ငလျင်ကြောင့် ပျက်စီးသွားသည့် လွှတ်တော်အဆောက်အဦများကို လာမည့်ရွေးကောက်ပွဲအပြီး ပြန်လည်အသုံးပြုနိုင်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်သုတ်ရိုက်စီစဉ်နေပြီး ယမန်နေ့ (မေလ ၂၅) တွင် ထိုအဆောက်အဦများကို သွားရောက် ကြည့်ရှုခဲ့သည်။
လွှတ်တော်သို့ သွားရောက်နိုင်သည့် အမှတ်(၁)ဂိတ်အဝင် ကြိုးတံတားနှင့်မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်အဦများကို စစ်ခေါင်းဆောင်က သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

စစ်တပ် ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော် ခန်းမဆောင်တို့၏ မျက်နှာကျက်များ ပြိုကျပြီး အုတ်နံရံများလည်းဆိုးရွားစွာ အက်ကွဲထိခိုက်နေသည်ကို တွေ့မြင်ရသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်အပြီး ၂လပြည့်မည့်အချိန်တွင် စစ်ခေါင်းဆောင် လွှတ်တော်သို့ သွားရောက်ကြည့်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်အဆောက်အဦများအတွင်း ပြန်လည် ရှင်းလင်း ပြင်ဆင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ပြီးခဲ့သည့် မေလ ၅ ရက်ကလည်း အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဆက်စပ်သည့် လုပ်ငန်းများ၊ ကွန်ပျူတာများကို စနစ်တကျထားရှိရန်နှင့် လုံခြုံရေးဆိုင်ရာ ဂရုစိုက်ရန် ညွှန်ကြားထားသည်။
ထိုလှုပ်ရှားမှုများသည် ၂၀၂၅ နှစ်ကုန် ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်ခေါ်နိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု အများက ယူဆထားကြသည်။ သို့သော် ပျက်စီးသွားသည့် လွှတ်တော်အဆောက်အုံများသည် ထုထည်ကြီးမားပြီး ပြင်ဆင်ရန်ထက် အသစ်ပြန်ဆောက်ရမည်ဖြစ်ရာ ဘဏ္ဍာငွေနှင့် အချိန်လိုအပ်ချက်ရှိမည်ဟု အငြိမ်းစား စစ်တပ်အရာရှိကြီးတစ်ဦးက ပြောသည်။
“လက်ပူတိုက်ပြီး အဖြစ်သဘော ပြင်ရုံဆိုရင်တော့ရနိုင်ပါတယ်။ မဲပေးစနစ်၊ အသံစနစ်တွေက ဥရောပက အဆင့်မြင့်နည်းပညာသုံးစနစ်တွေပါ၊ အဲဒါတွေလည်း ပျက်စီးပါတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲများကို ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ဇန်နဝါရီလထဲတွင် အပိုင်းလိုက် ကျင်းပရန် စစ်ခေါင်းဆောင်က ပြင်ဆင်ထားရာ ယခင်လွှတ်တော် အစည်းအဝေး အစဉ်အလာများအရ ၂၀၂၆ ဖေဖော်ဝါရီတွင် လွှတ်တော်အစည်းအဝေးများ စတင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကြားကာလ အချိန် ၈ လသာ ကျန်ရှိကြောင်း ၎င်းက ထောက်ပြသည်။
“၈ လနဲ့တော့ စစ်အင်ဂျင်နီယာတပ်(GE) တပ်လက်ရာခပ်ကြမ်းကြမ်း လောက်ပဲ ဖြစ်မှာ၊ ACE (လွှတ်တော် ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီ) ကိုတော့ ရသလောက် ဖြစ်ညှစ်ပြီး အကျပ်ကိုင်မှာပါ” ဟု အထက်ပါ အငြိမ်းစား စစ်တပ်အရာရှိကြီးက ပြောသည်။
လွှတ်တော်အဆောက်အအုံထဲတွင် ဝန်ထမ်းများမနေရဲ၊ ရုံးမတက်ရဲသည့်အပြင် နေရာထိုင်ခင်းအခက်အခဲကြောင့် လွှတ်တော်ဝန်ထမ်းများကို အလှည့်ကျစီရုံးတက်ခိုင်းပြီး ဝန်ထမ်းအင်အား သုံးပုံတစ်ပုံသာ ရုံးတက်နေရသည်ဟုလည်း သိရသည်။
အဆိုပါ လွှတ်တော်အဆောက်အဦကို ယခင် အားကစားဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ပိုင်ဆိုင်သည့် ACE ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော် အဆောက်အဦများကို နောက်ဆုံးပေါ် အရည်အသွေးမြင့်ပစ္စည်းများ၊ အဆောက်အဦ တည်ဆောက်ရာတွင် အရည်အသွေး မြင့်မားစေရန် ဗိသုကာပညာနှင့်၊ သံမဏိ ဖရိန်တို့ကို အသုံးပြုထားသည်ဟု ယင်းကုမ္ပဏီ၏ ဝက်ဆိုက်တွင် ဖော်ပြသည်။
လွှတ်တော်တည်ဆောက်သည့် စီမံကိန်: ဧရိယာစုစုပေါင်း ၈၄၁ ဧကရှိပြီး ၂၀၀၅ မှစတင် ဆောက်လုပ်ခဲ့ရာ ၂၀၁၁ တွင်အပြီးသတ်ခဲ့သည်ဟု ACE က ဆိုသည်။ ငလျင်ကြောင့် ၃၈၆ ဧကရှိ လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်အဆောက်အဦများ၊ ဆက်စပ်အဆောက်အဦများ ပြိုကျပျက်စီးသွားခဲ့သည်။
ထိုသို့ပြိုကျပျက်စီးမှုများအတွက် နေပြည်တော်ဆောက်လုပ်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီများ နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်ကြရန် အဆောက်အဦများ ပြန်လည်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း နေပြည်တော်ဆောက်လုပ်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများ အဆောက်အဦများ ပြန်လည်ဆောက်လုပ်ခိုင်းရန်သို့မဟုတ် ပြုပြင်ပေးစေရန် ရည်ရွယ်သည်ဟု ယုံကြည်ရသည်။
အဆိုပါ ကုမ္ပဏီများ ဆက်သွယ်လာခြင်းရှိ၊ မရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တာဝန်ရှိသူနှစ်ဦးထံ ဖုန်းဆက်သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
လုပ်သက် ၁၅နှစ်ကျော်ရှိ အင်ဂျင်နီယာကတစ်ဦးက နေပြည်တော်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ ပြင်ဆင်မှုအခြေအနေ ပြောင်းလဲသွားသည်ဟု ပြောသည်။
“နေပြည်တော်မှာ အရင်က အဆောက်အဦ တစ်ခုခုဖြစ်ရင် ကားပေါ်ငွေထုတ်တင်ပြီးအသည်းသန်ပြင်ခိုင်းတာ၊ ခုက ဘတ်ဂျက်မရှိတော့ ခရိုနီကုမ္ပဏီတွေကို အရင်စိုက်ပြင်ပေး၊ ပြီးမှဘတ်ဂျက်ပြန်ချပေးမဲ့ သဘောမျိုးလုပ်နေတာ” ဟု သူက ပြောသည်။

စစ်ကောင်စီထံတွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို ပြန်လည်တည်ဆောက်ရန် ဘတ်ဂျက်လိုအပ်ချက်မှာ ကြီးမားနေပြီး ခရိုနီကုမ္ပဏီများကို ပြန်လည်တာဝန်ယူ တည်ဆောက်ခိုင်းမည်မှာ ဘဏ္ဍာရေးလိုအပ်ချက်ကြောင့်ဖြစ်ကြောင်း အထက်ပါ အင်ဂျင်နီယာကဆိုသည်။
နေပြည်တော်တွင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများထဲမှ စစ်ရုံးချုပ်နှင့်လွှတ်တော်အဆောက်အဦ ပြန်လည်ပြုပြင်တည်ဆောက်ရေးကို စစ်အင်ဂျင်နီယာတပ်(GE) လက်အောက်ရှိ အထူးဆောက်လုပ်ရေးတပ်များက တာဝန်ယူထားသည်ဟုလည်း စုံစမ်းသိရသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော်သေဆုံး၊ အိမ်ခြေ ၆၇,၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ ခန့် ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့သို့မြောက်များစွာသော လူသေဆုံးမှု အဆောက်အဦများ ပြိုကျပျက်စီးမှုအတွက် တာဝန်ခံသူ၊ တာဝန်ယူသူ မဲ့လျက်ရှိနေသည်။ ထိုင်းနိုင်ငံတွင်မူ ငလျင်ကြောင့် ဆောက်လက်စ ထိုင်းနိုင်ငံ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံး (State Audit Office) ပြိုကျပျက်စီးသွားခဲ့ရာ ထိုင်းလုပ်ငန်းရှင် ၁၇ ဦးကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထိုဝရမ်းထုတ်အပြီး တစ်ရက်အကြာ မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် Italian-Thai Development Co ၏ ဥက္ကဋ္ဌ ပရမ်ချိုင်း ကာနာဆုတာ (Premchai Karnasuta) အပါအဝင် ဗိသုကာပညာရှင်များနှင့်အင်ဂျင်နီယာ ၁၅ ဦး ရဲထံ အဖမ်းခံခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်ထိလည်း ဗိုလ်ချုပ်များ ရုံးတက်သည့် စစ်ရုံးချုပ် ပျက်စီးမှုအခြေနေကိုဖုံးဖိထားဆဲဖြစ်သည်။ ဝန်ကြီးဌာနအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးမှုနှင့်ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲမည့် ဘတ်ဂျက်သုံးစွဲမှုကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိကြောင်း ကမ္ဘ့ာဘဏ်၏ မေ ၇ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။ ပျက်စီးမှုပမာဏမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၁၄ ရာခိုင်နှုန်း ဖြစ်သည်ဟု ခန့်မှန်း တွက်ချက်ထားသည်။
လူနေအိမ်ထိခိုက်ပျက်စီးမှု ၄ ဒသမ ၉၇ ဘီလျံ၊ လူနေအိမ်မဟုတ်သည့် အဆောက်အဦများပျက်စီးမှု ၂ ဒသမ ၆၃ ဘီလျံ၊အခြေခံအဆောက်အအုံပျက်စီးမှု ၃ ဒသမ ၃၆ ဘီလျံကျော်ရှိသည်။ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် နေပြည်တော်တို့တွင်ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ကြောင်း၊ အချက်လက်ရရှိမှု အကန့်သတ်နှင့် အခြားသောမရေရာမှုများကြောင့် အမှန်တကယ်ပျက်စီးမှုပမာဏမှာ ပိုများနိုင်သည်ဟုလည်း ကမ္ဘ့ာဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ငလျင်ဘေး ပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးမှုများ ရှင်းလင်းရန် သဘာဝဘေးရန်ပုံငွေမှစစ်ကိုင်းအတွက် ကျပ် ၅၀ဘီလီလျံ၊ မန္တလေးအတွက် ကျပ်၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ဘီလျံ၊ရှမ်းပြည်နယ်အတွက် ၅ဘီလျံပေးအပ်ပြီး ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ် အကြီးအကျယ် ခံလိုက်ရသည့် မန္တလေးမြို့ မြို့နယ်အများအပြားတွင် နာလန်ထူရန် ခက်ခဲနေကြပြီး နေအိမ်ဆုံးရှုံးထားသော ဒေသခံများ၊ နေအိမ် ပြင်ဆင်ရမည့်သူများ၊ အထပ်မြင့် အဆောက်အဦအနီး နေထိုင်သူများသည် မြေကွက်လပ်များ၊ ပရဟိတအသင်းများ၊ ငလျင်ဒုက္ခသည်စခန်းများ စသည့်နေရာများသို့ သွားရောက်ကာ ယာယီတဲအမိုးအကာများဖြင့် ခိုလှုံနေကြဆဲဖြစ်သည်။

ထိုအခြေအနေတွင် မေလ ၁၇ ရက် ညပိုင်းက မြစ်သားမြို့ကို ဗဟိုပြု၍ ထပ်မံလှုပ်ခတ်ခဲ့သည့် အင်အား၅.၇ အဆင့်ရှိငလျင်ကြောင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁လမ်းနှင့် ၈၉လမ်းထောင့် အဘယာရာမရွှေဂူဘုန်းကြီးကျောင်းဝန်း၊ ဒငလျင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည် သားအဖနှစ်ဦး သေဆုံးခဲ့ရသည်။
နေပြည်တော်တွင်မူ ဝန်ကြီးဌာနယာယီရုံးခန်းများကို Modular House ဟုခေါ်သော အသင့်တပ်ဆင် တည်ဆောက်နိုင်သည့် အဆောက်အအုံများကို တည်ဆောက်နေပြီး မေလကုန်တွင် ရုံးများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသများ ရှိ လူဦးရေ ၆ဒသမ ၃ သန်းသည် အကူအညီများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဧပြီ ၃၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့သော အခြေအနေတွင် စစ်ခေါင်းဆောင်သည် ပြည်သူလူထုအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်များ လျစ်လျူရှုထားပြီး ယင်း၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန်သာ စိုင်းပြင်းနေသည်။
ထိုရွေးကောက်ပွဲကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ယနေ့ (မေလ ၂၆ ရက်) တွင် ဝေဖန်ထားသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ ရွေးကောက်ပွဲမဖြစ်နိုင်၊ ပြင်ပကမ္ဘာကို လှည့်ဖြားရန် ပြပွဲတစ်ခုသာဖြစ်သည်ဟု မိုဟာမက် ဟာဆန်က ဆိုသည်။
မိုဟာမက် ဟာဆန်၏ ထောက်ပြမှုတွင် စစ်ကောင်စီဦးဆောင်လုပ်မည့် ရွေးကောက်ပွဲကို အတိုက်အခံအဖွဲ့အစည်းအများက သပိတ်မှောက်ထားခြင်း၊ စစ်တပ်သည် ဒေသများစွာ၏ ထိန်းချုပ်မှုကို ဆုံးရှုံးထားခြင်းတို့ကြောင့် လက်ခံယူကြည်ဖွယ်မရှိဟူသော အချက်လည်း ပါဝင်သည်။