ကြောက်စရာကောင်းသည့် ပြိုင်ဘက်များနှင့် စစ်ကောင်စီ ရင်ဆိုင်နေရပြီဟု သံအမတ်ဟောင်းများပြော

ကြောက်စရာကောင်းသည့် ပြိုင်ဘက်များနှင့် စစ်ကောင်စီ ရင်ဆိုင်နေရပြီဟု သံအမတ်ဟောင်းများပြော
−−−−−−−−−−−−−−−−−−−−−−−−

စစ်ကောင်စီသည် နိုင်ငံတကာစာမျက်နှာတွင် ထောက်ခံမှုကျဆင်းနေသည်၊ ပြည်တွင်းတွင်မူ လက်နက်ကောင်းများ ပိုင်ဆိုင်လာပြီး စိတ်ဓာတ်တက်ကြွနေသည့် ကြောက်စရာကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသည်ဟု ထိုင်းနှင့် ဒတ်ချ်သံအမတ်ဟောင်းတို့က ဆိုသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အခင်းအကျင်းဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ စစ်အစိုးရကို နိုင်ငံတကာက ထောက်ခံမှု လျော့နည်းလာနေပါတယ်။ ပြည်တွင်းမျက်နှာစာမှာလည်း ပိုပြီး ကြောက်စရာကောင်း၊ လက်နက်ကိုင် ပိုကောင်းလာပြီး၊ စိတ်အားထက်သန်မှုနဲ့ စည်းလုံးမှုပိုရှိလာတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဆိုသည်။

ယနေ့ (ဇန်နဝါရီ ၂၄ ရက်) ဘန်ကောက်ပိုစ့်ပါ မြန်မာနိုင်ငံသစ်အတွက် အာဆီယံ ထောက်ခံသင့် “Asean should back a new Myanmar”ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်တွင် ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒတ်ချ်သံအမတ်ဟောင်း Laetitia van den Assum နှင့် ထိုင်းလွှတ်တော်အမတ်ဟောင်းနှင့် သံအမတ်ဟောင်း Kobsak Chutikul တို့ ထိုသို့ ပူးပေါင်းရေးသားခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံကာအသိုင်းအဝန်းနှင့် တော်လှန်ရေးအင်အားစုများအကြား ဆက်သွယ်ဆောင်ရွက်မှု တိုးလာနေသော်လည်း နိုင်ငံတကာညီလာခံများတွင် မြန်မာကိုယ်စားပြု ကိုယ်စားလှယ်များမရှိဘဲ နှုတ်ဆိတ်လျက်ရှိသည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီသည် နယ်စပ်ဒေသအများအပြားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု ဆိုထားပြီး ထိုအချက်သည် လူအတော်များများ အံ့အားသင့်သွားခဲ့ကြသည်ဟု ဆောင်းပါးက ဆိုပြီး မြန်မာစစ်တပ်ကို “အနိုင်ယူစွမ်းမရှိ” ဟု မည်သည့်အခါမျှ မထင်ခဲ့ကြခြင်းကြောင့်ဟု ဆိုသည်။

ပြည်သူကို အခြေခံဝန်ဆောင်မှုများ မပေးနိုင်တော့ခြင်း၊ နယ်မြေများ ဆုံးရှုံးသွားခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိတော့ခြင်းတို့ကြောင့် စစ်ကောင်စီနှင့် အလုပ်ဆက်လုပ်ရန် အဖုအထစ်များဖြစ်လာပြီး နှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းတို့ဖြင့် မသေချာမရေရာမှုများကို ပြသနေသည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြသည်။

ဆောင်းပါး နိဂုံးပိုင်းတွင် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အုတ်မြစ်ချနေကြသူများ၏ အသံများကို နားထောင်ရန် ဆောင်းပါးရှင်းများက တိုက်တွန်းထားသည်။

ဖြစ်ပေါ်လာမည့် ကြီးမားသော စိန်ခေါ်မှုများအတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိုသူများကို ပိုမိုကူညီသင့်သည်၊ ဒေသတွင်း တစ်ခုလုံးသို့ ပြောင်းလဲစေနိုင်မည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းသင့်များကိုလည်း ရှာဖွေသင့်သည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြသည်။

(ပုံစာ − စစ်ကောင်စီတပ်စခန်းများမှ ရက္ခိုင်တပ် AA က သိမ်းဆည်းထားသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ကောင်စီ နိုင်ငံတကာတွင် ထောက်ခံမှုမရကြောင်း ပြသနေသော အာဆီယံအစည်းအဝေးတွင် မြန်မာထိုင်ခုံ လစ်လပ်ထားပုံ။ ဓာတ်ပုံများ AA Info Desk, EPA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *