မန္တလေးအိမ်အပြန် (သို့မဟုတ်) သပြေညိုနှင့် ပြည်တော်ဝင်ခရီး

“မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်းနုပျိုလာသလို၊ မန္တလးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ”

အထက်ပါ စကားသည် တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့ စာအုပ်တွင် စာရေးဆရာကြီး မြသန်းတင့်၏ မှတ်ချက်ဖြစ်သည်။

မန္တလေးဟု ဆိုလိုက်လျှင် မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်အဖြစ် မြို့ရိုး၊ ကျုံး၊ နန်းတော် ၊ ရွှေပဟိုရ်စည်သံတို့ဖြင့် ဂန္ထဝင်ဆန်သော ပုံရိပ်များက မန္တလေး၏ အမှတ်သင်္ကေတအဖြစ် စိတ်ထဲစွဲသည်။ ယင်းကား မန္တလေး၏ အပြင်ပိုင်း သင်္ကေတဖြစ်ပေလိမ့်မည်။ ကိုလိုနီနယ်ချဲ့စနစ်ကို ရဲရဲရင့်ရင့် ရင်ဆိုင် ခုခံမှုများ၊ စစ်ကြီးများအကြား ရှင်သန်ထူထောင်မှုများ၊ ဘေးအန္တရာယ်များအကြား ရုန်းထမှုများ၊ စစ်အာဏာရှင်စနစ်တိုက်ပွဲ အဆက်ဆက်တွင် ပေးဆပ်ခဲ့သည့် မန္တလေးလူထု၏ သွေးသတ္တိစသည်တို့သာလျှင် မန္တလေး၏ နက်နဲသော အတွင်းကျကျ သင်္ကေတ (ဝါ) အဇ္ဇျတ္တ သင်္ကေတဖြစ်ပါသည်။

ဂန္ထဝင်ဆန်သော မန္တလေးသည် လူသားဆန်မှုတွင်လည်း ထိပ်ဆုံးကရှိသည်။ လူသားဆန်မှုကား အဘယ်နည်း။ ဖိနှိပ်သူတစ်ဦးတစ်စုက ဖိနှိပ်ခံလူထုကို အနိုင့်အထက်ပြုသည့် အခြေအနေအား တော်လှန်ခြင်းသည် လူလူချင်းကိုယ်ချင်းစရာကို အခြေခံသော၊ လူ့အခွင့်အရေးတို့ကို ဦးရွက်သော လူသားဆန်မှုကြီးဖြစ်သည်။

မန္တလေးသည် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်စသည့် လူလူချင်း အနိုင့်အထက်ပြုသော ဖောက်ပြန်သည့် ခေတ်စနစ်ဆိုးများကို တက်တက်ကြွကြွတိုက်ပွဲဝင်ခဲ့သည်။ ဂေါဝိန်ဆိပ်က တောက်ခေါက်သံများမှ အစပြု၍ နဝမအကြိမ် ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံအကြီးအလယ် စျေးချိုအနီး ၂၆ဘီလမ်းပေါ်က ရဟန်းရှင်လူ အာဇာနည် (၁၇) ဦး၏ သွေးမြေကျ စွန့်လွှတ်မှုများအထိ စသည့်သမိုင်းစာမျက်နှာများမှာ ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ခဲ့သည့် အထင်ကရ ပုံရိပ်များဖြစ်သည်။

ဆိုးရွားပြင်းထန်လှသည့် ဒုတိယကမ္ဘာစစ်ကြီးတွင်လည်း မန္တလေးသည် အရေးပါသော နေရာဖြစ်ခဲ့သည်။ ဖက်ဆစ်ဂျပန်တို့၏ မြန်မာပြည်စစ်မျက်နှာအတွင်း ရှုံးနိမ့်မှုသည် မန္တလေးတိုက်ပွဲက အဓိက ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။ မဟာမိတ်စစ်သည်များနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏ ဗမာ့တပ်မတော်သားများသည် မဟာမိတ်စစ်ခေါင်းဆောင်များ ချီးကျုးစရာကောင်းလောက်အောင်ပင် ရဲစွမ်းပြခဲ့သည်။ စစ်ကြောင့် မန္တလေးမြို့သည် အလွန်အထိနာခဲ့သည်။ မြန်မာမင်းနောက်ဆုံးနန်းတော်အပါအဝင် အဆောက်အအုံအများအပြား ပြာပုံအတိဖြစ်ခဲ့ရသည်။ လူထုမှာလည်း ဘေးလွတ်ရာသို့ ပြေးရကာ အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။ သို့သော် မန္တလေးသည် သေဆုံးမသွားချေ။ ရှင်ပြန်ထမြောက်လာသည်။

အကြောင်းမှာ မန္တလေးလူထုသည် မန္တလေးချစ်စိတ်ကို အခြေခံ၍ ပြန်လည်ထူထောင်ရေးကို ကြိုးစားအားထုတ်ခဲ့ကြသောကြောင့်ပင်။ စစ်ပွဲများကြား မီးခိုးအူနေသော မန္တလေးမြို့ပျက်ကြီးကို ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတွင်စစ်ရှောင်နေသော မန္တလေးသူ/သားများ မြင်တွေ့ခဲ့ရသည်။ ဒေသလွမ်းစိတ်ကို စိတ်ဓာတ်ခွန်အားအဖြစ်ပြောင်းသည်။ ယင်းစိတ်ခွန်အားကို ဂီတကပေးသည်။

” အခါတော်ရောက်ချိန် *နီးလို့လာပေ* ဒေါ်ဒေါ်မမနှမတို့ရေ * အသဲစွဲချစ်မိတ်ဆွေ ** ခေတ္တခွဲလို့နေ ** ”

အေဝမ်းဆရာညှာ၏ ရေးစပ်သီကုံးမှုကို မြို့မတေးဂီတအဖွဲ့က သံစဉ်ပြုသီဆိုသော ပြည်တော်ဝင်သီချင်းဖြစ်သည်။ ခွဲခွာနေရသော်လည်း တစ်နေ့တော့ အိမ်ပြန်ရောက်ရပေဦးမည်ဟု စိတ်အားတင်းကြသည်။

” မြို့မနှင့်အတူတကွ ** လိုက်ပါနိုင်စေ**

အောင်စည်ယွမ်းသံ* ကြားရင်ဖြင့် * ပြည်တော်ဝင်မယ်လေ*** ”

အောင်ပွဲခံရသည့်အခါ ဇာတိသို့သာ ပြန်ကြမည်ဟူသော စိတ်အင်အားသည် မန္တလေးလူထုတွင် စွဲထင်သွားပြီ။ အခြားမည်သည့်အရပ်ကိုမှ ထွက်ခွာသွားမည်မဟုတ်ကြတော့ ။ အပျက်အစီးများကြားကပင် မန္တလေးကို အကောင်းဆုံးပြန်လည်တည်ဆောက်ခဲ့သည်။ အချင်းချင်းကူညီရိုင်းပင်းခဲ့ကြသည်။ ထို့ကြောင့်ပင် မန္တလေးသည် နန်းအရောင်၊ ကြငှန်းရောင်တောက်ပြောင်လာသည်။

လူသာပဓာန ဖြစ်သည်။ လူဖြစ်လာလျှင်ကြုံရသော လောကဓံတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အကောင်းဆုံးပြန်လည်ကြိုးစားတည်ဆောက်ကြသည်။ တစ်ဦးနှင့်တစ်ဦး ဖေးမကြသည်။ ယင်းသည်လည်း ဂန္ထဝင်မန္တလေး၏ လူသားဆန်မှုပြယုဂ်ပင်။ မီးဘေး၊ရေဘေး စသည့် သဘာဝအန္တရာယ်များကိုလည်း ယင်းနည်းအတိုင်းပင် အကောင်းဆုံးကျော်ဖြတ်ကြသည်။

ခေတ်ဆိုးစနစ်ဆိုးများကို ရင်ဆိုင်တွန်းလှန်ရင်း အစွမ်းမသေးခဲ့သော မန္တလေးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ခေတ်ဆိုးကြီးကိုလည်း ရင်ဆိုင်အံတုခဲ့ကြရာ ဂုဏ်ယူအမှတ်အသားပြုစရာ များလှသည်။ အာဏာသိမ်းပြီးနောက် ကြောက်စိတ်၊စိုးရိမ်မှုတို့ဖြင့် ငုပ်လျှိုးနေသည့် လူထုကို မန္တလေးက ပုတ်နှိုးလိုက်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မန္တလေးမြို့၌ ဒေါက်တာတေဇာဆန်း ဦးဆောင်သည့် လူငယ်များက စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ နောက်ရက်များတွင်မူ ဆန္ဒပြလှုပ်ရှားမှုများ တစ်နိုင်ငံလုံးသို့ ကူးစက်ခဲ့ပါတော့သည်။

သတ္တိဂုဏ်ရောင်ပြောင်သော မန္တလေးလူထုကို စစ်အာဏာရှင်များကလည်း ရက်ရက်စက်စက်နှိမ်နင်းခဲ့သည်။ လက်နက်ဟူ၍ ဘာမှမပါသော လူငယ်များပြည်သူများကို ဦးခေါင်းကိုချည်းရွေးပစ်ခဲ့ကြသည်။ ရတနာပုံသင်္ဘောကျင်း အနီး စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် (၁၆ )နှစ်အရွယ် မောင်ဝေယံထွန်းလေး ကျဆုံးခဲ့ရသည်။ တရုတ်နွယ်ဖွား အသက် (၁၉ )နှစ်အရွယ် တိန်းကျားရှီ(ခေါ်) မကြယ်စင်လေး ကြွေလွင့်ခဲ့ရသည့် ရင်နင့်ဖွယ်ရာ ဖြစ်ရပ်သည် တစ်နိုင်လုံးရှိပြည်သူလူထု၏ နှလုံးသားကိုလှုပ်ခက်ခဲ့သည်။ မျက်ရည်စွေခဲ့ရသည်။ စစ်တပ်၏ အကြမ်းဖက်ရမ်းကားမှုများကြောင့် စိန်ပန်းရပ်ကွက်လေးမှာ အလောင်းချင်းထပ်ခဲ့ရသည်။ ဧရာဝတီရေအလျဉ်တွင် သွေးများ၊ မျက်ရည်များစီးမျောခဲ့။ မန္တလေးကား လက်သီးကိုဆုပ် ၊ အံကိုကြိတ်၊ တောက်ခေါက်ခဲ့။ ဒင်းတို့ မိစ္ဆာတတွေကို မန္တလေးက ကမ္ဘာမကြေ။

စစ်ကျွန်မခံလိုသော မန်းမြို့မှလူငယ်များသည် စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ရန် စီစဉ်ပြင်ဆင်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး(PDF) ကို အခက်အခဲပေါင်းများစွာကြားမှ တည်ထောင်ခဲ့ရသည်။ လူငယ်တို့၏ ပြင်းပြထက်သန်သော စိတ်ဓာတ်ကြောင့် ဝါရင့် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကလည်း အကူအညီများစွာပေးခဲ့သည်။ သင်ပြညွှန်ပြခဲ့ကြသည်။ နှစ်နှစ်ကျော်အချိန်တို အတွင်းမှာပင် မန္တလေး PDF သည် အင်အားကောင်းလာသည်။ ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ထုတ်ပြန်ထားမှုများအရ မန္တလေး PDF သည် လူအင်အားသာမက လက်နက်အင်အားတပ်ဆင်မှုမှာလည်း သာလွန်သည်။ တိုင်းရင်းသားအဖွဲ့များ၊အခြားတော်လှန်ရေးအင်အားစုများနှင့်လည်း မဟာမိတ်ဆက်ဆံမှုခိုင်မာသည်။ လူထုဆက်ဆံရေးတွင်လည်း ပြန်ကြားရေး၊စည်းရုံးရေးမှအစ စနစ်တကျနှင့် ခေတ်မီကျယ်ပြန့်သည်။

မြောက်ပိုင်းညီနောင် မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးတွင် မန္တလေး PDF တပ်ဖွဲ့၏ ပူးတွဲစစ်ဆင်မှုများကို သိရသည့်အခါ အမိန့်ပေးကွပ်ကဲမှူ ခိုင်မာသည့် စနစ်ကို ကောင်းစွာထူထောင်နိုင်သည်ကို သတိထားမိသည်။ ထို့ကြောင့်ပင် အောင်ပွဲများ ရခဲ့သည်။ ဇွန်လကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ပြန်စသော အခါ မန္တလေး PDF ဖွဲ့၏ တိုက်ရည်ခိုက်ရည်မှာ အထူးတိုးတက်လာခဲ့သည်။ ယခင်ကရွာကိုတိုက်ရာမှ ယခုမြို့ကိုတိုက်နိုင်သည်။ ယခင်က စစ်စခန်းငယ်များကို သိမ်းရာမှ ယခု စခန်းကြီး များ၊တပ်ရင်းများကို သိမ်းပိုက်လာနိုင်သည်။ ဇူလိုင်လ ၁၇ ရက်နေ့တွင် စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်သဖြင့် မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းခဲ့သောမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပေသည်။ စဉ့်ကူးမြို့သည် မန္တလေးမြို့ကြီးနှင့် မိုင်၅၀ ကျော်သာ ကွာတော့ သည်။ လက်ရှိတွင် စဉ့်ကူးအထက် သပိတ်ကျင်းနှင့် စဉ့်ကူးအောက် မတ္တရာမြို့နယ်များကို ဆက်လက်ထိုးစစ်ဆင်နေသည်။

စစ်ရေးလှုပ်ရှားမှုများ အရှိန်အားကောင်းနေသည့်အချိန်တွင် လူထုသပိတ်တိုက်ပွဲအရှိန်မြှင့်ရေးအတွက်လည်း မန္တလေး သပိတ်ခေါင်းဆောင်များကြိုးစားနေသည်။ ဇူလိုင်လ ၂၂ ရက်နေ့က လုံခြုံရေးအထူးတင်းကြပ်ထားသည့် မန္တလေးမြို့တွင် ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ပြောက်ကျားသပိတ်ဆင်နွှဲမှုကို တွေ့ရသည်။

မန္တလေး၏ စစ်ရေးနိုင်ငံရေး အဟုန်အရွေ့များကား ဆက်လက်မြင်တွေ့ရပေဦးမည်။ မန္တလေးလူထုသည် ဒေသချစ်စိတ်ပိုကြသည်။ ကိုယ့်ဒေသကို စစ်ကျွန်ဘဝမှ လွတ်မြောက်စေချင်သည်။ ကိုယ့်ဒေသကို တိုးတက်စေချင်ကြသည်။ ကိုယ့်ဒေသတွင် မတရားအနိုင်အထက်ဗိုလ်ကျမှုများ ပပျောက်စေချင်သည်။ ထို့အတွက်ကြောင့်ပင် စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုများကို ကြိုးစားအားထုတ်နေကြသည်။

မန္တလေးသည် ပြာပုံထဲမှ အခါခါပြန်ထကာ ရှင်သန်လာသည်။ ယခုတွင်လည်း မန္တလေးသည် စစ်ကျွန်ဘဝမှ ရုန်းထကာ ရှင်သန်တိုးတက်ပေလိမ့်ဦးမည်။ အတိတ်စာမျက်နှာများတွင် မည်သည့်အခြေအနေဆိုးများရှိကြပါစေ မန္တလေးသူ/သားတို့ အိမ်ကိုရောက်အောင် ပြန်ခဲ့ကြသည်။

ယခုတွင်လည်း မန္တလေးသူ/မန္တလေးသားတို့ ပြည်တော်ဝင်သီချင်းဆိုကာ အောင်ပွဲနှင့်အတူ အိမ်အရောက် ပြန်ကြပေဦးမည်။ အိမ်အပြန်ခရီးမှာ သပြေညိုပန်းတွေ ဝေဆာလို့၊ လန်းဆန်းလို့..။

မောင်ဘိုး


Comments

Leave a Reply

Your email address will not be published. Required fields are marked *