“အလွယ်မယုံနဲ့”

သင်္ဘောသုံးစင်း ဖြစ်စဉ်ကြောင့် ကလေးတွေ သေဆုံးရပါတယ်လို့ နာဂစ်မုန်တိုင်းက ဓာတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေလာတဲ့ လုပ်ကြံသတင်းဖြန့်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညရှစ်နာရီ အချိန်ခန့်က စပြီး Myanmar Hard Talk (MHT) အမည်ရ စစ်ကောင်စီရဲ့ လော်ဘီ သတင်းမီဒီယာရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ‘ကျောက်တော်ဖြစ်စဉ်အတွင်း အသတ်ခံရသည့် ကလေးငယ်များ’ လို့ ခေါင်းစဉ်တပ်ပြီး ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားတဲ့ စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်း ဖြစ်စဉ်ကို လုပ်ကြံသတင်းဖန်တီးပြီး စတင်ဖြန့်ဝေလာပါတယ်။

အဲဒီတယ်လီဂရမ်ပိုစ့်ကို Myanmar Hard Talk အမည်ရ စောင့်ကြည့်သူ သုံးသောင်းကျော်ရှိတဲ့ တယ်လီဂရမ်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ည ၈ နာရီ ၃၅ မိနစ် အချိန်မှာ စတင်ဖြန့်ဝေလာခဲ့တာပါ။ ဖြန့်ဝေတဲ့အချိန်ကနေ စလို့ အချက်အလက်စစ်ဆေးချိန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်ထိ ကြည့်ရှုသူ ၉၀၀၀ နီးပါး၊ တုံ့ပြန်မှု ၂၅၀ ခန့်၊ မှတ်ချက် ၃၀ ခန့်နဲ့ ထပ်ဆင့်မျှဝေမှု ၂၂ ခု ရှိနေပါတယ်။

ပိုစ့်မှာ အသုံးပြုထားတဲ့ ပုံမှာ ‘ကျောက်တော်ဖြစ်စဉ်အတွင်း အသတ်ခံရသည့် ကလေးငယ်များဟုဆိုကာ လူမှုကွန်ယက်တွင် ထွက်ပေါ်နေသည့် မှတ်တမ်းဓာတ်ပုံ’ ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး ကလေးသူငယ်နှစ်ဦး ရေစပ်ဒေသမှာ သောင်တင်သေဆုံးနေတဲ့ ဓာတ်ပုံနဲ့ ကလေးသူငယ်တွေနဲ့ လူကြီးတွေ အပါအဝင် ခြောက်ယောက်ခန့် ရေပေါ် ပေါ်လောပေါ် သေဆုံးနေတဲ့ ဓာတ်ပုံ နှစ်ပုံကို ပေါင်းစပ်ထားတာပါ။

အဲဒီပုံကို ❝ကလေးငယ်များအပါအဝင် တပ်မတော် မိသားစုဝင်များနှင့် ဝန်ထမ်း ၉၀၀ နီးပါးကို 𝘼𝘼 အဖွဲ့က မြစ်ကြောင်းတစ်လျှောက်၌ သတ်ဖြတ်ခဲ့ကြောင်း သတင်းထွက်ပေါ်❞ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖြန့်ဝေလာတာပါ။

အဲဒီခေါင်းစဉ် ပါဝင်တဲ့ သတင်းကို လူမှုကွန်ယက်အကောင့်တွေမှာ ပုံစံတူ ထပ်ဆင့်မျှဝေတာမျိုးတွေ ရှိပါတယ်။

ဖြန့်ဝေမှုမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေရဲ့ ရင်းမြစ်ကို ဓာတ်ပုံစစ်ဆေးတဲ့ နည်းစနစ် (Reverse Image) သုံးပြီး ရှာဖွေရေး အင်ဂျင်တွေမှာ စစ်ဆေးကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေရဲ့ ဓာတ်ပုံတွေ ဖြစ်နေပါတယ်။ ဖြန့်ဝေမှုမှာ အသုံးပြုလာတဲ့ ပထမဓာတ်ပုံဆိုရင် ၂၀၀၈ ခုနှစ်၊ မေလ ၉ ရက်နေ့၊ နာဂစ်မုန်တိုင်း တိုက်ခတ်မှု အပြီး နှစ်ရက်မြောက်မှာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့ရဲ့ ဆားကျင်းချောင်းစပ်မှာ သေဆုံးနေတဲ့ ကလေးနှစ်ယောက်ရဲ့ အလောင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းပါ။

ဒုတိယပုံကို စစ်ဆေးတဲ့အခါမှာလည်း တစ်ထပ်တည်း တူညီတဲ့ ဓာတ်ပုံတွေကို မတူညီတဲ့ ရင်းမြစ်တွေက ဖြန့်ဝေထားချက်ကို မေလ ၉ ရက်နေ့၊ ၂၀၀၈ ခုနှစ် အချိန်မှာ အစောဆုံးတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို အစောဆုံး ဖြန့်ဝေတဲ့ ရင်းမြစ်က DVB သတင်းဌာန၊ ဧရာဝတီသတင်းဌာနနဲ့ CBC လို နိုင်ငံတကာသတင်းဌာနတွေက ပြန်လည်သုံးစွဲမှုမှာ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။

အဲဒီလို သတင်းဓာတ်ပုံအမှန်၊ ဖြစ်စဉ်အမှန်ကို အခြေခံပြီး လှည့်ဖျားလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းလဲတင်ဆက်ထားတာကို ပြုပြင်စီမံတင်ဆက်ချက် (Manipulated Content) အဖြစ် သတ်မှတ်နိုင်ပြီး ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောသုံးစင်း နစ်မြုပ်တဲ့ ဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ကလေးသူငယ်တွေရဲ့ ဓာတ်ပုံမှတ်တမ်းဆိုတာဟာလည်း လုံလောက်တဲ့ သက်သေအထောက်အထား မပါဝင်ဘဲ ရုပ်ပုံအဟောင်းတွေကို ပြန်လည်အသုံးပြု လုပ်ကြံထားတာကို စိစစ်တွေ့ရှိပါတယ်။

ဒါ့အပြင် Myanmar Hard Talk ချန်နယ်အပါအ၀င် စစ်ကောင်စီလော်ဘီတွေရဲ့ ဖော်ပြချက်မှာက

𝘼𝘼 အဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောသုံးစင်း နစ်မြုပ်ခဲ့ကြောင်း ၊ ဒီစစ်သင်္ဘောတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် မိသားစုဝင်တွေ၊ ဝန်ထမ်းတွေ စုစုပေါင်း ၉၀ဝ နီးပါး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအကြောင်းအရာနဲ့ပက်သက်ပြီး စုံစမ်းဖော်ထုတ်ထားခဲ့ရာမှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့ရတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ဗိုလ်မှူးတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင် ၆၈၀ဦးကျော် သေဆုံးသွားတာကို သိရပြီး သာမန်အရပ်သားပြည်သူတွေ ပါ၀င်ခြင်းမရှိကြောင်းကိုလည်း သိရပါတယ်။

သတင်းအပြည့်အစုံ –

စစ်ကောင်စီလော်ဘီတွေရဲ့ ဖော်ပြချက်ကို စိစစ်ကြည့်ရင် တော်လှန်ရေး တပ်ဖွဲ့၀င်တွေနဲ့ ပြည်သူတွေအကြား အထင်မြင်လွဲမှားစေဖို့နဲ့ သူတို့ စစ်သားတွေ ဆုံရှုံးမှုအတွက် ဖုံးကွယ်ရန်ကြိုးစားခဲ့တာကို မြင်သာနိုင်ပါတယ်။ အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

ဒီသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့ သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ်မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *