ကျင့်ဖျင် ခေါင်းပေါ်ပါ တက်ထိုင်ပြလိုက်တဲ့ မြနန္ဒာအေးအောင်

(၁)

ရုတ်တရက် ဝင်လာပြီးပွဲကတယ်၊ ရှေ့တိုးပြီးလို့ ရတဲ့နေရာမှာ အထိုင်ချတယ်၊ ပြီးတော့ ခဏနားမယ်လို့ ခပ်တည်တည်ကြေညာတယ်၊ လာထိရင် ပြန်ထိမယ်လို့လည်း ပြောလိုက်သေးတယ်။ ကျန်း ဘယ်လောက် မခန့်လိုက်သလဲ၊ ရှိသေးတယ် ဒါကို ခေါင်းစဥ်တပ်တော့ ရှီကျင့်ဖင် လာပြောလို့ အားနာနာနဲ့ ခဏနားတာတဲ့၊ ခဏနားတာတောင် ရှိတာတွေနဲ့ အဲဘက် လှည့်ချိန်ထားတုန်း တဲ့။ တွေ့လား အာ့လို ခဏ နားတယ်ပြောတော့ အရင် ဟိုင်ဂင် တုန်းက နေရာထိ နောက်ပြန်ဆုတ်ပေး လိုက်ရလို့လား။ နေရာအစုံမှာ ရှေ့တိုး လာတာချည်းပဲ မဟုတ်လား။ ဒါတောင် ဒီတခေါက်နားရင် လေကာတွေ အသေအချာလုပ်မယ်လို့ ထုတ်ကြေညာ ပြလိုက်သေးတာ။ တွေ့လား မြနန္ဒာအေးအောင် အကွက်ရွှေ့ပုံက ဒီတခါ ရှီကျင့်ဖင် ခေါင်းပေါ်ပါ တက်ထိုင်ပစ်လိုက် တာနော်။

အခု ယူနန်ထဲက သန်းနဲ့ချီတဲ့ ကိုးကန့်နွယ်ဖွားတွေ ဒီဘက်ခြမ်းလာပြီး ဒီမိုကရေစီ အရသာကို မြည်းစမ်းချင်တယ်ဆို ရှီကျင့်ဖင် ဘာပြောမလဲ။ ယူနန် သမိုင်း နှစ် ငါးထောင်မှာ ပေကျင်းလက်အောက် ရောက်သွားတာ ဘယ်နှနှစ်ပဲ ရှိသေးလို့လဲ။ အဲဒီအထိ လိုက်တူးလိုက်ရင် စီစီပီက ဖုံးဖိထားတာတွေ အကုန်ပြန်ပေါ်လာမှာနော။ အဲလိုသာဆို Milk Tea Alliance မှာ ယူနန် ဂျန်ဇီးတွေ ပါလာတော့မှာ သေချာသွားပြီ။ ဘကုန်းမှာလည်း အခွင့်ထူးခံကိစ္စအတွက် ဂျန်ဇီးတွေ လမ်းမပေါ် ထွက်နေကြတယ် မလား။ Milk Tea Alliance ထဲ ဘကုန်းကို ထည့်လို့ရနေပြီ။ တခုရှိတာက ဘကုန်းမှာ အခွင့်ထူးခံ ဥပဒေအပေါ် ပြည်သူတွေလက်မခံ ဆန့်ကျင်ဆန္ဒပြနေတာကို ရခိုင်နယ်စပ်မှာ လူမျိုးရေး ဘာသာရေး ကလင်ဒါကျ တခု နဲ့ အာရုံလွှဲခံ လိုက်ရတာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့တော့ လိုမယ်ထင်တယ်။

ဦးဝင်းစိန်အောင် နယ်မြေ ထဲက လူငယ်တွေ သီရိလင်္ကာ ဒေဝါလီခံသွားရတဲ့ ရှီကျင့်ဖင်ရဲ့ ကလင်ဒါကျ ဇာတ်ညွှန်းအကြောင်း သေချာ နားလည်နေပြီ ဆိုရင်‌တော့ သံလွင်အရှေ့ခြမ်းမှာ မြစ်ဆုံလို ကျောက်ဖြူလို ရှီကျင့်ဖင် ထင်ရာလုပ်မယ့် စီမံကိန်းအသစ်တွေ ဖြစ်လာစရာ မရှိတော့ဘူး။ ဒါနဲ့ ယူနန်ထဲမှာလည်း ဦးဝင်းစိန်အောင် အမျိုးတွေ သန်းနဲ့ ချီ ရှိတယ်တဲ့ ဗျ။ လေကာဆိုလို့ ဆည်တော်ကြီး လကရ မှာ ပွဲကပြီးတုန်းက အပုံလိုက် ရလိုက်ထားတာတွေ ရှိနေတယ်နော်။ တခုရှိသေးတယ် အခုထက်ပို ခဏနားရမယ်ဆိုရင် မြနန္ဒာအေးအောင်က ရည်မွန်စကီး ဆီ ၆၁၁ ကို လက်ဆောင်ပေးလိုက်တာမျိုး ခဏငှားလိုက်တာမျိုးလည်း လုပ်လို့ရတာပဲ မဟုတ်လား။ ဒီကြားထဲ ချိုလက်က ညီနောင်သုံးဖော်နဲ့ ဇွန်းမီတင် တွေ့လိုက်ပါသတည်း ဆိုတာမျိုး သတင်းထွက်လာလို့ကတော့ နောက်နေ့ ဝမ်ယိက ညီနောင်သုံးဖော်ကို ပေကျင်းထိ လှမ်းခေါ်မှာ မြင်ယောင်မိသေး။ ပြောမယ့်သာ ပြောတာ ချိုလက်နဲ့ ဦးဝင်းစိန်အောင် နဲ့ တွေ့ပြီးကြပြီလား မသိ။

(၂)

မန်းလေးကို အကြောက်စောတယ်ပြောရင် အဲ့လူဟာ မန်းလေးအကြောင်း မသိသေးတဲ့သူပဲ။ အခု MDY-PDF ဆိုတာ မန်းလေးပြည်သူတွေကြောင့် ဖြစ်လာတာလေ။ မကြောက်လို့ အဲလောက်ကြီး အင်တိုက်အားတိုက်ကြီး ဖြစ်လာတာလေ။ ပြီးတော့ MDY-PDF ထဲမှာ ရှိနေတဲ့ ဂျန်ဇီးတွေအားလုံးက မန်းလေးမြို့ရဲ့ ဝင်ပေါက်ထွက်ပေါက် မလွယ်ပေါက်တွေ အကုန် သိထားပြီးတဲ့ သူတွေချည်းမဟုတ်လား။ မန်းလေးကို ပတ်ပတ်လည် ဘယ်ကဝင်လို့ရတယ်။ ဘယ်ကနေ ဘယ်ကိုသွားပြီး ဘယ်ကနေ ပြန်ထွက်သွားလို့ ရတယ်။ ဘယ်က အယောင်ပြပြီး ဘယ်ကနေ တကယ် ဝင်လာလို့ရတယ်။ အဲဒါမျိုးတွေကို မအလ က မန်းလေးသားတွေလောက် သိလို့လား။

မန်းလေးကို မဝင်ခင် စီစီတီဗီတွေကို ဘာလုပ်ထားရမယ်ဆိုတာလည်း သူတို့ သိထားကြတယ်။ မန်းလေးရဲ့ ဘယ်နေရာကို ဘယ်ကုမ္ပဏီက စီစီတီဗီ ဆင်ပေးခဲ့တယ်၊ လက်ရှိမှာ ဘယ်အပိုင်ကို ဘယ်အဖွဲ့က ဖိုက်ဘာကြိုး ဆွဲပေးနေသလဲ ဆိုတာလည်း မသိတာမဟုတ်။ ဒါမျိုးတွေကြောင့် မန်းလေး ပတ်ပတ်လည်မှာ ထိတွေ့မှုတွေတော့ ဆက်ရှိလာနိုင်တယ်။ တခါတရံ လျှပ်တပြတ် ပွဲဝင်တာမျိုးလည်း ရှိလာနိုင်တယ်။ မန်းလေးမြို့ လူထုကလည်း အဲဒါတွေ မျှော်နေတာကြာပြီ။ အဲလိုတွေ ဆက်တိုက်ဖြစ်လာပြီး မကြာခင် မန်းလေး အဝင်အထွက်ကို ဂေါဝန်ဆိပ် ကပဲ လုပ်လို့ရတော့တယ်ဆိုတာမျိုး စကစ ဆီက ကြားရတော့မှာ။ ဟုတ်တယ်လေ၊ မြို့ထဲက လေဆိပ်အဟောင်းက ချက်ခြင်းကြီး သုံးလို့မှ မရတာ။ တံတားဦးဆိုတာကလည်း ဒီနေ့လား နက်ဖန်လား သန်ဘက်ခါလား ဘာလား ညာလားပေါ့။ မန်းလေးက ရန်ကုန်လို အထပ်မြင့်တွေလည်း များတာမဟုတ်၊ မီးစက်ရှိရင် တွင်းရေတင်လို့ ရနေတာပဲကို။ မန်းလေးမှာ မီးပွိုင့် ဘယ်နှခု ရှိသလဲ၊ ဘယ်မီးပွိုင့်တွေမှာ ပရုပ်လုံး ဘယ်နှကောင် ထားသလဲ၊ ပွိုင့် စီစီတီဗီတွေ ဘယ်ဘက်လှည့်ထားသလဲ၊ ဒါတွေက အားလုံး သိထားတာပဲကို၊ မကြာခင် ဒရုန်းတွေမှာ မှုတ်ဆေးဖြန်းတာတွေ တပ်ပြီး ပွိုင့် စီစီတီဗီတွေကို မျက်စိမှိတ်ပေး တာတွေ ရှိလာတော့မှာ သေချာတယ်။

ပြီးတော့ မန်းလေးဟာ စစ်ကိုင်းရဲ့အမျိုး၊ ခွဲလို့ မရဘူး၊ မန်းလေးဟာ ရွှေဘိုရဲ့ အမျိုး၊ ခွဲလို့ မရဘူး၊ ပြီးတော့ မန်းလေးဟာ မုံရွာ မြင်းခြံ ကျောက်ပန်းတောင်း ပခုက္ကူ ပုဂံညောင်ဦး စတာတွေရဲ့အမျိုး၊ ခွဲမရဘူး၊ ပြောမယ်ဆို မန်းလေးဟာ တပြည်လုံးရဲ့ အမျိုး။ တပြည်လုံးက အမျိုးတွေ မန်းလေးမှာ အကုန်ရှိတယ်။ နွေဦးတော်လှန်ရေးအစ လှိုင်သာယယာ တုန်းကတောင် တလမ်းကို အရှည်ငါးလက် တရက် နှုပ်ခမ်းနီ တထောင်ပေးရင် ပြန်တွယ်မယ်လို့ ပြောခဲ့ကြတာလေ။ မန်းလေးကို အဲလိုသာ ပို့နိုင်လို့ကတော့ ဘာပြောကောင်းမလဲ။ ဒါနဲ့ ကျုံး အဝင်အထွက်ကရော ဘယ်နှပေါက်ရှိလို့လဲ။ တံတားခဏ လှပ်ထားရုံနဲ့ ကျုံးဆိုတာ ခြင်းထဲက ကြက် ဖြစ်သွားမှာ။ ခုနေ မန္တလေးမှာ ဆိုင်းလန့်စရွိုက် တိတ်ဆိတ်သပိတ် တရက်လောက် ထပ်လုပ်ပြလိုက်ရုံနဲ့ မအလ ဒူးတုန်သွားလိမ့်မယ်။ မန်းလေးမြို့ထဲက ထွေအုပ်ရုံး၊ လဝကရုံး၊ မြေတိုင်းရုံး၊ အခွန်ရုံး၊ စည်ပင်ရုံး၊ ရဲစခန်း ရဲကင်းတွေကို လေရာ တခုအနေနဲ့ မြေပုံပေါ် ကောက်တင်ပေးထားလိုက်တာနဲ့တင် အတော်ကြီးသိသာသွားမှာ။ သွပ်မိုးပဲ ရှိတဲ့ ရုံးတွေ စာရင်းက သပ်သပ်လုပ်ပေးလိုက်ပါ။ စကစ တပ်ဝိုင်းတွေရဲ့ ဝင်ပေါက်ထွက်ပေါက်တွေပါ မြေပုံပေါ် တင်ထားပြီး ဟေ့ ဆိုတာနဲ့ ဘယ်လမ်းတွေကို ဘယ်အချိန် ဘက်ဟိုး စကုပ်ထားရမလဲ အဲဒါပါ စ မှတ်ထားလိုက်ရင် မအလ ဘာတတ်နိုင်သေးလဲ။ သေချာကြည့်ရင် မန်းလေးမှာ လူဦးရ နှစ်သန်းရှိတယ်။ အဲဒီနှစ်သန်းစလုံးက နွေဦးတော်လှန်ရေးအတွက် ဘယ်နေရာ ဘယ်လိုကူရမလဲ ဆိုတဲ့သူချည်းပဲ။ နောက်ပြီး မန်းလေးဆိုတာ ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ရှီကျင့်ဖင်ပါးစပ်ထဲကနေ ကိုယ့်မြို့ကိုယ် ပြန်ဆွဲထုတ်ထားတဲ့ သူတွေနော်။ မန်းလေး ဇ က သိတဲ့ အတိုင်းပဲ။

(၃)

စဥ့်ကူးရပြီ သပိတ်ကျဥ်းဖက် ဆက်တိုးနေတယ်၊ တိုးမှာပေါ့ သပိတ်ကျဥ်းမှာ ဧရာဝတီက ဟိုဘက်ဒီဘက်လှမ်းကြည့်ရင် ပေထောင့်ခုနစ်ရာကျော်ပဲ အကျယ်ရှိတာကို။ မျက်စိထဲ မြင်အောင်ပြောရရင် ရန်ကုန် ဗိုလ်တထောင်ကမ်းနားကနေ ဒလဘက်ကမ်း လှမ်းကြည့်မယ်ဆို ပေ သုံးထောင့်ခုနစ်ရာတောင်ရှိတာလေ၊ သပိတ်ကျဥ်း ဟိုဘက်ကမ်း ဒီဘက်ကမ်းက ဗိုလ်တထောင် ဒလ ရဲ့ တဝက်တောင် မရှိပါဘူး၊ မြင်ပြီလား။ ဘာနဲလှမ်းပေါက်ပေါက် အဲလောက်က ထိတာပဲ။ သေချာလိုက်ကြည့်ရင် မြစ်ကျဥ်းတလျောက် အဲ့ထက်ကျဥ်းတဲ့နေရာတွေ အများကြီး ရှိသေးတယ်။ နောက်ဆို ‌ ဂေါ်ပြားတွေ သံခွံတွေ တက်လာလို့ကတော့ ဒိုက်ပုံဖောင်မှာ ချည်ထားတဲ့ ကြိုးဆွဲပေပါတွေနဲ့ တွေ့တော့မှာ။

ပြောရမယ်ဆို သပိတ်ကျဥ်း နဲ့ ပဇီကြီးရွာ က မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်း မျက်စောင်းထိုးမှာလေ၊ အဖြောင့်တိုင်းရင် ရှစ်မိုင်ပိုပိုပဲ ဝေးတာ။ ဒါနဲ့ သပိတ်ကျဥ်း ပြီးရင် ဘယ်ထိ ဆက်တက်မှာလဲ။ ဆက်တက်မှာပေါ့၊ အဲနေရာတွေက အမျိုးတွေချည်း ပါဆို တက်လို့ ရသလောက် ဆက်တက်ရမှာပေါ့။ သေချာတာကတော့ ရှုခင်းကောင်းတဲ့ တကောင်းတောင်ပေါ်အထိ ဆက်တက်ရမှာ။ ပြောရဦးမယ်၊ စဥ့်ကူး ဟိုဘက်ကမ်း ကျောက်မြောင်း ကိုပါ ရပြီဆို အဲ့ စဥ့်ကူး နဲ့ ကျောက်မြောင်း ကြားက ဧရာဝတီမြစ်ကူး တံတားကို မအလ က ဗူးသီလာချဖို့ ရှိလား၊ အဲဒါမျိုး ကတော့ မအလ ဆုံးဖြတ်မလား ရှီကျင့်ဖင် ဆုံးဖြတ်မလား ပဲနော်။ ရှီကျင့်ဖင်က နောက်ထပ် တံတားတစင်း ထပ်ရောင်းဖို့ ရှိတယ် ဆိုရင်တော့ ဗူးသီးချခိုင်းမှာပဲ။ ဒါလည်း သိပ်ကိစ္စမရှိပါဘူး။ ကျောက်ဖြူက မဒေးကျွန်းတို့ မုံရွာက လက်ပံတောင်းတောင်တို့ တကောင်းတောင်ပေါ်က နီကယ်စက်ရုံတို့ မြို့သာက ဆီမီးခုံဆပ်ကမ်းတို့ ကျရင်တော့ ရှီကျင့်ဖင်က ဗူးသီးချ ခိုင်းမလား မချခိုင်းဘူးလား ဆက်ကြည့်ရတာပေါ့။

စစ်သူကြီး ဗန္ဓုလက ရခိုင်ရိုးမကို ရက်တိုတိုနဲ့ ဖြတ်လာနိုင်တယ်ဆိုတာ ဘာကြောင့်လဲ တွေးကြည့်တော့ စစ်သူကြီး ဗန္ဓုလဆီမှ ဥ ထားတဲ့ အင်ဂျင်နီယာတပ် ကောင်းကောင်း ရှိခဲ့ပုံရတယ်။ အခု ကိုယ်တွေမှာလည်း ဒါမျိုးတပ်တွေ ရှိနေပြီးသားလို့ ပြောနိုင်တယ်။ တက္ကသိုလ်တွေကနေ စီဒီအမ်လုပ်သွားတဲ့ ဂျန်ဇီးတွေက နည်းမှ မနည်းတာကို။ ယူကရိန်း ဇာလင်စကီးက နွေဦး ရည်မွန်စကီးကို ဝါးတားဒရုန်းနည်းပညာ မျှဝေ ပေးလိုက်တယ် ဆိုတာမျိုး ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလေ နော်။ မော်ဒယ် အသေး နဲ့ ကတ်တလောက်လေး ပို့လိုက်ရုံနဲ့ ဒီမှာ ပြန် ပုံလောင်းထွင်းထု တာတွေ လုပ်လို့ရသွားပြီ။ ဒါနဲ့ ညောင်ဦးဘက် ပွဲကြီးကတဲ့ အခါကျရင်ကော မအလ က ပုဂံ ရှေးဟောင်းနယ်မြေ တဝိုက်ကို ဗူးသီး ချခိုင်းဦးမှာလား ဖြေကြည့်ကြပါဦး။

(၄)

သတင်းကောင်းလေးရှိပါ့။ ဂျိတ်ဆူလေဗန်က ပူတင်ကို နောက်ကွယ်က ‌ထောက်ပံ့နေတဲ့ ရှီကျင့်ဖင်ရဲ့ လက်ပွား နည်းပညာ ကုမ္ပဏီတွေ အပေါ် ဆန်ရှင်ချတော့မယ် တဲ့။ လုပ်သင့်တာ ကြာပြီပေါ့။ ကြည့်ပါလား ထရမ့် နားကို ဝီကနဲ ကပ်သွားတာ စဖြစ်တယ်၊ နောက်တော့ ဘိုင်ဒင် ကိုဗစ်ထိတယ်၊ ပြီးတော့ မိုက်ခရိုဆော့ဖ် ဘလူးစခရင်တွေ တက်လာတယ်၊ ဒါတွေက တိုက်ဆိုင်တာပဲလား။ လာဦးမယ် အကွက်ဆန်းတွေ လာလိမ့်ဦးမယ်။ စတော့ ဈေးကွက်ထဲမှာလည်း ရွှေရော ဒေါ်လာရော ရေနံရော ခရစ်ပတိုပါ အပြိုင်တက်သွားလို့ လေပတ်ကား စတော့ကုမ္ပဏီတွေက မန်ဘာအကောင့်တွေကို ပြန်မအမ်းနိုင်ကြတော့လို့ ဘလာဘလာတွေ ဖြစ်ကြသတဲ့။ ကမ္ဘာမှာ ဒီမိုကရေစီရေး နဲ့ ရှီကျင့်ဖင် အမွှေဇယား မလုပ်နိုင်အောင် ချုပ်ကွက်ချ ထားနိုင်ရေးကို တခုတည်း မဟုတ်သယောင် ခွဲတွေးနေကြတာ အတော်လွဲနေတယ်။ တကယ်တော့ ရှီကျင့်ဖင် အမွှေဇယား မလုပ်နိုင်အောင် ချုပ်ကွက်ချ ထားတာရယ် ကမ္ဘာအနှံ့ ဒီမိုကရေစီယဥ်ကျေးမှု ထွန်းကားလာအောင် လုပ်တာရယ်က အတူတူပဲမလား။ ဒီမိုကရေစီကို ငါနဲ့ မဆိုင်သယောင်လုပ်ပြီး ရှီကျင့်ဖင် အမွှေဇယားကို ချုပ်မယ်ပြောလာတာမျိုးကရော အဓိပ္ပါယ်ရှိရဲ့လား။

ဒီမှာလည်း ရှိတယ်၊ ရိုဟင်ဂျာအရေး ပြောရင် ဒီမိုကရေစီရေး မဟုတ်သယောင်၊ အသားဖြူနေရင်ပဲ ရိုဟင်ဂျာအရေး ဝင်လုပ်လို့ မရသယောင်၊ ဘာသာမတူရင်ပဲ ရိုဟင်ဂျာအရေး ဝင်လုပ်လို့ မရသယောင် မသိမသာရော သိသိသာသာပါ ကန့်သတ်နေတာတွေ ရှိနေတယ်။ တကယ်က ဒါတွေဟာ ဒီမိုကရေစီထွန်းကားရေး ခေါင်းစဥ်အောက်မှာ အတူတူတွေပါပဲ။ နောက်ရှိသေးတယ် တိုင်းရင်သား တန်းတူရေး တဲ့၊ ဖက်ဒရယ် ဒီမိုကရေစီရေး ဆိုရင် အဲဒီ တိုင်းရင်းသားတန်းတူရေးက ပါပြီးနေပြီ မဟုတ်ဘူးလား ဆိုတော့ အင်း အဲ နဲ့ တူတယ်ပြောရင် ဆင်ထားတဲ့ စားခွက်တွေ ပျောက်ကုန်တော့မယ့်ပုံစံနဲ့ ဒါမျိုးတွေက တော်လှန်ရေး အဓွန့်ရှည်ပါစေ ဆိုတဲ့ တတိယအုပ်စုတွေ ဖြစ်နေတာ တွေ့ရတယ်။ ပဋိပက္ခဆိုတာ မရှိလို့ မရဘူး မရှိရင် ငါတို့ ခွက်ပျောက်ပြီ ဆိုတာမျိုးပေါ့။ အာ့ကြောင့် မင်းက တိုင်းရင်သားအရေးမလား ဒါဆို ရိုဟင်ဂျာအရေး ဝင်မပြောနက် ဆိုတာတွေ ဖြစ်နေကြတယ်။ တယ်တော့ ရှီကျင့်ဖင် အမွှေဇယား မလုပ်နိုင်အောင် ချုပ်ထားရေး ရိုဟင်ဂျာအရေး နဲ့ တိုင်းရင်သားအရေးတွေ ဆိုတာ ဒီမိုကရေစီ ထွန်းကားရေး ခေါင်းစဥ်ကြီးအောက်က ခေါင်းစဥ်ခွဲလေးတွေပဲ ဖြစ်ပါတယ်။ သီးခြားတွေ မဟုတ်ကြပါဘူး။ နွေဦးတော်လှန်ရေးမှာတော့ တော်လှန်ရေး အဓွန့်ရှည်ပါစေ လာမလုပ်ကြပါနဲ့ လို့ပဲ ပြောရတော့ပါမယ်။

နောင်ချို ဒုံးတပ်ကနေ မိတ်အင်ပူတင် တာဝေးဒရုန်း ၆ စင်း မိတယ် တဲ့။ တစင်းကို ဒေါ်လာ တသိန်းကျော် တန်တယ် တဲ့။ အဲဒီ ပစ္စည်းတွေ မအလ လက်ထဲ ရောက်လာအောင် ဘယ်ကုမ္ပဏီတွေက ဘယ်လမ်းကြောင်းကနေ သွင်းလာသလဲပါ ဆက်လိုက်ရမယ်။ ဒီ ဒရုန်းသတင်းကို တွမ်အင်ဒရူးဆီ ပို့ရတော့မယ်။ ဒါနဲ့ စစ်ကိုင်းချောင်တွေ အထဲထိ ဧည့်စာရင်းလာစစ်တာတွေ ရှိနေသေးလား။ မန်းလေး ဘူတာကြီးဝင်းထဲကနေ မနက်စောစော တာယာမီးခိုးလေး ထွက်ပေးလိုက်ရုံနဲ့ ဘယ် စခန်းက ကားဘယ်နှစီးထွက်လာသလဲ၊ ဘယ်ရုံးက ဘယ်ဦးစီးတွေ ရုံးမလာတော့ဘူးလဲ စောင့်ကြည့်လို့ရပါတယ်။ ဝါးဖောင်ပေါ် သွပ်ပြားတင်ပြီး တာယာမီးခိုးလေး ထွက် မြောက်ဖက်နားက စမျှောပေးလိုက်တာနဲ့ ဘယ်နားကပ်ထားတဲ့ ဘယ်သင်္ဘောတွေက ဘယ်သူတွေ ဘယ်လိုပျာယာခပ်သလဲ စောင့်ကြည့်လို့ ရပါတယ်။

(၅)

မြနန္ဒာအေးအောင် လကုန်အထိ နားလို့ အကြီးကြီးစိတ်ပူစရာ မရှိပါ၊ စိတ်ပူစရာရှိရင် ရှိတယ်ဆိုပြီး ရည်မွန်စကီးက ချပြပါလိမ့်မယ်။ တော်လှန်ရေးအတွက် အခုထက်ပို ပါဝင်မယ်ဆိုရင်တော့ ဟန်းဆက်အဟောင်းဝယ်ပြီး အလှည့်ကျ ကလစ်လို့ ရပါတယ်။ တတ်နိုင်သလောက်အလှူငွေ ထည့်ဝင်လို့ရပါတယ်။ ‌သူငယ်ချင်းတွေ အမျိုးတွေဆီ မုန်းဖိုးလှည့်တောင်းပြီး တော့လည်း အလှူငွေထည့်ဝင်လို့ ရပါတယ်။ တိတ်ဆိတ်သပိတ် ဆိုင်းလန့်စရွိုက်တွေ ညာသံပေးတဲ့အခါ ပါဝင်ပေးကြပါ။ အာဇာနည်နေ့က ကားဟွန်းသံတွေ ရှိနေတာ တနိုင်ငံလုံးက ပီဒီအက်ဖ် ဂျန်ဇီးတွေအတွက် အလွန်ချိုမြိန်တဲ့ စိတ်ဓါတ်ခွန်အား ဖြစ်စေပါတယ်။ တော်လှန်ရေးအတွက် ပြည်သူမှာ ပြည်သူသာရှိတယ် ဆိုတာ ရှီကျင့်ဖင်ရော ပူတင်ပါ ကြောက်ရတဲ့ စကားပါ။ ဒီပွဲဟာ ဓမ္မက အဓမ္မကို ဖယ်ရှားတဲ့ ပွဲပါ ပြည်သူက အာဏာရူးကို ရုန်းထ တော်လှန်တဲ့ ပွဲပါ ရွာထဲဝင်လာတဲ့ ခွေးရူးကို နှစ်တလက်မတုတ် နဲ့ ရှင်းတဲ့ပွဲပါ။ အဲဒါကို ဘက်နှစ်ဖက် ပဋိပက္ခ ဖြစ်နေသလို ပုံဖော်တဲ့ မီဒီယာတွေကို သတိထားပါ။ အဲဒါကို နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ မြေဇာပင် ဖြစ်သယောင် ပုံဖော်တဲ့ မီဒီယာတွေကို သတိထားပါ။ ကိုယ့်နိုင်ငံကို ကိုယ့်ခြေကိုယ့်လက် နဲ့ပဲ ထူထောင်ရမှာပါ။ နိုင်ငံ ထူထောင်ရေးအတွက် သူတော်ကောင်းမိတ်ဆွေ အားလုံးကို ကြိုဆိုရမှာပါ။ ရှီကျင့်ဖင်ရဲ့ အကြွေးထောင်ချောက် ပေါ်လစီကို လက်မခံပါ တရုတ်ပြည်သူကတော့ မြန်မာပြည်သူရဲ့ မိတ်ဆ္ပေပါ။ ပူတင်ရဲ့ အမလ အတွက် လန ထောက်ပံ့နေတာ လက်မခံပါ။ ရုရှားပြည်သူကတော့ မြန်မာပြည်သူရဲ့ မိတ်ဆွေပါ။ ဒီလို ခွဲခြားရှုမြင်ရပါမယ်။

မအလ သက်တမ်းတိုးပါလိမ့်မယ်၊ အဲလို သက်တမ်းတိုးနိုင်ဖို့ ရှီကျင့်ဖင် နဲ့ ပူတင်က ဝိုင်းကူနေကြပါတယ်။ အခုအချိန်မှာ ရှီကျင့်ဖင် နဲ့ အမလ ဘာဖြစ်သယောင် ရေးနေတာတွေကို သွားမယောင်ကြပါနဲ့။ လူမိုက် နဲ့ လူမိုက် ရန်ဖြစ်တာမှာ ဘယ်လူမိုက်ကမှ သူတော်ကောင်းအတွက် မိတ်ဆွေ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေ ဆိုတာမျိုး လာအယုံသွင်းလို့ မရပါဘူး။ ခုချိန် ကုလ သမဂ္ဂမှာ အမလ ကို အရေးယူဖို့ အဆိုတင်ရင် ရှီကျင့်ဖင်က ဗီတိုနဲ့ ကာပေးဦးမှာပါ။ အမလ မျက်နှာပြောင်တိုက်ပြီး သက်တမ်းတိုးပါလိမ့်မယ်။ ဒါကို ရှီကျင့်ဖင် နဲ့ ပူတင်က မျက်နှာပြောင်တိုက်ပြီး ထောက်ခံပြပါလိမ့်မယ်။ ရှီကျင့်ဖင် နဲ့ ပူတင်သာ မအလ ကို အကာအကွယ် မပေးထားဘူးဆိုရင် နွေဦးတော်လှန်ရေး ပန်းတိုင်ရောက်တာ ကြာခဲ့ပါပြီ။ အခုထိ နွေဦးတော်လှန်ရေး ရုန်းကန်နေရဆဲ ဆိုတာ ရှီကျင့်ဖင် နဲ့ ပူတင်ကြောင့်ပါ။ ရှီကျင့်ဖင်က စီးပွားရေးပဲ စိတ်ဝင်စားပါတယ် လာပြောရင် အဲဒီဖရန့်ကို သတိထားပါတော့။ တတိယအုပ်စုဆိုတာ မြန်မာပြည်ကို ရှီကျင့်ဖင် ပါးစပ်ထဲ ထိုးထည့်နေတဲ့ သူတွေပါ။ ရှီကျင့်ဖင် ပျာယာခပ်နေတယ် ဆိုတာ နေရာတိုင်းမှာ မအလ ရှုံးနေလို့ပါ။ မအလ များ နိုင်နေရင် ပေကျင်းမှာ ကော်ဇောနီခင်းပြီး ကြိုပြပါလိမ့်မယ်။ ရှီကျင့်ဖက်ဟာ ရေငုပ်သင်္ဘောတစင်းလုံး မအလဆီ မျက်နှာပြောင်တိုက် ပေးခဲ့သူဆိုတာ မေ့မပစ်ကြပါနဲ့။

စာဖတ်သူများပြီး ဩဇာကြီးတဲ့ ဒီပလိုမက် မဂ္ဂဇင်းကနေ ရှီကျင့်ဖင် နဲ့ လာအို တပ်တွေဟာ ခါးပတ်တကွင်း လမ်းတစင်း ခေါင်းစဥ်တပ် ဖောက်ခဲ့တဲ့ ရထားလမ်းကို စစ်ရေးအတွက် အသုံးပြုနေတယ် ဆိုပြီး ဆောင်ပါးတပုဒ်တက်လာတာ တွေ့လိုက်ရပါတယ်။ အခု အလယ်ပိုင်းမှာ ပွဲကနေတာတွေက ရှမ်းမန်း စဆရ လို့ အမည်ရပါတယ်။ ရှမ်း(မြောက်)မန်း မဟုတ်ပါ။ ပြည်သူတွေအတွက် ဝမ်းမြောက်စရာ သတင်းတွေ ဆက်လာပါလိမ့်မယ်။ နည်းမျိုးစုံနဲ့ တော်လှန်ရေးကို ဝန်းရံထောက်ပံ့ရပါမယ်။ တော်လှန်ရေး သတိအဖြစ် မြို့ပေါ်မှာ နေနေဆဲဆိုရင် အကောင့် အစစ်တွေ နဲ့ သုံးတာ ရှောင်ကြပါ။ ဟန်းဆက် အပိုတလုံးဝယ်ပြီး အဲဒီအပိုဖုန်းနဲ့ ပဲ အသုံးပြုကြပါ။ ပြည်သူသည်သာအဓိက။

Lin Ko Ko


Comments

Leave a Reply

Your email address will not be published. Required fields are marked *