“သန်းခေါင်ယံသတ်ဖြတ်မှု”အပြီး ကျန်ရစ်သူ စစ်ဘေးရှောင်များ ရှင်သန်ရေး ရုန်းကန်နေရ

တနင်္လာနေ့သန်းခေါင်ယံမတိုင်မီ သုတ်သင် တိုက်ခိုက်ခံရသော ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းမှ ဆေးရုံတင်ထားရသည့် ကလေးငယ် ၃ ဦးအနက် အနည်းဆုံး ၂ ဦးသည် သူတို့၏ မိခင် သေဆုံးသွားသည်ကို မသိကြသေးဟု ရှင်ကျန်သူများကို ကူညီနေသည့် စေတနာ့ ဝန်ထမ်းတဦးက ပြောသည်။

တဦးမှာ အသက် တလခွဲသာရှိသေးပြီး ၃ နှစ်အရွယ် အခြားတဦးသည် ပြန်လည်သတိမရသေးပေ။ ၎င်းတို့၏ အကို ၆ နှစ်အရွယ်သည် ဖြစ်ပျက်ခဲ့သည်များကို နားလည် မလည် ရှင်းလင်းစွာ မသိရသေးပေ။

“သူတို့ မိခင်သေဆုံးပြီး ကလေး ၃ ယောက်က ဒဏ်ရာရတယ်။ အလတ်ကလေးက ဒဏ်ရာပြင်းထန်ပြီး အခုအထိ သတိမေ့နေတယ်” ဟု ထိုစေတနာ့ ဝန်ထမ်းပြောသည်။ “သူတို့အဖေက ရှေ့တန်း စစ်မျက်နှာ တနေရာမှာ စစ်ကောင်စီကို တိုက်ပွဲဝင်နေတယ်” ဟုလည်း ထိုစေတနာ့ဝန်ထမ်း ပြောသည်။

သူ၏သားအကြီးဆုံးကဲ့သို့ပင် သူသည်လည်း သူ့ဇနီးသေဆုံးသည်ကို မသိလောက်သေးပေ။ သူ၏ ကလေး ၃ ဦး ဆေးရုံတင်ထားရသည်ကိုလည်း သူ မသိလောက်သေးပေ။

ထိုမွေးချင်း ၃ ဦးသည် ကလေး ၁၃ ဦးအပါအဝင် လူအနည်းဆုံး ၂၉ ဦးသေဆုံးသည့် ပေါက်ကွဲမှုများအတွင်း ဒဏ်ရာရသူ ၅၇ ဦးတွင် ပါဝင်သည်။ သေဆုံးသည့် ထိုကလေးများအနက် တဦးသည် တနှစ်ခွဲအရွယ်သာ ရှိသေးသည်။

စစ်ကောင်စီတပ်များသည် လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ထိုကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခိုက်တိုက်ခိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောသည်။ လိုင်ဇာသည် KIA ဌာနချုပ်ဖြစ်သည်။

“ကျနော့်ရွာက ကလေးမလေးတယောက်က မိသားစုဝင်တွေ အကုန်ဆုံးရှုံးတယ်။ မိဘတွေ အကိုနဲ့ သူ့ဇနီးပါ ဆုံးတယ်။ သူက အဝေးမှာ ပညာသင်ကြားနေလို့ ဘာမှ မထိခိုက်တာ” ဟု မုန်လိုင်ချက် ကျေးရွာမှ ဒေသခံတဦး ပြောသည်။ “အခု သူ့မှာ မိသားစု ဘယ်သူမှ မရှိတော့ဘူး” ဟု သူပြောသည်။

သူသည် ထိုသို့မိသားစုတခုလုံးကို ဆုံးရှုံးသည့် တဦးတည်းသောသူ မဟုတ်ကြောင်း ပြည်တွင်းစစ်ဘေးရှောင်များ နေထိုင်ရာ ထိုကျေးရွာမှ ဒေသခံများပြောသည်။

ထိုသေဆုံးမှုများသည် အမိုးနီးယမ်းနိုက်ထရိတ် ၁၀၅ တန်နှင့် လက်နက်များသိုလှောင်ထားသည့် KIA လက်နက်တိုက် ပေါက်ကွဲသောကြောင့် ဖြစ်ကြောင်း စစ်ကောင်စီက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိုသို့ သေဆုံးရသည်ဆိုသည့် သတင်းများကို တန်ပြန်ခြင်းဖြစ်သည်။

KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီ၏ ပြောဆိုချက်များသည် ဝါဒဖြန့်ချိခြင်း သက်သက်ဖြစ်ကြောင်း ပြောပြီး ၎င်းတို့အဖွဲ့အစည်းသည် အရပ်သားများနေထိုင်ရာ နေရာအနီးတွင် မည်သည့်အခါမျှ ယမ်းသိုလှောင်ခြင်း မရှိကြောင်း ပြောသည်။ KIA ကပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုအရ စစ်ကောင်စီသည် ဗုံးများသယ်ဆောင်လာသည့် အဆင့်မြင့်နည်းပညာ ဒရုန်း သို့မဟုတ် ဒရုန်းများဖြင့် ထိုစစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ကြောင်း သူပြောသည်။

မီဒီယာသတင်းများတွင် သန်းခေါင်ယံမတိုင်မီ အချိန်အနည်းငယ်တွင် ပေါက်ကွဲမှု အများအပြား ဖြစ်ပွားပြီး အချို့သတင်းများက ပထမဆုံး ပေါက်ကွဲမှုသည် ၁၁ နာရီခွဲတွင်စတင်သည်ဟု ဖေါ်ပြသည်။

ပေါက်ကွဲမှုအများအပြားဖြစ်ခဲ့ကြောင်း ထိုကျေးရွာတွင်နေထိုင်ခဲ့သူများက ပြောကြားသည်။ ပထမဆုံး ပေါက်ကွဲမှုသည် ပြင်းထန်ပြီး နောက်ထပ်ပေါက်ကွဲမှု ဆက်တိုက် အများအပြားဖြစ်ကြောင်း ၎င်းတို့ပြောသည်။ ဗုံးဒဏ်ကြောင့်ဖြစ်လာသည့် ကျင်းများကို ပြသပြီး ထိုတိုက်ခိုက်မှုသည် ၎င်းတို့ကျေးရွာကို သုတ်သင်ရှင်းလင်းသည့် သက်သေဖြစ်ကြောင်း ပြောသည်။

မုန်လိုင်ခက် ကျေးရွာမှ စစ်ဘေးရှောင် ၆၀၀ ကျော်သည် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေဆဲ ဖြစ်ကြောင်း ဒေသခံ အကူအညီပေးရေးအဖွဲ့များ ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ထိုကျေးရွာမှ ဒေသခံအများစုသည် ဝိုင်ချရိုင် စစ်ဘေးရှောင်စခန်းရုံးအနီးမှ နေရာ ၄ ခုတွင် ခိုလှုံနေသည်ဟု ထိုစခန်းမှ ကိုယ်စားလှယ်တဦးကဗုဒ္ဓဟူးနေ့တွင်ပြောသည်။

“ကျနော်တို့ အရမ်းရုန်းကန်နေရတယ်။ ကျနော်တို့မှာ လူအများကြီးအတွက် နေရာမရှိဘူး။ သူတို့ကို ကျွေးစရာလည်း လုံလုံလောက်လောက် မရှိဘူး” ဟုလည်း သူပြောသည်။

“သူတို့က အရာရာဆုံးရှုံးကုန်ပြီ။ အစားအစာ၊ ရေ၊ အဝတ်အထည်၊ အိပ်ရာ၊ စောင်၊ ကလေးဝတ်နဲ့ အိုးခွက်က အစ အရာရာ ကျနော်တို့လိုအပ်နေတယ်” ဟုလည်း သူပြောသည်။

KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအတွက် လမ်းများပိတ်ဆို့ထားခြင်းကြောင့် ထိုစစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီပေးရန် မဖြစ်နိုင်ကြောင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ စေတနာ့ဝန်ထမ်းတဦးပြောသည်။

မုန်လိုင်ခက်ကျေးရွာမှ ဒေသခံများက ၎င်းတို့သည် ရွာမရှိတော့သောကြောင့် ရွာပြန်ရန် မဖြစ်နိုင်တော့ကြောင်း ပြောသည်။

“ကျနော်တို့ တရားမျှတမှု လိုချင်တယ်။ ဒါဟာ စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာ ပထမဆုံး အကြိမ်မဟုတ်ဘူး” ဟု ကချင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးပြောကြားပြီး “ထိခိုက်သူ အားလုံအတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ကို ကျနော်အလေးထားပြောချင်တယ်” ဟုလည်း ဆက်လက်ပြောကြားသည်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနောက်ပိုင်းတွင် KIA နှင့် အမျိုးသားညီညွတ်ရေး အစိုးရက ထိုတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်သည်ဟု ရှုတ်ချသည်။

ကုလသမဂ္ဂကလည်း ကြေညာချက်တစောင်ထုတ်ပြန်သည်။ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ထိုသေဆုံးမှုများကြောင့် တုန်လှုပ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို အရေးယူရမည်ဖြစ်ကြောင်း ပြောသည်ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

“အတွင်းရေးမှူးချုပ်သည် ဒေသတွင်း မတည်ငြိမ်မှုကို ဆက်လက်မီးထိုးပေးနေသည့် စစ်တပ်က တနိုင်ငံလုံးတွင် တိုက်ခိုက်မှု အရှိန်မြှင့်တင်ခြင်း အပါအဝင် အကြမ်းဖက်မှု ပုံစံအားလုံးကို ပြစ်တင်ရှုတ်ချသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းကို အာဏာသိမ်း စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် ရှုတ်ချကြောင်း အမေရိကန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံများက ထုတ်ပြန်သည်။

ရန်ကုန်ရှိ ဗြိတိန်သံရုံးကလည်း ကြေညာချက်တစောင် ထုတ်ပြန်သည်။ အရပ်သားများကို သေဆုံးစေသည့် မြန်မာ စစ်တပ်တိုက်ခိုက်မှုသတင်းများကြောင့် တုန်လှုပ်ကြောင်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Displaced Again: IDPs Struggling to Survive Myanmar’s ‘Midnight Massacre’ ကို ဘာသာပြန်သည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *