ကရင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ရဟတ်ယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးသွားသည့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် နေရာတွင်အစားထိုးရန် နေပြည်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက ဖေဖော်ဝါရီလဆန်းပိုင်း၌ တပ်မမှူးအသစ်တဦးကို ထပ်မံခန့်အပ်လိုက်ရသည်။
“တဗိုလ်မရှိ တဗိုလ်” ဟူသည့် စစ်ကောင်စီတပ်၏ ဆိုရိုးစကားအရ မြဝတီမြေကို မနင်းလိုက်ရသည့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နေရာတွင် အစားထိုးခန့်အပ်ခံရသူ တပ်မမှူးမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဘုတ်ပြင်းမြို့အခြေစိုက်၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကြီး စိုးမင်းထက် ဖြစ်ပြီး တပ်မ ၄၄ သို့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တိုး၊ ရာထူးတိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် စိုးမင်းထက်သည် တပ်မ ၄၄ သို့ ရာထူးတိုးဖြင့်ရောက်ရှိလာပြီးနောက် တပ်မမှူးအဖြစ် ၃ လခန့်သာ ကြာမြင့်ခဲ့သည်။ ၎င်းသည်လည်း နောင်တော် စီနီယာတပ်မမှူးများ၏ လမ်းစဉ်အတိုင်း ရာထူးမှဖြုတ်ချခံရကာ စစ်ခုံရုံးဖြင့် စစ်ဆေးခံနေရကြောင်း တပ်မ ၄၄ နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
“ ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)မှာ တွဲဖက်နဲ့ အစစ်ခံနေရတယ်လို့ သိရတယ်။ စစ်ဆေးဆဲကာလပဲ ရှိသေးတယ်” ဟု တပ်မ ၄၄ နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
ဗိုလ်မှူးချုပ် စိုးမင်းထက် ဘယ်သူလဲ
ဗိုလ်မှူးချုပ် စိုးမင်းထက် မှာ ပဲခူးတိုင်း၊ ဖြူးမြို့ဇာတိ ဖြစ်သည်။ ၎င်း၏ ဖခင်မှာ စစ်မှုထမ်းအငြိမ်းစားဖြစ်ပြီး မိခင်မှာ အငြိမ်းစားကျောင်းဆရာမ ဖြစ်ကာ ၎င်းကို ၁၉၇၉ ခုနှစ်တွင် မွေးဖွားခဲ့သဖြင့် အသက် ၄၅ နှစ် ဝန်းကျင်ရှိပြီ ဖြစ်သည်။
၁၉၉၆ တွင်ဖွင့်လှစ်သည့် စစ်တက္ကသိုလ်(DSA) အမှတ်စဉ် ၄၁ ကိုတက်ရောက်ခဲ့သူဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် မဟာနည်းပညာဘွဲ့(သတ္ထုဗေဒ)ဖြင့် စစ်တက္ကသိုလ်မှ ဗိုလ်သင်တန်းဆင်းပြီးနောက် ၎င်း၏ စစ်တပ်အရာရှိဘဝကို မိတ္ထီလာအခြေစိုက် ခလရ ၇၉ မှ စတင်ခဲ့သည်။ ကိုယ်ပိုင်အမှတ်မှာ ကြည်း ၃၁၆၆၄ ဖြစ်သည်။
၎င်းတွင် ဇနီးနှင့် သား ၁ ဦး၊ သမီး ၂ ဦး ရှိပြီး သင်တန်းကျောင်း၊ စစ်ဌာနချုပ်နှင့် ခြေလျင်၊ခြေမြန်တပ်ရင်း/တပ်ဖွဲ့ ၆ ခုထက်မနည်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စစ်အာဏာသိမ်းချိန် ၂၀၂၁ အစောပိုင်းတွင် ဗိုလ်မှူးကြီး အဆင့်ရရှိကာ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၁၃) တွင် ဒုတိယတပ်မမှူး အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂၀၂၁ မှ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ စကခ ၁၃ တွင် ဒုတိယတပ်မမှူးအဖြစ် ၃ နှစ်ကျော်ကြာပြီးနောက် ၎င်း၏ စစ်တပ်အရာရှိဘဝ အဆုံးသတ်ရမည့်အခြေအနေကို ဆိုက်ရောက်လာခဲ့သည်။
နောက်တန်းတွင်ကွပ်ကဲရသည့် ဒုတိယတပ်မမှူးအဖြစ်မှ ရှေ့တန်းစစ်ဆင်ရေးအထိ လိုက်ပါကွပ်ကဲရမည့် တပ်မမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့ခဲ့ရသဖြင့် တပ်မ ၄၄ စစ်ဆင်ရေးဝင်နေသည့်ဒေသ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းသို့ ယခုနှစ်ဖေဖော်ဝါရီလဆန်းမှာ ရောက်ရှိလာခဲ့သည်။
တပ်မမှူးအသစ်နှင့် မြဝတီမြို့သိမ်းတိုက်ပွဲ
စစ်အာဏာသိမ်းပြီးနောက် တပ်မ ၄၄ ၏ ၅ ဦးမြောက် တပ်မမှူးအဖြစ် ရောက်ရှိလာသည့် ဗိုလ်မှူးချုပ် စိုးမင်းထက်သည် ယခင်တပ်မမှူးများအခြေပြုခဲ့သည့် မြဝတီမြို့၊ ဖားချောင်းရွာရှိ ခလရ ၂၇၅ တပ်ရင်း အတွင်းမှပင် ရှေ့တန်းစစ်ဆင်ရေးများကို ကွပ်ကဲရခြင်းဖြစ်သည်။
၎င်းရောက်ရှိလာပြီး ၁ လ ကျော်အကြာ မတ်လအတွင်းမှာပင် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသများတွင် တိုက်ပွဲများပြင်းထန်လာကာ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများမှ ကျိုက်ဒုံဗျူဟာကို မတ်လနောက်ဆုံးအပတ်တွင်လည်းကောင်း၊ သင်္ကန်းညီနောင်အခြေချစစ်ဗျူဟာဌာနချုပ်နှင့် လက်အောက်တပ်ရင်းများကို ဧပြီလဆန်းပိုင်းတွင်လည်းကောင်း အသီးသီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးအင်အားစုများက ဧပြီလ ၉ ရက်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၁ ရက် မနက်အစောပိုင်းမှာတော့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးစီးကာ ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီ-မဲဆောက် အမှတ် ၂ တံတားအောက်သို့ ထွက်ပြေးခဲ့ကြသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများသည် ခလရ ၂၇၅ ကို သိမ်းပိုက်လိုက်ကြသည်။
တံတားအောက်တွင် ၁၀ ရက်ကြာ တပ်စွဲနေသည့် ဗိုလ်မှူးချုပ် စိုးမင်းထက်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ဧပြီလ ၂၀ ရက်တွင် တော်လှန်ရေးအင်အားစုများမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ၁ ရက်နှင့် ၁ မနက်ကျော် ကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်မှ နေ့ရော၊ ညပါ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်ခဲ့ရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးခဲ့ပြီး တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဧပြီလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြဝတီမြို့သိမ်းတိုက်ပွဲသည် ဧပြီလ ၂၂ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး မြဝတီမြို့တွင်းနှင့် ခလရ ၂၇၅ တွင် တပ်စွဲနေသည့် တော်လှန်ရေးအင်အားစုများသည်လည်း ၎င်းတို့တပ်စွဲနေသည့်နေရာများမှ အသီးသီး ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း နယ်ခြားစောင့်တပ် BGF တဖြစ်လဲ ကရင်အမျိုးသားတပ်မတော်-KNA ၏ အကူအညီဖြင့် ခလရ ၂၇၅ တပ်ရင်းသို့ပြန်လည်ဝင်ရောက်ကာ ၎င်းတို့၏အလံကို လွှင့်ထူနိုင်ခဲ့ပြီး တပ်ရင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ဖော်ပြခဲ့ကြသည်။
စခန်းစွန့်ခဲ့လို့ အရေးယူခံရ
မြဝတီတိုက်ပွဲများ ပြီးဆုံးပြီးနောက် ဧပြီလကုန်ပိုင်းမှာပင် စစ်ဗိုလ်ချုပ်များက တပ်မ ၄၄ တပ်မမှူး နေရာကို နောက်ထပ် ဗိုလ်မှူးကြီး တဦးဖြင့် အစားထိုးခန့်အပ်ခဲ့ပြီး ဗိုလ်မှူးချုပ် စိုးမင်းထက်အား တပ်စခန်းစွန့်ခွာမှုဖြင့် ဖမ်းဆီးခဲ့သည်။
“ ခွင့်ပြုချက်မရဘဲ ၂၇၅ ကနေ စခန်းစွန့်ခွာလို့ဆိုပြီး စစ်ဆေးအရေးယူမှုတွေ လုပ်နေတယ်လို့ သိရတယ်” ဟု တပ်မ ၄၄ နှင့်နီးစပ်သူ သတင်းရင်းမြစ်က ဆိုသည်။
မြဝတီမြို့သိမ်းတိုက်ပွဲမှာ မော်လမြိုင်၊ ရတခမှနေ၍ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးစီးပြီး ကစထမှူး၊ တိုင်းမှူးများနှင့်အတူ အနီးကပ်ကွပ်ကဲပြီး ရှုံးနိမ့်ခဲ့သည့် တိုက်ပွဲဖြစ်သော်လည်း မြေပြင်တွင်တိုက်ခိုက်ရသည့်တပ်မမှူးသာ စခန်းစွန့်ခွာမှုဖြင့် အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
တပ်မမှူးသင်္ချိုင်း တပ်မ ၄၄ နှင့် ၆ ဦးမြောက် တပ်မမှူး
KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရသည့် တပ်မ ၄၄ သည် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် လက်ရှိကာလအထိ တပ်မမှူး ဗိုလ်မှူးချုပ် ၆ ဦး အထိအပြောင်းအလဲလုပ်ခဲ့ရသည်။
၅ ဦးမြောက် တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် အထိ တပ်မ ၄၄ မှထွက်ခွာရသည့် ဗိုလ်မှူးချုပ်များသည် ကောင်းမွန်သည့် ထွက်ခွာခြင်းမျိုးမဟုတ်။
တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ၊ မြေပြင်စစ်ရေးရှုံးနိမ့်မှုများကြောင့် ရာထူးမှဖြုတ်ချခံရပြီး အရပ်ဘက်ပို့ဆောင်ခံရသူနှင့် ရာထူးမပြုတ်သော်လည်း အရန်အင်အားကို ပို့ဆောင်ခံရသူများသာ ဖြစ်သည်။
“ ၄၄ က တပ်မမှူးသင်္ချိုင်းလို့ပဲ ပြောရမှာပေါ့။ ရောက်လာတဲ့ တပ်မမှူးအသစ်တွေ အကုန်ပြုတ်နေလို့ ၄၄ ကိုရောက်မှာ ကြောက်နေကြလောက်ပြီ။ မင်းအောင်လှိုင်က သူတပ်မမှူးလုပ်ခဲ့တဲ့ တပ်မဖြစ်လို့ ၄၄ တပ်မမှူးတွေကို အဆင့်တိုးပေးချင်ပေမယ့် ရောက်လာတဲ့ တပ်မမှူးတွေက မြေပြင်မှအသာစီးရဖို့ တယောက်မှ မစွမ်းဆောင်နိုင်တော့ တယောက်ပြီးတယောက် ချိန်းနေရတာ“ ဟု မြန်မာစစ်တပ်မှာ နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဗိုလ်မှူးချုပ် စိုးမင်းထက် နေရာတွင် အသစ်ရောက်ရှိလာသည့် ၆ ဦးမြောက် တပ်မမှူးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ဆင်း နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး ညီညီဦး ဆိုသူ ဖြစ်သည်။
မြဝတီမြို့သိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် တပ်မဟာ ၆နယ်မြေအတွင်း တိုက်ပွဲများငြိမ်သက်နေသဖြင့် အသစ်ရောက်ရှိလာသည့် တပ်မမှူးအနေဖြင့် ကရင့်တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များဖြင့် ရင်မဆိုင်ရသေးပေ။
တပ်မမှူးအသစ် ဗိုလ်မှူးကြီး ညီညီဦးသည်လည်း ၎င်း၏ရှေ့မှ နောင်တော် တပ်မမှူး ၅ ဦး၏ လမ်းစဉ်အတိုင်း ရာထူးက ဖြုတ်ချခံရမလား၊ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးမလား၊ မည်ကဲ့သို့ ဇာတ်သိမ်းမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
Leave a Reply