတွင်လည်း စေတနာပါသည့် ဆရာမတဦးဖြစ်ကြောင်း တပည့်ဟောင်းတဦးဖြစ်သည့် မဖြူက ပြောသည်။

တည်ငြိမ်သောဘဝနှင့် ရာထူးကိုစွန့်ကာ ခယောင်းလမ်းကို ရွေးချယ်ခဲ့သည့် ဒေါ်ရတီအုန်းသည် သူ၏ရွေးချယ်မှုအတွက် နောင်တမရသလို တော်လှန်ရေးအတွက် အသက်ပေးရန်ပင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ပြောသည်။

“အသက်တောင် စွန့်နိုင်ပြီဆိုမှတော့ ကျန်တာတွေထည့်ကို မစဉ်းစားတော့ဘူး” ဟု သူက ခပ်ပြတ်ပြတ်ပြောသည်။

စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်းတွင် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်နေသည့် ဒေါ်ရတီအုန်းသည် သူ၏ တော်လှန်ရေး လှုပ်ရှားမှုများနှင့်အတူ စစ်တပ်ကို စိန်ခေါ်သော စကားများကိုလည်း လူမှုကွန်ရက်တွင် တွဲတင်လေ့ရှိသူ ဖြစ်သည်။

တော်လှန်ရေး မအောင်မချင်း၊ အာဏာရှင်စနစ် မပြုတ်မချင်း ရှေ့ဆက်သွားနေမည့် တော်လှန်ဆရာမ ဒေါ်ရတီအုန်းက စစ်ကောင်စီကို အောက်ပါအတိုင်း သတင်းစကားပါးလိုက်သည်။

“မင်းတို့လည်း လုပ်ချင်တာလုပ်၊ ငါတို့လည်း နောက်မဆုတ်ဘူး”


Comments

Leave a Reply

Your email address will not be published. Required fields are marked *