အုတ်ပုံကြားမှ ပြန်လည်ရုန်းထလာသော အုတ်ကျစ်ကျော်အေးမန္တလေး

နွေအပူရှိန်ပြင်းပြင်း တောက်လောင်နေတဲ့ မန္တလေးမြို့ကို ရောက်ရှိချိန်မှာတော့ လမ်းမကြီးတွေပေါ်မှာ အုတ်နီခဲတွေ ဖရိုဖရဲ ပုံနေတာကို တွေ့လိုက်ရပါတယ်။

အင်္ဂတေ ကွာကျ နေတဲ့ တိုက်နံရံတွေနဲ့ အက်ကွဲနေတဲ့ အဆောက်အအုံတွေကို ဟိုတစ်စု ဒီတစ်စု မြင်နေရပြီး အထပ်မြင့်တိုက်ကြီးအချို့မှာ မြေကြီးထဲ တစ်ဝက်လောက် ကျွံဝင်နေတာမို့ မြို့ပျက်ကြီး တစ်ခုနဲ့ပင် တူနေလေတော့သည်။

မန္တလေးမြို့ကို မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ မြို့တည်ခဲ့ပြီး မြို့တည် နန်းတည်နှစ်ကို အလွယ်တကူမှတ်သားနိုင်စေဖို့ “အုတ်ကျစ် ကျော်အေး မန္တလေး” ၊ “အောင်ကျော် ချမ်းအေး မန္တလေး”၊ “အင်ကြင်း ကြာအုံ ရတနာပုံ” လို့ ရှေးကြီးတွေမှတ်သားခဲ့ကြတာကို အပျက်အစီး တွေကြားကနေ အတွေးရောက်မိပြန်ပါတယ်။

မန္တလေးဟာ မြန်မာဘုရင်တွေရဲ့ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ခဲ့တာမို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ အများအပြား ကျန်ရှိနေပါသေးတယ်။ မန္တလေး နန်းမြို့ရိုးနဲ့ ကျုံးအပြင် ဘုရား၊ စေတီပုထိုးတွေကလည်း မြို့ရဲ့ သမိုင်းဝင် အမှတ်အသားတွေပါ။

ဒါပေမဲ့ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ဒဏ်ကြောင့် အဲဒီယဉ်ကျေးမှု အမွေအနှစ်တွေဟာ ပြိုကျ ပျက်စီးခဲ့ရပါတယ်။

မန္တလေးမြို့ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ဒုတိယကမ္ဘာစစ်ဒဏ်နဲ့ ၁၉၈၄ ဦးကျားကြီးဝင်းမီးဘေးအန္တရာယ်တွေကို ခါးစည်းခံခဲ့ရပါတယ်။ အဲ့ဒီလို ဘေးအန္တရာယ် အပျက်အစီးတွေကြားကနေ အသစ်တဖန် ပြန်လည် ထူထောင် နိုင်ခဲ့တာမို့ အခုလည်း အုတ်ပုံတွေ အပျက်အစီးတွေကြားထဲကနေ အသစ်တဖန် ရုန်းကန် ထူထောင်ဖို့ ပြင်ဆင်နေရဦးမှာ ဖြစ်ပါတယ်။

အင်အားပြင်းထန် ငလျင်လှုပ်ခတ်ပြီး တစ်လလောက် ကြာမြင့်ချိန်မှာတွေ့ရတဲ့ မန္တလေးမြို့ရဲ့ မိန်းလမ်းမကြီးနဲ့ လမ်းသွယ်တွေမှာ အပျက်အစီးမရှိတဲ့ နေရာ မရှိသလောက်ပါပဲ။

အဆောက်အအုံတွေဟာ ငလျင်ရဲ့အမှတ်အသားဖြစ်တဲ့ အက်ကွဲခြင်း၊ ပျက်စီးပြိုပျက်ခြင်း ဒဏ်ရာကိုယ်စီနဲ့ ဖြစ်လို့နေပါတယ်။ လမ်းမကြီး တစ်လျှောက်မှာရှိတဲ့ အပျက်အစီးတွေကြားထဲကနေ လူအများ သွားလာနေကြပေမယ့် မန္တလေးမြို့သူ မြို့သားတွေရဲ့ မျက်နှာမှာတော့ စိုးရိမ်ပူပန်မှုတွေ အထင်းသား တွေ့မြင်နေရပါတယ်။

ဘယ်နေရာကိုပဲ လှည့်ကြည့်ကြည့် အထပ်မြင့် အဆောက်အအုံတွေ ပြိုကျနေတဲ့ မြင်ကွင်းတွေကို မြင်တွေ့နေရဆဲပါ။ အထပ်မြင့်တိုက်တွေ မြေကြီးထဲ ကျွံဝင်နေတာတွေကိုလည်း အမြန်ဆုံး ဖယ်ရှား ရှင်းလင်းဖို့ လိုအပ်နေပါသေးတယ်။

မြို့ပျက်ကြီးတစ်ခုလို ထိခိုက်ခဲ့ရတဲ့ မန္တလေးရဲ့ ပြိုကျနေတဲ့ အိမ်တွေရှေ့မှာ အချို့ မိသားစုတွေဟာ ယာယီ တဲထိုးပြီး နေထိုင်နေကြပါတယ်။ ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ပြိုကျနေတဲ့ သူတို့ရဲ့ အိမ်ကို ပြန်ငေးကြည့်နေကြရတဲ့ ဘဝဟာ တကယ်ကို စိတ်မချမ်းမြေ့စရာပါ။

အက်ကွဲနေတဲ့ တိုက်နံရံတွေ၊ အထပ်မြင့် လူနေတိုက်ခန်းတွေ ပြိုကျနေတဲ့ နေရာတွေကို ဝါးလုံးရှည်တွေ၊ တာလပတ်တွေနဲ့ ကာရံထားတာ တွေ့ရသလို တိုက်ပတ်ပတ်လည်မှာလည်း အစိမ်းရောင် စကာစတွေ ကာထားပါတယ်။

အထပ်မြင့် ဈေးတွေ ထိခိုက်သွားတဲ့အတွက် ဆိုင်ခန်းတွေကို ရွှေ့ပြောင်းဖို့ ပစ္စည်းတွေ သယ်ယူနေကြတာလည်း တွေ့ရပါတယ်။

လက်ရှိ ငလျင်ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေသူတွေထဲမှာ အိမ်လုံးဝ ပြိုကျသွားသူတွေ၊ အိမ်အက်ကွဲနေသူတွေ၊ အဆောက်အအုံ တိမ်းစောင်းနေသူတွေအပြင် စစ်ဘေးရှောင်နေထိုင်သူတွေရဲ့ အငှားအိမ်တွေပါ ပြိုကျ ပျက်စီးသွားတဲ့ သူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ငလျင်ဘေးဒဏ် ခံရသူတွေဟာ အများပြည်သူတွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေနဲ့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ယာယီ တဲတွေနဲ့ နေထိုင်နေကြရပါတယ်။

အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည် လုံခြုံမှု မရှိတာကြောင့် စိတ်အားငယ်ပြီး သိမ်ငယ်နေကြရရှာမှာပါ။

ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ငလျင်ဘေးကယ်ဆယ်ရေး စခန်းတွေမှာ ရာနဲ့ချီတဲ့ အိမ်ထောင်စု တွေဟာ ယာယီ တဲတွေနဲ့ နေထိုင်နေကြရတာဖြစ်ပြီး လူမှုကူညီရေး လုပ်ဆောင်သူတွေက ဦးဆောင်ပြီး စီမံခန့်ခွဲနေတယ်လို့ စခန်းဖွင့်ထားသူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ငလျင်ကယ်ဆယ်ရေး စခန်းတွေမှာတော့ ဆေးပေးခန်း၊ ရွေ့လျား အိမ်သာ၊ အစားအစာတွေကို ဖြန့်ဝေပေးသူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ထိန်းသိမ်း စောင့်ကြည့် နေတယ်လို့ သိရပါတယ်။

အားလပ်ရက် အပန်းဖြေ ခရီးထွက်တဲ့အခါ အသုံးပြုကြတဲ့ Camping Tent ပလက်စတစ်ရွက်ဖျင်နဲ့ ယာယီ တဲတွေဟာ ငလျင်ကြောင့် နေအိမ် ပျက်စီးသွားသူတွေအတွက် ယာယီကာကွယ် ပေးမယ့် အမိုးအကာတွေ ဖြစ်လို့နေပါတယ်။ အချို့ နေရာတွေမှာတော့ Relief Tent တွေနဲ့ နေထိုင်ကြပြီး ဒီလို ယာယီ တဲတွေ ကပ်လျက် အိမ်ထောင်စုတွေ အစုလိုက် အပြုံလိုက် နေထိုင်ရတာကလည်း ကိုယ်ရေးကိုယ်တာ လုံခြုံမှု မရှိနိုင်ပါဘူး။

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း ၃၀၊ ၇၃ လမ်းထောင့် မင်္ဂလာဈေးဟောင်း နေရာမှာတော့ ယာယီ ပလတ်စတစ် တဲတွေနဲ့ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတစ်ခုကို မြင်နေရပါတယ်။

“မြေကြီးပေါ် နေရတာလေ ပူတာပေါ့။ တာလပတ် အမိုးအကာပဲ ရှိတာ။ အိမ်ပြန်ဆောက်ဖို့က ဘယ်ဆီ နေမှန်း မသိပါဘူး” လို့ စခန်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောလာတဲ့ အသံကို နားထဲ ပြန်ကြားမိ နေပါတယ်။

ငလျင်ဒဏ် ခံရသူတွေထဲမှာ စီးပွားရေး အဆင်ပြေခဲ့တဲ့ လူလတ်တန်းစားတွေနဲ့ အိမ်ပြိုသွားတဲ့ သူတွေလည်း အများအပြားပါဝင်နေပါတယ်။

သူတို့တွေဟာ သူတို့ရဲ့ အိမ်ပတ်ဝန်းကျင်မှာပဲ နေထိုင်နေကြကာ နှစ်ကြိမ် သုံးကြိမ် တန်းမစီတတ်၊ အတင်းတိုးဝှေ့မယူတတ်ကြတာကြောင့် ဘယ်ကမှ အထောက်အပံ့ မရရှာကြပါဘူး။

“Rooftop နဲ့ လေးထပ်အိမ် ပြိုကျသွားတယ်။ ဒီအိမ်ရဖို့ နှစ်တွေ အများကြီး ကြိုးစားလာရတာ။ အခု ပြိုသွားပြီ။ ကိုယ့်ဘာသာ အဆင်ပြေသလို နေတော့ ဘယ်ကမှ အကူအညီလည်း မရဘူး” လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက စာရေးသူကို ပြောပြနေပါတယ်။

နောက်ဆက်တွဲ လှုပ်ခတ်တဲ့ ငလျင်တွေကြောင့်လည်း နေအိမ်မှာ လုံခြုံစိတ်ချစွာ မနေရဲတဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက် နေထိုင်နေကြတယ်ဆိုတာ စခန်းတာဝန်ရှိသူတွေကနေ တစ်ဆင့် ပြန်ကြားသိရပါတယ်။

ငလျင် လှုပ်ခတ်ပြီး ရက်ပေါင်း ၃၀ အကြာ အချို့ နေရာတွေမှာ ငလျင်ဒဏ်မိတဲ့ တိုက်တွေကို ဖြိုချထားပြီး မြေနေရာ ကွက်လပ် အလွတ်တွေ ရှိနေတဲ့ နေရာတွေတွေ့ရပါတယ်။ ခမ်းနားစွာ တည်ဆောက်ထားတဲ့ ငလျင်ဒဏ်ထိ အထပ်မြင့် တိုက်ကြီးတွေကိုလည်း ကရိန်းကားကြီးတွေနဲ့ ဖြိုချဖို့ ပြင်ဆင်နေကြပါတယ်။

“ဝုန်း” ဆိုတဲ့ အသံနဲ့အတူ ဖုန်အလုံးလိုက် လွင့်လာပါတယ်။

တိမ်းစောင်း အက်ကွဲနေတဲ့ အထပ်မြင့်တိုက်တွေ၊ ပြိုပျက်နေတဲ့ အဆောက် အအုံတွေကို စက်ယန္တရားတွေ သုံးပြီး ဖြိုချလိုက်တဲ့ အသံတွေဟာ ငလျင်ဒဏ်သင့် မန္တလေးမြို့ထဲကို ဖြတ်သန်း သွားလာရင် ပုံမှန် ကြားနေရတဲ့ အသံတွေဖြစ်ပါတယ်။

လမ်းပေါ် ပြိုကျ ပျက်စီးနေတဲ့ တိုက်အပျက်တွေထဲက တစ်လုံးတလေကိုပဲ ဖြိုချနိုင်သေးပေမယ့် အဲ့ဒီ အပျက်အစီး အုတ်ပုံတွေကြားထဲကနေ မန္တလေး မြို့ကြီး ပြန်လည် ရုန်းထဖို့ ပြင်ဆင်နေပါတယ်။

ငလျင်ဒဏ်က ကင်းလွတ်တဲ့ ဈေးဆိုင်ခန်းတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ပြန်လည် ဖွင့်လှစ် နေတာကို တွေ့ရပါတယ်။ အဲဒီ လှုပ်ရှား အသက်ဝင်မှုက အုတ်ပုံတွေကြားထဲက ပြန်လည် ရုန်းထဖို့ အားပေးနေသလိုပါပဲ။

လက်ဖက်ရည်ဆိုင်တွေ အပါအဝင် စားသောက်ဆိုင်တွေ ပြန်လည် ပတ်နေကြပါပြီ။ ပြိုကျသွားတဲ့ ဈေးဆိုင်ခန်းအချို့ ပိတ်ထားဆဲဖြစ်ပေမယ့် အိမ်သုံးပစ္စည်းနဲ့ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းဆိုင် အချို့လည်း ဖွင့်လှစ်မှုတွေ ရှိပါတယ်။

အင်အား ပြင်းထန်လွန်းတဲ့ ငလျင် လှုပ်ခတ်ပြီး တစ်လ အကြာမှာပဲ အုတ်ပုံတွေကြားထဲမှာ မန္တလေး မြို့ကြီး လှုပ်ရှား အသက်ဝင် စပြုနေပြီ ဖြစ်ပါတယ်။

မန္တလေးမြို့ ဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်စုကျော် ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုင်ခင် ၁၈၆၀ ပြည့်နှစ်နဲ့ ၁၈၈၅ ခုနှစ် အကြား နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ လွတ်လပ်တဲ့ မြန်မာ မင်းနေပြည်တော် ဖြစ်ပါတယ်။

ယခင်က “ရတနာပုံ” လို့ အမည်တွင်ခဲ့ပြီး နောက်ပိုင်းမှာ “မန္တလေးတောင်” ကို အစွဲပြုပြီး “မန္တလေး” လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့တဲ့ အဲ့ဒီမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး စီးပွားရေး မြို့တော်လည်း ဖြစ်ပါတယ်။

လက်ရှိ မန္တလေးမြို့ဟာ ပြိုကျနေတဲ့ နန်းမြို့ရိုး ကျုံးဘေးနားကနေ ပွင့်လန်းနေတဲ့ ငုဝါပန်းတွေလိုပဲ ငလျင်ဘေးဒဏ်တွေကြား အုတ်ပုံတွေကြားထဲကနေ ပြန်လည် ရှင်သန်လာဦးမှာ ဖြစ်ပါတယ်။

✍ဟန်နွေသစ်

Leave a Comment