RFA Burmese နဲ့ VOA Burmese တို့ရပ်မဲ့ သတင်းတွေအောက်က ကွန်မင့်တွေကို လိုက်ဖတ်ရင် ဒီသတင်းဌာနတွေ ရပ်သွားတာ အင်မတန် ဝမ်းသာစရာကောင်းကြောင်း မန့်နေကြတဲ့ အကောင့်ပေါင်း ရာထောင်ချီ တွေ့ရပါလိမ့်မယ်။
တချို့အကောင့်တွေကတော့ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်ကို ထောက်ခံကြသူတွေ။ ကျန်တဲ့ အများစုကတော့ ဒီ သတင်းဌာနတွေ ရပ်သွားတာ ကောင်းတဲ့အကြောင်း ပုံစံအမျိုးမျိုးနဲ့ ရေးသားနေကြသူတွေ။
ခု ဒီပဲယင်း အိုးထိန်းကွင်း (မြောက်) ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲပြီး ကလေးငယ်အများစု အပါအဝင် ဆရာ၊ ဆရာမ ၂၀ ကျော် သေဆုံးတဲ့ သတင်းအောက်မှာလည်း လုပ်ရပ်ကို ဖုံးကွယ်နိုင်ဖို့ မဟုတ်မမှန်တာတွေကို အုံနဲ့ကျင်းနဲ့ လိုက်မန့်နေကြတာ တွေ့ရမှာပါ။
ဒါတွေက ခုမှ မဟုတ်ပါ။ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ခုတော့ သူတို့အင်အားက ကြောက်စရာကောင်းလောက်အောင် များနေတယ်လို့ ထင်စရာရှိပါတယ်။ တကယ်က ဒီအကောင့်တွေ ဒီအုပ်စုတွေက အရင်ကတည်းက ဒီလိုလုပ်နေကျဖြစ်လို့ မထူးဆန်းပါဘူး။
ထူးဆန်းတာက သူတို့ကွန်မင့်တွေကို တခြားကွန်မင့်တွေက မဖုံးတော့တာပါ။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီဆန့်ကျင်ရေး၊ အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ ဒီ ၄ နှစ်ကျော်ကာလမှာ ပုံမှန် အင်တာနက်သုံးသူတွေကြား Engage လုပ်တာ နည်းသွားတာက အကြောင်းရင်းတခု။
အရင်ကတော့ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို အင်တာနက်သုံးသူတွေ တုံ့ပြန်ကြရာမှာ ကွန်မင့်ပေးတာ၊ ရှဲတာတွေ အများကြီးရှိခဲ့ပေမဲ့ စစ်ကောင်စီက ကွန်မင့်ပေးတဲ့လူတွေကို ဖမ်းတာ၊ ခြိမ်းခြောက်တာတွေ နောက်ပိုင်းမှာ ဒီလိုသတင်းတွေအပေါ် လူတွေရဲ့ တုံ့ပြန်ပုံက အင်တာနက်ပေါ်မှာ ပုံစံပြောင်းလာခဲ့ပါတယ်။
ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တခုခု သတင်းတွေ တက်လာခဲ့ရင် သူတို့ဝါဒဖြန့်အကောင့်တွေကိုပဲ တွေ့ရပြီး ကျန်တာတွေ မှိန်ဖျော့ကုန်တာပဲ ဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီ ထောက်ခံသူတွေကျတော့ လွတ်လွတ်လပ်လပ် ဆဲဆိုနိုင်တယ်၊ ပြောဆိုနိုင်ကြပါတယ်။
ဒီအကောင့်တွေရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ လုပ်ရပ်ကို မှန်ကြောင်း မှားကြောင်း ကာကွယ်ပေးနေကြတာ မဟုတ်ပါဘူး။ ကလေးလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ သတ်ဖြတ်ခံနေရတာကို ဒီလူတွေ မသိဘဲ ဘယ်နေမလဲ၊ သိကြပါတယ်။ သူတို့မှာလည်း သားသမီးတွေ မိဘတွေ ရှိကြတာပဲ မဟုတ်လား။
ပြီးတော့ သူတို့အရေးအသား အပြောအဆိုတွေကြောင့် တော်လှန်ရေး၊ စစ်ကောင်စီ ဆန့်ကျင်ရေးကို ထောက်ခံနေသူတွေရဲ့ အတွေး၊ အမြင်တွေ ပြောင်းသွားမှာ မဟုတ်ဘူးဆိုတာလည်း သိကြပါတယ်။
သူတို့ ပစ်မှတ်ထားတာက ဟိုဘက်ကို စိတ်ကုန်၊ ဒီဘက်ကို စိတ်ကုန်ပြီး ခပ်ဝေးဝေးနေသူတွေ ဖြစ်ပါတယ်။ ပြီးတော့ အချိန်ကြာလာတာနဲ့အမျှ ဒီသတင်းတွေကို မတုံ့ပြန်ချင်ကြသူတွေကို ရည်ရွယ်တာပါပဲ။
‘အင်း အဲ့လိုလည်း ဟုတ်ချင်ဟုတ်မှာ’၊ ‘ဖြစ်နိုင်တာပဲ’၊ ‘အဲ့လိုဖြစ်နေရင်လည်း မလွန်ပါဘူး’၊ ‘ဒီလိုအချိန်ကြီး ဒီလိုလုပ်နေကြတော့ ခံရတာ မဆန်းဘူး’ ဆိုတဲ့ အသိစိတ်ကို သွင်းနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လိုက်ဖတ်မိလို့ စိတ်ထဲမှာ အဲ့ဒီလို ဝင်လာတယ်ဆိုရင် ကိုယ့်ဘာသာကို ပြန်ဆန်းစစ်ကြဖို့ပါပဲ။ ဝါဒဖြန့်ချိရေးဆိုတာ ဟိုလိုလို ဒီလိုလို လူတွေစိတ်ထဲ သံသယစိတ်ကို ယောင်ယောင်ကလေး သွင်းပေးတာ ဖြစ်ပါတယ်။
သတိကြီးကြီး ထားကြပါ မိတ်ဆွေများ။
Marrat Kyaw Thu