ဗကပ ဆုတ်ခွာခဲ့ရသော ပဲခူးရိုးမတွင် ဝင်ရောက်လှုပ်ရှားနေသည့် PDF သည် နေပြည်တော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ နောက်ကျောတွင် ထောက်နေသော ဆူးတစ်ချောင်းဖြစ်လာသည်။
နာမည်ကျော် ပဲခူးရိုးမကို လက်နက်ကိုင်တော်လှန်ရေးသမားများက ပြောက်ကျားဒေသအဖြစ် ခြေကုပ်ယူလာကြသည်မှာ ၄ နှစ်ထဲ ဝင်လာပြီဖြစ်သည်။
ပဲခူးရိုးမသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြားတွင် တည်ရှိပြီး ဤဒေသသည် ရွာလုံးကျွတ်မီးရှို့မှုများ ဆက်တိုက် ပေါ်ပေါက်နေသော၊ တော်လှန်ရေးအင်အားစု နယ်မြေထိန်းချုပ်မှု အားကောင်းသော စစ်ကိုင်းတိုင်းနှင့် စစ်ရေးအခြေအနေ မတူညီပေ။
ပဲခူးတိုင်းတွင် စစ်ဌာနချုပ်များနှင့် စစ်တပ်အခြေစိုက်စခန်းပေါင်း ၈၀ ကျော်က ပဲခူးရိုးမကို ဝန်းရံ တည်ရှိနေပြီး လက်နက်စက်ရုံ အများအပြားလည်း ရှိနေသည်။
အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော၊ စစ်တပ်နယ်မြေဖြစ်သော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းများ ဝင်ရောက်အခြေချနေသဖြင့် စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုး၍ ရှင်းလင်းရန် ကြိုးပမ်းလျက်ရှိသည်။
ပဲခူးရိုးမနှင့် PDF များ
နာမည်ကျော် မြန်မာ့ကျွန်းသစ်ထွက်ရာ ပဲခူးရိုးမသည် ပဲခူးတိုင်းကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းအဖြစ် ပိုင်းခြားထားသော တောင်တန်းကြီးဖြစ်ပြီး မြို့များက ရိုးမ၏ အရှေ့နှင့် အနောက်တွင် တည်ရှိကြသည်။ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်း၊ ရန်ကုန်- မန္တလေး လမ်းဟောင်းတို့သည် ရိုးမအရှေ့ဘက်တွင်ရှိသည်။ ရိုးမ အနောက်ဘက်တွင် ရန်ကုန်-ပြည်လမ်းရှိသည်။
ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ထားသော ရိုးမ ဖြတ်လမ်း သုံးလမ်းရှိပြီး ၎င်းတို့မှာ ပေါက်ခေါင်း အုတ်တွင်းလမ်း၊ မင်းလှ – မြို့ချောင်းလမ်း နှင့် မကွေးတိုင်းထဲက ကိုးပင်ရွာနှင့် ပဲခူးတိုင်းထဲက သာဂရတို့ကို ဆက်သွယ်ထားသော ကိုးပင် -သာဂရလမ်းတို့ ဖြစ်သည်။
မြောက်မှတောင်သို့ မိုင် ၂ဝဝ ကျော် ရှည်သည့် ပဲခူးရိုးမတောင်သည် ပေ ၂ဝဝဝ ထက် ပိုမမြင့်ချေ။ သို့ရာတွင် လျှိုမြောင်ထူထပ် ပေါများသည်။
အရှေ့ဘက်နှင့် အနောက်ဘက်တို့သို့ တောင်စွယ်များဖြာ၍ ဆင်းသွားကြသည်။ စတုရန်းမိုင် ၆၂၉၇ ထက်မနည်း ကျယ်ဝန်းပြီး ရေချိုရနိုင်သည့် ဆည်ပေါင်း ၁၀ ခုထက်မနည်းရှိသည်။
ရိုးမ အရှေ့ဘက်တွင် တောင်ငူ၊ ပဲခူးခရိုင်တို့ရှိပြီး အနောက်ဘက်တွင် မကွေး၊ သရက်၊ ပြည်၊ သာယာဝတီခရိုင်တို့ ရှိသည်။ မြောက်ဘက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ဗဟိုချက်ဖြစ်သည့် နေပြည်တော်ရှိသည်။
စစ်ကောင်စီက ပဲခူးတိုင်းကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲတွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ ပါဝင်သည်။ အဆိုပါ တိုင်းသုံးခုအနက် ပဲခူးတိုင်းတွင်သာ PDF တပ်ရင်းများ အခြေချထားနိုင်ခြင်းဖြစ်သည်။
ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် PDF တပ်ရင်း ၂ ရင်းစီ ရှိကြသည်။ အများစုသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် စစ်ပညာသင်ယူထားကြသူများ ဖြစ်သည်။
တပ်ရင်းများမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ပြည်၊ သာယာဝတီခရိုင်တို့တွင် အခြေချခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲ စစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကို ပြောသည်။
“ဇူလိုင်လထဲမှာ တပ်ရင်းတပ်ဖွဲ့ အနေနဲ့ စတင်ဖွဲ့စည်းပြီး တိုင်းစစ်ဌာန (ပဲခူး) ရဲ့ ကွပ်ကဲမှုနဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်ကြပါတယ်။ ပဲခူးရိုးမမှာ ဗျူဟာနှစ်ခုခွဲပြီး ခရိုင်အလိုက်တပ်ရင်းတွေရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မှ ခေါင်းဆောင်များနှင့် လူငယ်များ၏ ကြိုးပမ်းမှုကြောင့် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့သည် ပဲခူးရိုးမတွင် ခြေကုပ်ယူထားနိုင်ခြင်းဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။
ပဲခူးရိုးမ ဖြတ်လမ်းသုံးလမ်းကို PDF နှင့် ပကဖများက အတိုင်းအတာ တခုအထိ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
”လုံခြုံရေးအရ နေရာအတိအကျပြောလို့မရပေမယ့် ရိုးမရဲ့ အချို့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားတာရှိပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။
ပဲခူးရိုးမပေါ် ကျွန်းသစ်ခုတ်ယူမှုကို ကန့်သတ်ထားပြီး သစ်ခုတ်သူများကို တွေ့ပါကလည်း ဖမ်းဆီးကာ နောက်ထပ်ကျွန်းသစ်မခုတ်ရန် သတိပေး၍ ပြန်လွှတ်သည်များ ရှိသည်။
အုတ်ဖိုမြို့နယ် ဂမုန်းရေလှောင်တမံအနီး ကျွန်းသစ်ခုတ်သူများကို ဩဂုတ်လ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး သတိပေး၍ ပြန်လွှတ်ခဲ့ကြောင်း၊ ကျွန်း ၆ တန်ကျော် သိမ်းဆည်းခဲ့ကြောင်း PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PDFတပ်ရင်းတစ်ရင်းသည် ကိုးပင် – သာဂရ လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲရှိကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ ၏ ဇန်နဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
သမိုင်းကောက်ကြောင်းနှင့် စစ်ကောင်စီ၏ ပိတ်ဆို့မှု
ပဲခူးရိုးမတွင် ပြောက်ကျားအခြေခံဒေသတည်ဆောက်ကာ တော်လှန်ရေးလုပ်ခြင်းသည် ယခင်ကလည်းရှိဖူးသည်။
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် ပဲခူးရိုးမကို ဗဟိုပြု၍ တော်လှန်တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော်လည်း စစ်တပ်သည် ပဲခူးရိုးမကို ဝိုင်းပတ်ပိတ်ဆို့၍ ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်၊ လူသစ်ရရှိနိုင်မှု တို့ကို ဖြတ်တောက်သည့် ဖြတ်လေးဖြတ်စစ်ဆင်ရေးပြုလုပ်၍ တိုက်ခိုက်ခဲ့သည်၊ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်းသည်လည်း ပဲခူးရိုးမ မြရာပင်တောတွင် လုပ်ကြံခံခဲ့ရသည်၊ ၁၉၇၅ ခုနှစ်တွင် ဗကပတို့ ထိုဒေသမှ ဆုတ်ခွာလိုက်ရသည်။
နောက် ၅ နှစ်အကြာတွင် KNU က ပဲခူးရိုးမအတွင်း အခြေချနိုင်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။
ထို့နောက် ပဲခူးရိုးမတွင် အနှစ် ၄၀ တိုင် လက်နက်ကိုင်တော်လှန်ရေးတပ် ကင်းစင်နေခဲ့ရာမှ ယခု PDF တို့ ရောက်နေခြင်းဖြစ်သည်။
ရိုးမ အရှေ့ဘက်ရှိ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း၊ လေတပ်စခန်းဌာနချုပ်တို့ရှိသည်။ ရိုးမ အနောက်ဘက် ပြည်မြို့တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိပြီး အင်းမတွင် အမှတ် (၆၆) ခြေမြန်တပ်မ ဌာနချုပ်ရှိသည်။
ရိုးမ အရှေ့တောင်ဘက်ရှိ ပဲခူးမြို့တွင် အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ ဘုရားကြီးမြို့နယ်တွင် အမှတ် (၉၀၁) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ အုတ်တွင်းမြို့အနီးတွင် အမှတ် (၈၀၈) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရှိသည်။
စစ်သည်အင်အား အကန့်အသတ်ကြီးမားလာသည့် စစ်ကောင်စီတပ်သည် ပဲခူးရိုးမသို့ PDF ဝင်လာသည်ကို မတားဆီးနိုင်သလို ရိက္ခာ၊ လက်နက်ခဲယမ်းလမ်းကြောင်းကိုလည်း အပြည့်အဝ မပိတ်ဆို့နိုင်ပေ။
ကရင်ပြည်နယ်၊ တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု များပြားရာ ကယားပြည်နယ် ခေါ် ကရင်နီပြည်တို့မှ အဖွဲ့များ စိမ့်ဝင်လာမည်ကို တားဆီးရန် ရန်ကုန်-နေပြည်တော် အမြန်လမ်းအရှေ့ဘက်တွင် တပ်အချို့ချ၍ ပိတ်ဆို့ထားသည်။
တော်လှန်ရေးတပ်ဖွဲ့အချို့သည် ထိုပိတ်ဆို့မှုကို ကျော်လွန်သွားနိုင်ကြသလို အဖမ်းခံရသူများလည်း ရှိသည်ဟု သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့က ရေတာရှည်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်လေးဦးကို ကျည်ဆန် ၁၀၀၀၊ လက်ပစ်ဗုံး ၇ လုံး၊ ဒရုန်းဆက်စပ်ပစ္စည်းများကို သိမ်းမိခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးကလည်း ထိုလမ်းကြောင်းမှ လက်နက်သယ်ရန် အောင်မြင်နိုင်ချေမှာ ၅၀ ရာခိုင်နှုန်းသာရှိကြောင်းဆိုသည်။
စစ်ဆင်ရေးများ
ရိုးမတွင် တော်လှန်ရေးအင်အားစု၏ အထင်ကရ အောင်မြင်မှုတချို့ ရှိနေကြောင်း တွေ့ရသည်။
ထင်ရှားသည့် စစ်ဆင်ရေးတစ်ခုမှာ ရန်ကုန် အခြေစိုက် အမှတ် (၁) စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ရင်းမှ ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီးမြင့်အောင်တို့ကို လက်နက်ဝယ်ယူလိုသည်ဟု ကမ်းလှမ်းခေါ်ယူကာ လုပ်ကြံခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ထိုအရာရှိများကို ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ပစ်ခတ်ဖမ်းဆီးရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း PDF က ထုတ်ပြန်သည်။
ရိုးမ အနောက်ဘက်ခြမ်းရှိ အိုဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် လက်ပံတန်းမြို့နယ်များတွင်လည်း ထိတွေ့ တိုက်ပွဲများသည် နွေဦးတော်လှန်ရေး စကတည်းက ရှိသည်။
၂၀၂၄ နှစ်ဆန်းပိုင်းမှစတင်ကာ တိုက်ပွဲပိုများလာကြောင်း သိရသည်။
ဩဂုတ်လ ၂၄ နှင့် ၂၇ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အရှင်ဖမ်းနိုင်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၏ ထုတ်ပြန်ချက်အရသိရသည်။
လက်ပံတန်းမြို့အရှေ့မြောက်ဘက် ၅ မိုင်အကွာရှိ အုပ်ဖိုစုရွာမှ ပဲခူးရိုးမသို့ ဦးတည်လာသည့် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် သာယာဝတီမြို့ အခြေစိုက် ခလရ (၃၅) ယာယီတပ်ရင်းမှူး ဗိုလ်ကြီးအောင်ဇော်၊ ပြည်မြို့အခြေစိုက် ခလရ (၁၄) မှ ဗိုလ်ကြီးတစ်ဦးတို့ပါဝင်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် ဂမုန်းရေလှောင်တမံအနီးသို့ တက်လာသော အင်အား ၁၂ ဦးပါ စစ်ကောင်စီ၏ ရှေ့ပြေးစစ်ကြောင်းကို ဆွဲမိုင်း၊ လက်နက်ငယ်များ သုံးပြီး တိုက်ခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလအတွင်း စစ်တပ်က ကြို့ပင်ကောက်မြို့နယ် အေးရွာလေးရွာ၊ အုတ်ဖိုမြို့နယ် ကန်နီရွာတို့ကို ဝင်ရောက်၍ အိမ်များကို မီးရှို့ထားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ရိုးမပေါ်သို့ အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းတချို့လွှတ်၍ PDF များကို ရှင်းလင်းရန် ကြိုးစားစဉ် တိုက်ခိုက်ခံရသည်ဟု သိရသည်။
PDF ၏ စစ်ရေးလှုပ်ရှားမှုကို ဟန့်တားလိုခြင်းကြောင့် စစ်ကြောင်းထိုးခြင်း ဖြစ်နိုင်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ပဲခူးရိုးမကို နယ်မြေစိုးမိုးထားနိုင်တဲ့PDFတွေဟာ မြို့တွေသိမ်းဖို့ အင်နဲ့အားနဲ့ဆင်းမလာခင် ဖြိုခွင်းဖို့ လုပ်နေတဲ့သဘောပါ။ အဓိကတော့ စကစဘက်က မြို့တွေဆုံးရှုံးမှာကို ကြိုကာဖို့ လုပ်တယ်ထင်တယ်” ဟု သူက မှတ်ချက်ပေးသည်။
ဖြစ်နိုင်ချေအလားအလာ
ရိုးမအခြေစိုက် ပဲခူးတိုင်းPDF လူအင်အား ပိုများလာပြီး ပြောက်ကျားတိုက်ခိုက်နိုင်သော်လည်း စခန်းသိမ်းတိုက်ပွဲများ မရှိသေးပေ။
သတင်းဓာတ်ပုံများအရ PDF တပ်ဖွဲ့ဝင်များ မောင်းပြန်သေနတ် ကိုင်ဆောင်လာနိုင်ပြီဖြစ်သည်၊ တပ်ဖွဲ့ဝင်တချို့မှာ စစ်ယူနီဖောင်းနှင့် မဟုတ်ဘဲ အရပ်သားကဲ့သို့ ဝတ်ဆင်ထားကြသည်။
အဓိက လိုအပ်နေသည်မှာ ခဲယမ်းမီးကျောက်ပင်ဖြစ်သည်ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။ တပ်ရင်းများအတွက် လိုအပ်သည့် ထောက်ပံ့မှုမှာ NUG အစိုးရထံမှ လာသလို ပြည်တွင်းပြည်ပ မြန်မာအဖွဲ့များထံမှလည်း လာနေသည်။
ပြည်ပရောက် ပဲခူးတိုင်းဒေသခံများဖြင့် ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်း အသင်းကလည်း ဒရုန်းများ ဝယ်ယူ တပ်ဆင်နိုင်ရန် အလှူခံမည်ဖြစ်ကြောင်း ပြောသည်။
အသင်း ပြန်ကြားရေးတာဝန်ရှိသူက ပဲခူးတိုင်းတွင်လည်း မြို့များ သိမ်းပိုက်နိုင်သည်ကို မြင်လိုသည်ဟုသည်။
“ကျွန်တော်တို့ရဲ့အိမ်သော့ ကျွန်တော်တို့ပြန်ဖွင့်ချင်တယ်။ သူများတိုင်းတွေ တချို့နေရာတွေ သူတို့အိမ်သော့သူတို့ပြန်ဖွင့်နေတာ အားကျတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့အသင်းကတော့ ထောက်ပို့အသင်းဖြစ်တဲ့အတွက် မြေပြင်မှာ ပွဲတွေက နေတဲ့အဖွဲ့ကို အဓိကထောက်ပို့နေပါတယ်”
ဗမာပြည်ကွန်မြူနစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ရေးလေ့လာသုံးသပ်သူ တချို့ကမူ ရိုးမတွင် မြို့သိမ်းတိုက်ပွဲများ ရှိလာဦးမည် မဟုတ်သလို စစ်ကောင်စီတပ်က ပဲခူးရိုးမရှိ တော်လှန်ရေးတပ်များကို ရှင်းနိုင်ဦးမည်မဟုတ်ကြောင်း ဆိုကြသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင်နေထိုင်သည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ပဲခူးရိုးမ တော်လှန်ရေးအင်အားစုသည် မြို့သိမ်းတိုက်ပွဲထက် စစ်ကောင်စီတပ် အထိနာသည့် တိုက်ခိုက်မှုများ လုပ်သင့်သည်ဟု ဆိုသည်။
“အဲဒီတောင်ကြောမှာ ပြောက်ကြားစစ်နဲ့သာ ခံတိုက်မယ်ဆိုရင် တော်လှန်ရေးဘက်က အားရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“ဟိုတုန်းက ပဲခူးရိုးမမှာ ကျွန်မတို့ ကျဆုံးရတာက ကျွန်မတို့ပါတီရဲ့ ပေါ်လစီအားနည်းချက်ကြောင့်ပါ၊ ကျွန်မတို့အချင်းချင်းကြား ဖြုတ်ထုတ်သတ်လုပ်တာတွေကြောင့်ပါ၊ အဲဒီလိုမှမဟုတ်ရင် မကျဆုံးပါဘူး။ PDF တွေအနေနဲ့က ပြောက်ကြားစစ်ပွဲနဲ့ အခြေခံဒေသ ကောင်းကောင်း တည်ဆောက်နိုင်ရင် ခံနိုင်မှာပါ”
စိုက်ပျိုးရေးနှင့် ဒေသခံများ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရန် စည်းရုံးလုပ်ဆောင်လျှင် လူထုထောက်ခံမှု ပိုရမည်၊ ပြောက်ကျားအခြေခံဒေသ တည်ဆောက်ရာတွင် ပိုမို အားကောင်းလာနိုင်မည်ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။
စစ်ရေးလေ့လာသုံးသပ်သည့် သုတေသီအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီတပ်သည် ရိုးမပေါ်ထက် ရိုးမအရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းမှ KNU နှင့် ပူးပေါင်းတပ်များ တိုးဝင်လာမည်ကို ပိုမိုစိုးရိမ်သဖြင့် ကြိုတင်ပိတ်ဆို့ထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်သည့် မိန့်ခွန်းတွင်လည်း KNU သည် စစ်တောင်းမြစ်ဝှမ်းတွင် စစ်ပွဲအသစ်တစ်ခု စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။
အဆိုပါစစ်ပွဲကို KNU ၏ တပ်မဟာ ၁၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ တို့ဘက်က ဖော်ဆောင်နိုင်သည်ဟု သတင်းရထားကြောင်း သူက ဆိုသည်။
KNU နှင့် PDF သည် ပူးပေါင်းလှုပ်ရှားနေကြဆဲ ဖြစ်သည်။
စစ်ရေးလေ့လာသည့် သုတေသီအမျိုးသားက ပဲခူးရိုးမပေါ်ရှိ PDF များကို စစ်ကောင်စီတပ်သား အင်အား ရာဂဏန်းသုံး၍ စစ်ကြောင်းထိုးရန် ကြိုးစားနေခြင်းသည် အောင်မြင်နိုင်ဖွယ်မရှိကြောင်း သုံးသပ်သည်။
“မအောင်မြင်နိုင်ဘူး။ ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ကျရတာက ဖြတ်လေးဖြတ်လုပ်လို့။ ပဲခူးရိုးမတစ်ခုလုံးကို အရှေ့ခြမ်းရော၊ အနောက်ခြမ်းရော တပ်တွေနဲ့ပိတ်၊ ဖြတ်လေးဖြတ်လုပ် တိုက်လို့ ပဲခူးရိုးမက ကျရတာ” ဟု ၎င်းက မှတ်ချက်ပေးသည်။
“အခုလို တစ်ကြောင်းထိုးလိုက်လုပ်လို့ကတော့ ပဲခူးရိုးမက အကျယ်ကြီးပဲ။ အရင်ကလို တောမထူပေမဲ့ တောတောင်လျှိုမြောင်များတယ်။ ရှောင်လို့ရတယ်”
၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ် ဆန့်ကျင်သူတို့ကို ပစ်သတ်ရာမှာ လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာရာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် ရိုးမဒေသတွင် စစ်အင်အား ပိုမိုတိုးချဲ့ရန် အခြေအနေမပေးသေးပေ။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ကာ အတင်းအကျပ် စုဆောင်း ရရှိလာသည့် စစ်သားသစ်အများအပြားကိုလည်း တိုက်ပွဲကြီးများရှိရာဒေသသို့ ဦးစားပေး ပို့ဆောင်နေရသည်။
စစ်ရေးလေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းကလည်း ပဲခူးရိုးမသည် PDF တို့ ထိုးဖောက်ဝင်လာနိုင်သော နယ်မြေများထဲတွင် ပါဝင်ကြောင်း ထောက်ပြသည်။
ထိုနယ်မြေများတွင် စစ်ကောင်စီတပ် အကြီးအကျယ်တုန်လှုပ်စေသည့် မြို့သိမ်းတိုက်ပွဲ ဖြစ်ပေါ်လာရန် လိုအပ်ချက်များစွာရှိသော်လည်း တိုက်ခိုက်မှု ပိုမိုဖြစ်လာနိုင်ချေရှိသည်ဟု ဆိုသည်။
“တော်လှန်ရေးအင်အားစုတွေက စစ်တောင်းမြစ်ဝှမ်းကို ဆင်းလာတဲ့ဟာ၊ အဲဒီကနေတစ်ဆင့် ပဲခူးရိုးမဘက်ကို တက်လာတဲ့ဟာပေါ့၊ မြေပုံပေါ်မှာကြည့်မယ်ဆိုရင် AA က တောင်ကုတ်ကို တိုက်လာသလို အမ်းတို့၊ ပဒါန်းတို့၊ မကွေးတို့ အဲဒီဘက်မှာ စစ်ရေးအားကောင်းလာတဲ့ အခြေအနေတွေပေါ့။ အဲဒီဟာတွေက တစ်တန်းကြီးတွေ့နေရတယ်။ အဲဒီဟာက ပြည်မကို တိုးဝင်မှုအားလို့ ကျွန်တော်တော့မြင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
Leave a Reply