ရှမ်း-မန်း စစ်ဆင်ရေး အတွင်းက အညာသား တော်လှန်ရေး ရဲဘော်တွေ

အညာဒေသ ရွှေဘိုခရိုင် PDF တပ်ရင်း – ၂၆ က ရဲဘော်‌ ‌ကျော်လှိုင်မင်း တစ်ယောက် စစ်ရေး အတွေ့အကြုံ ရဖို့နဲ့ လက်နက် ရရှိဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ရှိရာ ရှမ်းမြောက်ဒေသကို တပ်ရင်းက ရဲဘော်ရဲဘက် ၁၀၀ ကျော်နဲ့ အတူ အခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ခွာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ရဲဘော်ကျော်လှိုင်မင်းဟာ လေးနှစ်အရွယ် သားတစ်ဦး၊ ချစ်ရတဲ့ ဇနီးသည်နဲ့ အတူ ပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရေး လက်နက်ကိုင် တော်လှန်ဖို့ ရွေးချယ်ခဲ့ပြီးနောက် လိုအပ်တဲ့ စစ်ရေး အတွေ့အကြုံနဲ့ လက်နက် ရရှိဖို့အတွက် အခုလို ရှမ်းမြောက် ဒေသဆီ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

“သူကတော့ သင်တန်းဆင်းပြီး၊ တိုက်ပွဲ အတွေ့အကြုံရပြီး အလွန်ဆုံးကြာ ရှစ်လပေါ့။ အဲလိုမျိုး ပြောသွားတာ။ ရှစ်လပြီးလို့ ပြန်လာရင် ယူနီဖောင်းနဲ့ သေနတ်ထမ်းပြီး ပြန်လာရင် မင်းတို့ သားအမိ ရွာထိပ်ကနေ ကြိုနေပါ ပြောသွားတာ”

စစ်ရေး အတွေ့အကြုံနဲ့ လက်နက်အင်အား ရရှိဖို့အတွက် ရှမ်းမြောက်ဒေသဆီ စစ်ရေးခရီး မထွက်ခွာမီ တော်လှန်ရေး ရဲ‌ဘော် ကျော်လှိုင်မင်းက မိသားစုကို ပြောခဲ့တဲ့ စကားကို ဇနီးဖြစ်သူ မသက်သက်လှိုင်က ပြန်ပြောပြတာ ဖြစ်ပါတယ်။

စစ်ရေးအတွေ့အကြုံနဲ့ လက်နက်အင်အားအတွက် ဖေဖေါ်ဝါရီလအတွင်းက ရှမ်းမြောက်ဒေသဆီ သွားရောက်ပူး ပေါင်းခဲ့တဲ့ ရဲဘော်ကျော်လှိုင်မင်းနဲ့ ရွှေဘိုခရိုင် တပ်ရင်း -၂၆က ရဲဘော်တွေရဲ့ စစ်ရေး ခရီးကာလဟာ အခု အောက်တိုဘာလ ဆိုရင် ရှစ်လ ရှိခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ထောင်ဦးစီး၊ လင်ယောင်္ကျား၊ တော်လှန်ရေး ရဲဘော် ကျော်လှိုင်မင်း ပြန်လာမယ့်အချိန်ကို မျှော်ရင်း စောင့်နေခဲ့တဲ့ ဇနီးသည် မသက်သက်လှိုင်ဆီကိုတော့ ယူနီဖောင်းဝတ် သေနတ်ထမ်းလာတဲ့ ရဲဘော် ကျော်လှိုင်မင်း အစား ‌သတင်းဆိုးတစ်ခုသာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ရဲဘော်ကျော် လှိုင်မင်းတစ်ယောက် ရှမ်း-မန်း စစ်ဆင်ရေး ဖြစ်တဲ့ မန္တလေးမြောက်ခြမ်း မတ္တရာမြို့နယ် အင်ကြင်းမြိုင်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတယ် ဆိုတဲ့ သတင်းပါပဲ။

“နောက်ဆုံး ဖုန်းဆက်ရတုန်းက သူ့သားကို သူမှာတာပဲ။ ကျောင်းလိုက် (ကျောင်းတက်) တော့နော် (ဆိုပြီး)။ မကျခင် ရှစ်ရက်လောက်က မှာသွားတာ။ သူ့သားကို လွမ်းတဲ့အကြောင်းတွေ ပြောသွားတာ။ ပြီးတော့မှာ၊ ငါတို့လည်း ပြန်လာတော့မှာလို့ ပြောတာ” လို့ ရဲဘော်ကျော်လှိုင်မင်း မကျဆုံးခင် နောက်ဆုံးအကြိမ် ဖုန်း အဆက်အသွယ် ရခဲ့တုန်းက အကြောင်းကို မသက်သက်လှိုင်က ရှိုက်ငိုရင်း ပြန်ပြောပြပါတယ်။

ရဲဘော်ကျော်လှိုင်မင်းလိုပဲ လက်နက်နဲ့ စစ်ရေးအတွေ့အကြုံ ရရှိဖို့အတွက် ရှမ်းမြောက်ဒေသကို သွားရောက်ကာ တိုက်ပွဲဝင်တဲ့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ က ရဲဘော်တွေအနက် ကျဆုံးသူ ကိုးဦး အထိ ရှိခဲ့ပြီလို့ အဲ့ဒီ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က တကျော့ပြန် စတင်ခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဗဟိုချက်မဆီမှာ ထူးခြားတဲ့ စစ်ဆင်ရေးတစ်ခု ပေါ်ပေါက် ခဲ့ပါတယ်။ အဲ ဒါကတော့ အများသိပြီးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးပါပဲ။

ရှမ်း-မန်း စစ်ဆင်ရေးဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – မန္တလေး ( MDY-PDF) အပါအဝင် အညာဒေသ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းက PDF တပ်ရင်းတွေက အညာသား တော်လှန်‌ရေး ရဲဘော်တွေ ပူးပေါင်းပါဝင် ဆင်နွှဲနေကြပါတယ်။

ရှမ်း-မန်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က အဓိက ဦးဆောင်ပြီး စစ်ဆင်ရေး နယ်မြေဟာ ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်း မြောက်ပိုင်းက ဒေသတွေဖြစ်ကာ ဇွန်လကုန်ပိုင်းက စတင်တဲ့ စစ်ဆင်ရေးကာလ လေးလကျော်အတွင်း မန္တလေးတိုင်းအတွင်းက စဉ့်ကူးမြို့၊ မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့တွေကို သိမ်းပိုက် ရရှိထားပြီး ဖြစ်ပါတယ်။

အဲ့ဒီ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)နဲ့ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက PDF တပ်ရင်းတွေနဲ့ ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG က သတင်း ထုတ်ပြန် ထားပါတယ်။

“၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် က စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း၌ စုဖွဲ့ထားသော ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျက်ရှိသည်။ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိသော ဗျုဟာ နှင့် တပ်ရင်းများမှာ ဗျုဟာ (၅၂) – ရွှေဘိုခရိုင် တပ်ရင်း ၇ ၊ – ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ – ရွှေဘိုခရိုင် တပ်ရင်း ၁၆ ၊ ဗျူဟာ (၅၅) – ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ – ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ – ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၊ – ရွှေဘိုခရိုင် တပ်ရင်း ၂၆ နှင့် – ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ ဖြစ်သည်” လို့ MOD က ဖော်ပြပါတယ်။

ဒါ့အပြင် ဒေသခံ PDF တပ်ရင်းနဲ့ ပကဖ တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ နှင့် သက်ဆိုင်ရာ ပကဖအဖွဲ့ တို့လည်း ပါဝင် တိုက်ခိုက်လျက် ရှိကာ စစ်ရေးအောင်ပွဲများ ရရှိနေကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MOD က ဇူလိုင်လ ၉ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်း-မန်း စစ်ဆင်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်နေတဲ့ အညာဒေသ တော်လှန်ရေး တပ်ဖွဲ့တွေထဲ ရွှေဘိုခရိုင်တစ်ခုတည်းကကိုပဲ PDF တပ်ရင်း ၁၀ ရင်းအထိ ပါဝင်တိုက်ခိုက်နေတာပါ။

အညာဒေသ တော်လှန်ရေး တပ်ရင်းတွေရဲ့ နဂိုမူလ ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်းမှာ တော်လှန်‌ရေးရဲဘော် ၂၀၀ ကျော် ရှိတာမို့ ရှမ်း-မန်း စစ်ဆင်ရေးမှာ အညာသား တော်လှန်ရေး ရဲဘော်တွေ ပူးပေါင်းပါဝင်မှု အင်အားက နည်းနည်းနောနော မဟုတ်ဘဲ ထောင်နဲ့ချီတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် NUG ရဲ့ သတင်းထုတ်ပြန်မှု အချက်အလက်ထဲမှာ မပါဝင်သလို တပ်ရင်းအနေနဲ့ မဟုတ်ဘဲ ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေ ဆီမှာ ပူးပေါင်း ပါဝင်ပြီး တိုက်ပွဲဝင်နေတဲ့ အညာသား တော်လှန်ရေး ရဲဘော်တွေ အများအပြားရှိနေပါတယ်။

“(အဓိက, ကတော့) တိုက်ပွဲ အတွေ့အကြုံနဲ့ လက်နက်ရဖို့ပဲ” လို့ အညာဒေသ တော်လှန်ရေး တပ်ရင်းတွေ အခုလို စစ်ရေး ပူးပေါင်းနေရတဲ့ အကျိုးအကြောင်းရဲ့ အန္တိမ ရည်မှန်းချက်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်တပ်ရင်းတစ်ခုရဲ့ တပ် ရင်းမှူး တစ်ဦးက ပြောပါတယ်။

အဲဒီလို လက်နက်ရဖို့နဲ့ စစ်ရေးအတွေ့အကြုံ ရဖို့ဆိုတဲ့ အန္တိမ မျှော်မှန်းချက်နဲ့အတူ စစ်ရေးဆင်နွှဲနေတဲ့ အညာသား တော်လှန်ရေး ရဲဘော်တွေထဲမှာ ရဲဘော် ကျော်လှိုင်မင်းလည်း တစ်ဦး အပါအဝင် ဖြစ်ပြီး သူမျှော်လင့်ရည်မှန်းတဲ့ စစ်ရေး အတွေ့အကြုံနဲ့ လက်နက်အင်အားကို အပြည့်အဝ မပိုင်ဆိုင်နိုင်ခင်မှာပဲ တော်လှန်ရေးအတွက် အသက်ခန္ဓာ ပေးဆပ်ခဲ့ရတာလို့ အညာဒေသ တော်လှန်ရေး တပ်ရင်း အစုအဖွဲ့တွေက ပြောပါတယ်။

အညာဒေသ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေရဲ့ ရည်ရွယ်ရင်းဖြစ်တဲ့ စစ်ရေး အတွေ့အကြုံနဲ့ လက်နက် အင်အား မရရှိခင်မှာပဲ ပေးဆပ်ကျဆုံးခဲ့ရတဲ့ အညာသား တော်လှန်ရေး ရဲဘော် အရေအတွက်က ခရိုင်တပ်ရင်း အလိုက် အသီးသီး စုပေါင်းလိုက်ရင် ရာဂဏန်း နီးပါးမျှ ရှိပြီလို့ ဆိုပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၀ ရင်းမှာတင်ပဲ တိုက်ပွဲကျတဲ့ အညာသား တော်လှန်ရေး ရဲဘော် ၅၀ ကျော်ပြီလို့ ရှမ်းမန်း စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက အညာဒေသဟာ စစ်အုပ်စုအတွက် အင်အားဖြည့်တင်းရာ လူအရင်းအမြစ် ထွက်ရှိတဲ့ဒေသ ဖြစ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခုခံစစ် လက်နက်ကိုင် တော်လှန်ရေး စတင်ချိန် မှာတော့ အညာဒေသဟာ နွေဦးတော်လှန်ရေး လက်နက်ကိုင် ခုခံစစ်အတွက် လူသား အရင်းအမြစ် အများဆုံး ပါဝင်တဲ့ နေရာဒေသ ဖြစ်လာခဲ့ပါတယ်။

လက်ရှိ နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကြည့်ရင်လည်း အညာသား တော်လှန်ရေးရဲဘော်တွေ ရွပ်ရွပ်ချွံချွံ ပါဝင် တိုက်ပွဲ ဆင်နွှဲနေတာကို တွေ့ရမှာ ဖြစ်သလို နွေဦးတော်လှန်ရေးကာလ တပ်ရင်း၊ တပ်ဖွဲ့တိုင်း အညာသား တော်လှန်ရေး ရဲဘော် မပါတဲ့ တပ်ရင်း၊ တပ်ဖွဲ့ မရှိသလောက် နည်းပါးပါတယ်။ တိုင်းနိုင်ငံအနှံ့ စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေရဲ့ အောင်မြင်မှုမှာ အညာသား တော်လှန်ရေး ရဲဘော်တွေရဲ့ အသက် သွေးချွေးတွေ ပါဝင်နေပါတယ်။

ယင်းမာပင်ခရိုင်အတွင်းက ဗျူဟာတပ်ရင်း တစ်ခုဆိုရင် ကိုးကန့်တပ်မတော် – MNDAA နဲ့အတူ ပူးပေါင်း တိုက်ပွဲ ဝင်နေတဲ့ ရဲဘော် ၁၀၀ ကျော်ရှိတယ်လို့ အဲ့ဒီ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းမြောက်ခြမ်းက လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်း အစရှိတဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေမှာ အညာသား တော်လှန်ရေး ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အညာသား ရဲဘော်တွေဟာ တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုတွေ ပြင်းထန်ပေမဲ့ စစ်ရေး အတွေ့ အကြုံပိုင်းနဲ့ လက်နက်ခဲယမ်းပိုင်းတွေမှာ အားနည်းမှုတွေ များစွာ ရှိနေခဲ့ပြီး အဲဒါတွေ ပြည့်စုံ ရရှိနိုင်ဖို့ စစ်ဆင်ရေးတွေမှာ အသက်ပေးပြီး ပူးပေါင်း ပါဝင်နေကြတာလို့ အညာသား တော်လှန်ရေး ရဲဘော်တွေ အကြောင်း မေးမြန်းခဲ့တဲ့ စစ်ရေး သတင်းရင်းမြစ် အများစုက ထောက်ပြပြောဆိုပါတယ်။

“ERO (Ethnic Revolution Organization – တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း) တွေက သင်ပေးတဲ့ သင်တန်းဆင်းတွေ ဖြစ်ပြီးတော့ ဒီလိုမျိုး တိုက်ပွဲလည်း တကယ်လုပ်ရတဲ့ အတွေ့အကြုံတွေ ရပြီ ဆိုလို့ရှိရင် ကျနော်တို့ အညာကို ကောင်းကောင်းမွန်မွန် (စစ်ရေးစစ်ရာ) ကစားလို့ ရသွားပြီ” လို့ ရွှေဘိုခရိုင်တပ်ရင်း တစ်ခုရဲ့ တပ်ရင်းမှူး တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲအတွေ့အကြုံနဲ့ လက်နက်ပြည့်စုံလာတဲ့အခါ မူရင်း အညာဒေသက တိုက်ပွဲတွေကို ဦးဆောင်နိုင်ပြီး စစ်ကြောင်းတွေ ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရိုင်တပ်ရင်းက ရဲဘော်တွေကို ရှမ်းမြောက်စစ်ရေး ဧရိယာကို ပို့လွှတ်နေရတာ ဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ခရိုင်တပ်ရင်းတစ်ခုရဲ့ တပ်ရင်းမှူးတစ်ဦးကလည်း ပြောပါတယ်။

“ကျနော်တို့ ရဲဘော်တွေ တိုက်ရည်၊ ခိုက်ရည် မြင့်အောင်ရယ်၊ အတွေ့အကြုံရယ်၊ ပြီးတော့ ဒီနယ်မှာ ပြန်လာလို့ရင်လည်း ဒီနယ်မှာ သူတို့ ဦးဆောင်ပြီးတော့ စစ်ကြောင်းတွေ ဘာတွေ ဖော်ဆောင်နိုင်အောင် ဆိုပြီးတော့ အဓိက ဦးတည်ချက်နဲ့ လွှတ်လိုက်တာပေါ့။ လက်နက်ရောက အဓိကပေါ့ဗျာ” လို့ သူက ပြောပါတယ်။

MFP က မေးမြန်းဖြစ်ခဲ့တဲ့ အညာဒေသ တော်လှန်ရေး ခရိုင်တပ်ရင်းတွေရဲ့ အဆိုအရ အညာဒေသရဲ့ လက်နက်ခဲယမ်း လိုအပ်ချက်က အရမ်းကို ကြီးမားတယ်လို့ ဆိုကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေး စတင်တဲ့ ၂၀၂၁ ခုနှစ်အတွင်း အညာဒေသမှာ MA 1 နဲ့ AK 47 သေနတ်တစ်လက်ရဲ့ ဈေးနှုန်းက ကျပ်သိန်း ၄၀ နဲ့ ၅၀ ကြားသာ ရှိပေမဲ့ လက်ရှိကာလမှာ တစ်လက်ကို ကျပ်သိန်း ၃၀၀ နဲ့ ၃၂၀ အထိ ပေါက်ဈေး ရှိပြီး ကျည်ဆံ တစ်တောင့်ဟာ ကျပ် ၁၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိတယ်လို့ အညာ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

အညာသား တော်လှန်ရေးရဲဘော်တွေဟာ တော်လှန်ရေးအတွင်း သူတို့ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ သေနတ် ရရှိဖို့၊ အာဏာသိမ်း စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေမှာ မောင်းပြန်သေနတ်ချင်း ယှဉ်ပစ်နိုင်ဖို့အတွက် လယ်ယာမြေ အပါအဝင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ အစရှိတဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်နှံရောင်းချပြီး ဖြည့်တင်း ခဲ့ကြပါတယ်။

ဒါပေမဲ့ တပ်ရင်းတစ်ရင်းမှာ ရှိနေတဲ့ ရဲဘော်အင်အားနဲ့ ပိုင်ဆိုင်မှုတွေ ထုခွဲရောင်းချလို့ ရရှိလာတဲ့ ငွေကြေးက မမျှတတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေကို လက်နက်တပ်ဆင်နိုင်ဖို့က အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး ကာလတလျောက် မောင်းပြန်သေနတ်မရှိဘဲ လက်လုပ်သေနတ်လေးတွေနဲ့ စစ်အုပ်စုကို ခုခံ တိုက်ခိုက်ရင်း တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့၊ လက်လုပ်သေနတ်က ကျည်မထွက်လို့ စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံရတဲ့ အညာသား တော်လှန်ရေး ရဲဘော်တွေလည်း ရာထောင်ချီ ရှိခဲ့ပါတယ်။

လက်ရှိမှာ NUG က သူတို့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ အညာဒေသ PDF တပ်ရင်းတွေကို တပ်ရင်းတစ်ရင်းကို သေနတ် ငါးလက်နဲ့ ကျည်ဆံ ၅၀၀ တပ်ဆင်ပေးထားပါတယ်။ အညာဒေသ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ NUG ရဲ့ ထောက်ပံ့မှုအပြင် ငွေကြေးစုဆောင်းပြီး ဝယ်ယူတာ၊ တိုက်ပွဲတွေကနေ သိမ်းဆည်း ရရှိတာကြောင့် လက်နက်တချို့ လက်ဝယ် ရရှိလာပြီ ဖြစ်ပေမယ့် ရဲဘော်အင်အားနဲ့ လက်နက်အင်အားက မမျှမတ ရှိနေဆဲပါ။

တပ်ရင်းတစ်ရင်းကို ရဲဘော် ၂၀၀ ကျော်နဲ့ ဖွဲ့စည်းထားပေမယ့် လက်နက်က ၁၀လက်၊ ၁၅လက်သာ ရှိတာကြောင့် ရဲဘော်တွေဟာ အလှည့်ကျစနစ်နဲ့ တိုက်ပွဲဝင်နေကြရတယ်လို့ အညာတော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။ သေနတ် ၁၅လက်အထိ ရှိတဲ့ တပ်ရင်းတွေဆိုရင် အဲဒီ ၁၅ လက်နဲ့ ၁၅ ယောက် တစ်သုတ်စီခွဲကာ တိုက်ပွဲဝင်ရတာမို့ ရဲဘော်တွေအနေနဲ့ ကိုယ့်အလှည့်ရောက်ဖို့ အချိန်တော်တော်ကြာကြာ စောင့်ကြရပြီး တချို့ရဲဘော်တွေက စစ်မတိုက်ရလိုပ စိတ်ဓာတ်ကျဆင်းလာတာတွေ ကြုံတွေ့ကြရတယ်လို့ အညာဒေသ တပ်ရင်းတပ်ဖွဲ့ ခေါင်းဆောင်တွေက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ပြီးချိန်မှာလည်း ကျည်ဆံနဲ့ ခဲယမ်း ပြန်လည်ဖြည့်တင်းနိုင်ဖို့ လနဲ့ချီ စုဆောင်း ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တိုက်ပွဲတစ်ပွဲ ဖော်ဆောင်လိုက်ရင် နောက်တစ်ပွဲ ဖော်ဆောင်နိုင်ဖို့ ခြောက်လလောက် ပြန်စုရတာ (မျိုးပေါ့)” လို့ ခင်းဦးမြို့နယ် Local PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အလားတူ စစ်ဆင်ရေးတွေမှာ အညာသား တော်လှန်ရေးရဲဘော်တွေဟာ ကျည်ကာပလိပ်ပြား၊ ကျည်ကာဦးထုပ် မရှိတာကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာတွေလည်း ကြုံခဲ့ရပြီး အဲဒီလို ရဲဘော်တွေရဲ့ အသက် မဆုံးရှုံး ရအောင် မိခင်တပ်ရင်းဖွဲ့တွေကနေ လိုအပ်တဲ့ ကျည်ကာဝတ်စုံကို ဖြည့်တင်း တပ်ဆင်ပေးနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

စုံစမ်းမေးမြန်းရရှိခဲ့တဲ့ အချက်အလက်တွေအရ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အညာဒေသရှိ လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးဆိုင်ရာ လိုအပ်ချက်အပေါ် တပ်ဆင် ဖြည့်တင်းပေးနိုင်မှုက လိုအပ်ချက်ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာ ဖြစ်ပါတယ်။

အလားတူ အညာဒေသ PDF ခရိုင်တပ်ရင်းတချို့ရဲ့ အဆိုအရ NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ အရင်က အညာဒေသ PDF တပ်ရင်းတစ်ရင်းအတွက် စားနပ်ရိက္ခာထောက်ပံ့ကြေး တစ်လငွေ ကျပ်သိန်း ၈၀ ထောက်ပံ့ ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း လစဉ်ပုံမှန် မရဘဲ ဖြစ်လာတာမို့ ဒေသခံပြည်သူတွေကိုပဲ အစားအသောက် ရိက္ခာအတွက် အဓိက မှီခိုအားထားလာ ကြရတာ၊ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပေါ်မှာ စပါး၊ ဟင်းသီးဟင်းရွက်တွေ ထွန်ယက်စိုက်ပျိုးပြီး ရိက္ခာအတွက်ဖြည့်တင်း စားသောက် နေကြရတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ တစ်လ (ကျပ်သိန်း) ၈၀ မှန်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ နည်းနည်းလေး လခိုတဲ့ ဟာတွေ၊ တစ်ခါတလေ၊ သုံးလလောက်နေမှ၊ တစ်ခါတလေ နှစ်လလောက်နေမှ အဲလိုဖြစ်မျိုး ဖြစ်တဲ့ အခါ ကျ တော့ အကျပ်အတည်းရှိတယ်။ ဒီနှစ်ပိုင်းကျတော့ လခြားခြားမှ ပေးသလို ဖြစ်နေတာ” လို့ ယင်းမာပင်ခရိုင် PDF တပ်ရင်းမှူး တစ်ဦးက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာ ထောက်ပံ့ကြေးကို အညာဒေသ တော်လှန်ရေး တပ်ရင်းတွေဟာ လက်တွေ့မြေပြင်မှာ စားနပ်ရိက္ခာအတွက် မသုံးစွဲနိုင်ဘဲ အဲဒီအစား စစ်အုပ်စုကို ချေမှုန်းနိုင်ဖို့နဲ့ ဒေသ ကာကွယ်ရေးအတွက် အဓိကလိုအပ်တဲ့ စစ်ရေးလိုအပ်ချက်အတွက် ဖြည့်တင်းနိုင်ဖို့ကိုသာ ဦးစားပေး သုံးစွဲရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အပါအဝင် ရှမ်း-မန်း စစ်ဆင်ရေး မစတင်မီ အခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အညာဒေသ PDF ခရိုင် တပ်ရင်း တပ်ဖွဲ့တွေကို ရှမ်းမြောက်ဒေသ MNDAA နဲ့ TNLA နယ် မြေတွေဆီမှာ သွားရောက်ပြီး စစ်သင်တန်း တက်ဖို့နဲ့ တိုက်ပွဲဝင်ဖို့ စတင် ချိတ်ဆက်လာခဲ့တယ်လို့ တပ်ရင်း တပ်ဖွဲ့တွေက ပြောပါတယ်။

တချို့သော တပ်ရင်းတပ်ဖွဲ့တွေကို ရှမ်းမြောက်ဒေသ နယ်မြေဧရိယာ ရွေးချယ်သွားရောက်ခိုင်းခဲ့ပြီး တချို့ကိုတော့ သင့်တင့်ရာ သွားရောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရှမ်းမြောက်ဧရိယာဆီသွားရောက်ပြီး စစ်သင်တန်း တက်ရောက်တာ ၊ စစ်ရေးအတွေ့အကြုံ ရယူရတာနဲ့ပတ်သက်တဲ့ အချိန်ကာလကို ရှစ်လ ၊ ဒါမှမဟုတ် တစ်နှစ် ကြာချိန် သတ်မှတ်ပြီး အဲဒီကာလ ပြီးဆုံးတဲ့အခါ လိုအပ်နေတဲ့ လက်နက်အင်အားအတွက် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမယ်လို့ ကတိပြုထားခဲ့တယ်လို့ အညာဒေသ ခရိုင်တပ်ရင်းတွေက ဆိုပါတယ်။

“MoD လူကြီးတွေအနေနဲ့ ကျနော်တို့ဘက်က ဘယ်ချိန်ထိ လွှတ်ရမလဲ။ ဘယ်အတိုင်းအတာ ရမလဲဆိုပြီး အကုန်လုံး ဆွေးနွေးကြတော့ ကျနော်တို့က တစ်ဝက်ရမှာပေါ့။ (လူ)၁၀၀ လွှတ်ရင် (လက်နက်) ၅၀ (ရမယ်) ပေါ့ဗျာ။ အချိန်ဘယ်လောက် ကြာမလဲဆိုတော့ သင်တန်းဆင်းပြီး ရှစ်လပေါ့ဗျာ” လို့ ရှမ်းမြောက်ဒေသ စစ်ရေး ခရီးစဉ်အပေါ် MOD နဲ့ ရှိထားတဲ့ ကတိကဝတ်နဲ့ ပတ်သက်ပြီး တန့်ဆည်မြို့နယ် တော်လှန်ရေးတပ်ရင်း တစ်ခုက တပ်ရင်းမှူး တစ်ဦးက ပြောပါတယ်။

စစ်သင်တန်းနဲ့ စစ်ရေး အတွေ့အကြုံကာလကို ရှစ်လ သို့မဟုတ် တစ်နှစ် လို့ သတ်မှတ်ထားပေမဲ့ ဘယ်အချိန်မှာ ယူနီဖောင်းနဲ့ သေနတ်ထမ်းပြီး ပြန်ရမယ်ဆိုတာကို တိကျရေရာစွာ မသိရဘူးလို့ ဆိုပါတယ်။

လက်ရှိ ကိုးကန့်တပ်မတော် MNDAA ဆီမှာ စစ်သင်တန်း တက်ရောက်ပြီး စစ်ရေးအတွေ့အကြုံရရှိဖို့ စေလွှတ်ထားတဲ့ ယင်းမာပင်ခရိုင် အတွင်းက တပ်ရင်းတပ်ဖွဲ့တွေ ဆိုရင် ရဲဘော်တွေကို လက်နက် အပြည့်အဝ တပ်ဆင် ရရှိလိုတာကြောင့် သင်တန်းကာလ အပါအဝင် တစ်နှစ်ခွဲအထိ ကတိကဝတ် ပြုထားတယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အတွင်းက တပ်ရင်းတွေဆိုရင် အခု စက်တင်ဘာလအတွင်းမှာ ကတိကဝတ် သက်တမ်းကာလ ရှစ်လ ပြည့်မြောက်တော့မှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အညာဒေသ တော်လှန်ရေး တပ်ရင်းတွေနဲ့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကြား ကတိကဝတ် အပါအဝင် အထောက်အပံ့ ရေးရာတွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ စစ်ရေးကိစ္စ အချက်အလက် တွေဖြစ်တဲ့အတွက် ဖြေဆိုဖို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

“စစ်ရေးကိစ္စ အချက်အလက်တွေ ဖြစ်လို့ အဆင်မပြေပါ” လို့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ပြန်လည် ဖြေကြားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေး မြို့သိမ်း ၊ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲမှု ရက်ပေါင်း ၇၀ ခန့် အကြာ ဩဂုတ်လ ၂၈ ရက်မှာ ရှမ်း-မန်းစစ်ဆင်ရေး အဓိက တပ်ရင်းတစ်ခုဖြစ်တဲ့ MDY-PDF က မန္တလေးကနေ ရှမ်းမြောက်ကို နေ့ချင်းပြန် ခရီးသွားပြီး ရှမ်းခေါက်ဆွဲစားလို့ ရနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုကို ခုခံတော်လှန် အောင်ပွဲဆင်နိုင်မှုအတွက် ဂုဏ်ယူပျော်ရွှင် ဝမ်းမြောက်ဖွယ် ရလဒ်တစ်ခု ဖြစ်သလို အဲဒီလို နေ့ချင်းပြန် သွားလို့ရအောင် ပေးဆပ်တိုက်ခိုက်ခဲ့ရသူတွေထဲမှာ ပါဝင်နေတဲ့ အညာသား တော်လှန်ရေး ရဲဘော်တွေ အတွက်လည်း ဂုဏ်ယူနေရပေမဲ့ အညာဒေသ၊ အညာတပ်ရင်း၊ အညာသား တော်လှန်ရေး ရဲဘော်တွေရဲ့ အန္တိမ မျှော်လင့်ချက်က မှေးမှိန်နေရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ အညာဒေသ ခရိုင်တပ် ရင်းတွေက ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နိုင်ရေးအတွက် အလံတော် တစ်ခုတည်းအောက်၊ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်း အောက်က တိုက်ပွဲဝင်ရတာ ဖြစ်ပေမယ် လက်နက်ရဖို့ အသက်ပေးနေရတဲ့ အညာသား တော်လှန်ရေး ရဲဘော်တွေအတွက် စိတ်မကောင်းဖြစ်ရပြီး ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေသာ ရရှိရင် အညာသား တော်လှန်ရေး ရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် နွေဦး တော်လှန်ရေးက ယခုထက် ပိုမိုပြီး စစ်ရေးအောင်မြင်မှုတွေ ရနိုင်တယ်လို့ အညာဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အညာသား တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းပါဝင် တိုက်ပေးနေတဲ့ စစ်ရေးဧရိယာတွေမှာ အောင်မြင်မှုတွေ သိမ်းပိုက် ရရှိနေပေမယ့် မူရင်းအညာမှာတော့ တော်လှန်ရေး အောင်မြင်မှု နည်းပါးစွာ ရှိတည်နေရတဲ့အပေါ် အညာသား တော်လှန်ရေးရဲ ဘော်တွေအနေနဲ့ စိတ်မကောင်း ဖြစ်ကြရတယ်လို့ ရွှေဘိုခရိုင် တပ်ရင်းတစ်ခုရဲ့ တပ်ရင်းမှူး တစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ အညာက ရဲဘော်တွေက ဘယ်နေရာ နေနေဗျာ။ လုပ်ရရင်၊ ကိုင်ရရင်၊ တကယ်လုပ်ရရင် ကျေနပ်တဲ့သူတွေ။ ကျနော်တို့ အညာမှာက အခုလိုမျိုး အောင်မြင်မှုတွေ အကျိုးခံစားရတာတွေ နည်းတယ် ဆိုတာက ကျနော်တို့ နောက်မှာက Supporting (ပံ့ပိုးမှု) မရှိလို့ ခံရတာဗျ ” လို့ သူက ဆိုပါတယ်။

အဲဒီလို ပံ့ပိုးမှု နည်းပါးတဲ့ အခြေအနေအရ စစ်ရေး အတွေ့အကြုံနဲ့ လက်နက် ရရှိဖို့အတွက် မျှော်လင့်ချက် အပြည့်နဲ့ ရှမ်းမြောက်ဧရိယာဆီ ထွက်ခွာခဲ့ကြတဲ့ အညာဒေသ တော်လှန်ရေး ရဲဘော်တွေထဲက တစ်ဦးဖြစ်တဲ့ ရဲဘော် ကျော်လှိုင်မင်းကတော့ ဇွန်လ ၂၆ ရက်က မတ္တရာနယ် အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ် စခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့ရပြီး ကိုယ်ပိုင်လက်နက် ပိုင်ဆိုင်ခွင့် မရလိုက်သလို ရွာထိပ်ကနေ ကြိုနေမယ့် ဇနီးဖြစ်သူနဲ့ သားငယ်ဆီလည်း ရောက်မလာနိုင်တော့ပါဘူး။

(မှတ်ချက်။ အခြေအနေ အကျိုးအကြောင်းအရ ဖြေကြားခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲဘော်တွေရဲ့ အမည်နာမကို ချန်လှပ်ထားပါတယ်။ )

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အညာသား တော်လှန်ရေးရဲဘော် ကျော်လှိုင်မင်း၊ ရဲဘော် ကျော်လှိုင်မင်းရဲ့ အုတ်ဂူနဲ့ ကျဆုံးရဲဘော်တစ်ဦးရဲ့ နာရေး/Photo – ရွှေဘိုခရိုင် တပ်ရင်း -၂၆

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးကုတ်နဲ့ စဉ့်ကူးမြို့/Photo – MDY-PDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *